နိုဝင်ဘာ ၁၃ ရက် နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်မှုပြီးပါပြီ။
ဒီနေ့တစ်နေတာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေကို ပံ့ပိုးတယ်လို့ဆိုပြီး ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နဲ့ အဲဒီအဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်အချို့ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူ ပိတ်ဆို့မှု ပြုလုပ်လိုက်တဲ့သတင်းနဲ့အတူ နိုဝင်ဘာ ၁၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။
နိုဝင်ဘာ ၁၃ ရက် နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်မှုပြီးပါပြီ။
ဒီနေ့တစ်နေတာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
တုပ်ကွေးရောဂါဟာ ဗြိတိန်မှာ ဆောင်းရာသီတိုင်းလိုလို ဖြစ်ပွားလေ့ရှိပေမယ့် အခုနှစ်မှာ တစ်ခုခုကွဲပြားနေသလို ခံစားနေကြရပါတယ်။
ရာသီတုပ်ကွေးဟာ နွေမှာ ရုတ်တရက် သန္ဓေပြောင်းသွားခဲ့ပါတယ်။ လူ့ခန္ဓာကိုယ်ခံအားစနစ်ရဲ့ထိုးဖောက်မှုကနေ ရှောင်တိမ်းနိုင်ပုံရတဲ့ ဒီပိုးဟာ သာမန် တုပ်ကွေးဖြစ်တတ်တဲ့အချိန်ထက် တစ်လလောက်စောပြီး ဖြစ်လာပါတယ်။ သမိုင်းကြောင်းအရ ပိုမိုပြင်းထန်နိုင်တယ်လို့ ယူဆရတဲ့ တုပ်ကွေးအမျိုးအစားတစ်ခုလည်း ဖြစ်နေပါတယ်။
ချမ်းခိုက်တုန်ဆောင်းက ဒီတုပ်ကွေးကို ပိုလို့ ဆိုးလာမယ်စေနိုင်တယ်လို့ စိုးရိမ်ချက်ကြောင့် အခုဆိုရင် ဗြိတိသျှအမျိုးသားကျန်းမာရေးစနစ် (NHS) က "တုပ်ကွေး ကာကွယ်ဆေး ထိုးကြဖို့ အရေးပေါ် ပန်ကြားချက်" ထုတ်ပါတယ်။
တိတိကျကျ ဟောကိန်းမထုတ်နိုင်သေးပေမဲ့ တုပ်ကွေးဆိုင်ရာထိပ်တန်းပညာရှင်တွေကတော့ ဒီတုပ်ကွေးရာသီဟာ လွန်ခဲ့သော ၁၀ နှစ်အတွင်း အဆိုးဆုံးဖြစ်လာနိုင်ကြောင်း ပြောပါတယ်။
လန်ဒန်မြို့ Francis Crick Institute က ကမ္ဘာ့တုပ်ကွေးဗဟိုဌာနရဲ့ ညွှန်ကြားရေးမှူး ပါမောက္ခ Nicola Lewis ကတော့ "ဒီလိုဗိုင်းရပ်စ်မျိုးကို အရင်က မမြင်ခဲ့ရဘူးပါဘူး၊ ဒီအခြေအနေတွေက ထူးခြားနေတယ်" လို့ ပြောပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးသတင်းမှန်ပြန်ကြားရေး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နဲ့ ခင်ဦးမြို့နယ်အစပ်မှာ စစ်တပ်ရဲ့စစ်ကြောင်း စုဖွဲ့မှုပျက်တဲ့အထိ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က အဲဒီနှစ်မြို့နယ်အစပ်ကို ဒီနေ့ လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်အခြေအနေသိသူတွေက ပြောပါတယ်။
ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်အစပ်မှာ စစ်ကြောင်းထိုးလာတဲ့ တပ်မ ၃၃ တပ်က စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက မနေ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီနောက် ဒီနေ့ မွန်းလွဲပိုင်းမှာ စစ်တပ်က ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်အစပ်ကို မိနစ်ပိုင်းပဲခြားပြီး ဗုံးကြဲမှု ၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
လေကြောင်းဗုံးကြဲခံရတဲ့နေရာတွေနဲ့ အထိအခိုက်အပျက်အစီးအခြေအနေကို ဘီဘီစီက မေးမြန်းခဲ့ပေမဲ့ လုံခြုံရေးအခြေအနေကြောင့်လို့ ဆိုပြီး ပြောဖို့ အဲဒီအဖွဲ့က ငြင်းဆိုပါတယ်။
နိုဝင်ဘာ ၁၂ ရက်က ကန့်ဘလူမြို့ကနေ အင်အားရာချီရှိတဲ့ စစ်တပ်နဲ့ ဒေသအခေါ် ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ ခင်ဦးမြို့နယ်ထဲကို ဝင်ရောက်လာချိန်မှာ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တော်လှန်ရေးအဖွဲ့တွေနဲ့ သုံးနာရီ နီးပါးအကြာ တိုက်ပွဲအပြီးမှာ တပ်မ ၃၃ စစ်ကြောင်းကနေ စစ်ကြောင်းမှူး အပါအဝင် စစ်တပ်ဖွဲ့ဝင် ဦးရေ ၅၀ သေဆုံးပြီး စစ်သုံ့ပန်း ၁၅ ဦး ဖမ်းဆီးရမိတယ်လို့ ခင်ဦးသတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
စစ်တပ်ဖွဲ့ဝင် သေဆုံးအရေအတွက်နဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကြောင်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က ထုတ်ပြန်တာ မရှိသေးပါဘူး။
ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ အဲဒီတိုက်ပွဲမှာ တောလှန်ရေး ပူးပေါင်းတပ်တွေဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေ သိမ်းမိခဲ့တယ်လို့ပြောပြီး တိုက်ခိုက်ခံရတဲ့စစ်ကြောင်းဟာ တပ်စုဖွဲ့မှု ပျက်သွားပြီးနောက် တချို့ စစ်တပ်ဖွဲ့ဝင်တွေက ဝက်တိုးရွာ အထိုင်စခန်းကို ပြန်ဝင်သွားတယ်လို့လည်း ဆိုပါတယ်။
စစ်ကော်မရှင် စစ်ကြောင်းကို ကန့်ဘလူခရိုင်ပကဖ အထူးလှုပ်ရှားတပ်ရင်း၊ ရေဦးမြို့နယ်ပကဖ ဓူဝံအဖွဲ့၊ ရွှေဘိုခရိုင်အမှတ် ၃ တပ်ရင်း-ခင်ဦး၊ အမှတ်၂၅တပ်ရင်း-တန့်ဆည် နှင့် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်တာလို့လည်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း - မြိုင်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာနားမှာ စစ်ကော်မရှင်တပ်စစ်ကြောင်း ထွက်သွားခဲ့ပြီးတဲ့နောက် သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ မြိုင်မြို့နယ် အခြေစိုက် အရပ်ဘက်အဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
အသတ်ခံရသူတွေဟာ ရွာတန်းရှည်ကျေးရွာကနေ စစ်တပ်က ဖမ်းဆီးသွားတဲ့သူတွေဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက်မှာ အလောင်းတွေကို တွေ့ခဲ့တာလို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောပါတယ်။
သေဆုံးရုပ်အလောင်းတွေမှာ ဓားဒဏ်ရာတွေလည်းတွေ့ရပြီး နှိပ်စက်ခံရပြီး မြိုင်ပကဖ တာဝန်ရှိသူက ပြောပါတယ်။
အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း - မြိုင်ကလည်း အသတ်ခံရသူတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်သူတွေမဟုတ်ဘဲ တောင်သူလုပ်ပြီး နွားအရောင်းအဝယ် လုပ်နေသူနဲ့ လက်လုပ်လက်စား အလုပ်သမားတွေလို့လည်း ထုတ်ပြန်ထားပါတယ်။
မြိုင်မြို့နယ်က အခြေအနေတွေကို ဖော်ပြနေတဲ့စာမျက်နှာတွေမှာတော့ အသတ်ခံရသူတွေဟာ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၃၀ ကျော်အရွယ်အမျိုးသမီးတစ်ဦး ဖြစ်တယ်လို့ သတင်းဖော်ပြပါတယ်။
ဒီလူတွေဟာ နိုဝင်ဘာ ၁၂ ရက်တုန်းက ဝက်ပုတ်ရွာကို စစ်ကြောင်းထိုးချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်အပြီးမှာ ရွာတန်းရှည်က ဖမ်းဆီးလာသူတွေကို သတ်ဖြတ်ခဲ့တာလို့ မြိုင် ပကဖ ဘက်က ပြောပါတယ်။
အင်အားရာချီပါတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ နိုဝင်ဘာ ၆ ရက်မှာ မြိုင်မြို့နယ်ထဲက အရပ်အခေါ် ပျူစောထီး(ပြည်သူ့စစ်)ရှိတဲ့ သရက်ကန်ရွာကို ရောက်လာခဲ့ပြီးတဲ့နောက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် သရက်ကန်ရွာကနေ စက်မှု ၂၊ ဝက်ပုတ်ရွာတို့အထိ စစ်ကြောင်းဆက်ထိုးချိန်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ကာကွယ်ရေးတပ်တွေဘက်ကတော့ အဲဒီစစ်ကြောင်းဟာ တပ်မ ၉၀ က ဖြစ်ပြီး စစ်ကြောင်းအပြင် လေကြောင်းတိုက်ခိုက်တာတွေ၊ နေအိမ်မီးရှို့တာတွေရှိတာကြောင့် ကျေးရွာပေါင်း ၆ ရွာက ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့လည်း ပြောပါတယ်။
စစ်ကော်မရှင်ကတော့ မြိုင်မြို့နယ်ထဲက အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်သမိုင်းမှာ အရှည်ကြာဆုံးဖြစ်ခဲ့တဲ့ ၄၃ ရက်ကြာ အစိုးရယန္တရားလည်ပတ်မှုကို ရပ်ဆိုင်းလိုက်တဲ့ ယာယီဘဏ္ဍာငွေ အသုံးစရိတ်ဥပဒေကြမ်းကို သမ္မတထရမ့်က နိုဝင်ဘာ ၁၂ ရက်မှာ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
ဒီယာယီဥပဒေကို သမ္မတထရမ့် လက်မှတ်ထိုးလိုက်ပြီဖြစ်လို့ လုပ်ငန်းရပ်ဆိုင်းထားလို့ လစာမရဘဲ အလုပ်နားနေရတဲ့ ဖက်ဒရယ်အစိုးရဝန်ထမ်းထောင်နဲ့ချီလည်း လုပ်ငန်းခွင်ပြန်ဝင်ရတော့မှာဖြစ်ပါတယ်။
ဒါပေမဲ့ အစိုးရယန္တရားအားလုံးလည်း ပြန်လည်ပတ်နိုင်ဖို့တော့ အချိန်ယူရဦးမယ့်အခြေအနေဖြစ်ပါတယ်။
ယာယီဘဏ္ဍာငွေ အသုံးစရိတ်ဥပဒေကြမ်းကို အောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့က မဲ ၂၂၂ - ၂၀၉ မဲနဲ့ အတည်ပြုခဲ့ပြီး နာရီပိုင်းအကြာမှာ အထက်လွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။
အခုတော့ နိုင်ငံတွင်းရပ်တန့်နေတဲ့ စားနပ်ရိက္ခာအကူအညီထောက်ပံ့ရေးလုပ်ငန်းတွေနဲ့ နိုင်ငံတစ်ဝန်း လေကြောင်းသွားလာမှုလုပ်ငန်းတွေကတော့ လည်ပတ်ဖို့ အချိန်ယူရဦးမှာဖြစ်ပါတယ်။ Federal Aviation Administration (FAA) ဖက်ဒရယ်လေကြောင်းလုပ်ငန်းဟာ ဝန်ထမ်းများ အလုပ်ရပ်ဆိုင်းမှုကြောင့် လုပ်ငန်းလည်ပတ်မှုအများစုနဲ့ ခရီးစဥ်တွေ ရပ်ဆိုင်းခဲ့ရပါတယ်။
ယာယီအသုံးစရိတ်ဥပဒေကြမ်းအရ ပေါ်ထွက်လာတဲ့ အစိုးရအတွက် အခုရန်ပုံငွေဟာ ဇန်နဝါရီ ၃၀ ရက်အထိ သာ အကျုံးဝင်မှာဖြစ်ပါတယ်။
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးကလည်း ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးသည့် ကြားကာလ (lapse in appropriations) ပြီးဆုံးသွားပြီဖြစ်လို့ ပုံမှန်လုပ်ငန်းဆောင်တာများ အပြည့်အဝ ပြန်လည် လည်ပတ်ပြီလို့ ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
''စိတ်ရှည်သည်းခံပေးမှုအတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် လည်ပတ်မှုအခြေအနေဆိုင်ရာ နောက်ဆုံးရသတင်းအချက်အလက်များကို မကြာမီ ပိုမိုမျှဝေနိုင်ရန် မျှော်လင့်ထားပြီး mm.usembassy.gov မှာကြည့်ရှုနိုင်ပါသည်''လို့ ကြေညာထားပါတယ်။

အင်ဒိုနီးရှားမြို့တော် ဂျာကာတာဟာ ကမ္ဘာမှာ အမြန်ဆုံးမြေကြီးထဲကျွံဝင်လာတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
စင်္ကာပူနန်ယန်းတက္ကသိုလ် (NTU) ရဲ့ လေ့လာချက်အရ ရန်ကုန်မြို့ရဲ့ မြို့နယ်တချို့ကလည်း ၂၀၁၄ ခုနှစ် ကနေ ၂၀၂၀ ခုနှစ်အတွင်း တစ်နှစ်ကို ၀.၀၁ စင်တီမီတာကနေ ၇.၅ စင်တီမီတာအထိ နိမ့်ဝင်လာနေတယ်လို့ ဆိုပါတယ်။
ဘီဘီစီရဲ့ ခန့်မှန်းတွက်ချက်မှုအရ တစ်နှစ်ကို ပျမ်းမျှ ၁ စင်တီမီတာကျော် နိမ့်ဝင်နေတဲ့ နေရာတွေမှာ လူ ၉၅၀,၀၀၀ လောက် နေထိုင်နေကြပါတယ်။
ရန်ကုန်မှာ ဘယ်မြို့နယ်က မြေနိမ့်ဝင်မှု အမြန်ဆုံးဖြစ်နေတဲ့မြို့နယ်ပါလဲ၊
မြေအောက်ရေ ထုတ်ယူမှုကြောင့် ကမ္ဘာ့မြို့ကြီးတွေရဲ့ မြေတွေ နိမ့်ဆင်းကျွံကျမှုဖြစ်နေတဲ့အကြောင်း ရုပ်မြင်အထူးပြုလုပ်ချက်တွေနဲ့ ဘီဘီစီ အထူးဆောင်းပါးကို ဖတ်ရှုနိုင်ပါပြီ။
ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screen Grab
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ သရက်ညိုကျေးရွာထဲက ခွေးစောင့်ရှောက်ရေး တိဂေဟာ တည်ထောင်သူ အမျိုးသမီးတစ်ဦးဟာ အလုပ်သမား မိန်းကလေးငယ်ကို ရိုက်နှက်မှုနဲ့ မှော်ဘီရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ ဂေဟာနဲ့နီးစပ်သူက ပြောပါတယ်။
တိဂေဟာပိုင်ရှင်အမျိုးသမီးကို ရဲစခန်းက နိုဝင်ဘာလ ၁၂ ရက်မှာ လာရောက်ဖမ်းဆီးသွားတာလို့လည်း သူက ပြောပါတယ်။
ရိုက်နှက်ခံရသူအမျိုးသမီးဟာ ခွေးဂေဟာမှာ ခွေးစာကျွေးသူဖြစ်ပြီး အသက် ၁၃ နှစ်အရွယ်ဖြစ်တယ်လို့ သူက ဆိုပါတယ်။
မိန်းကလေးငယ်ဟာ ရိုက်နှက်ခံရလို့ အဲဒီဂေဟာကနေ ထွက်ပြေးချိန် ရပ်ကွက်အုပ်ချုပ်ရေးမှူးက တွေ့ရှိပြီး ဒဏ်ရာတွေကြောင့် မှော်ဘီဆေးရုံကို ပို့ပေးခဲ့တယ်လို့ အခြေအနေသိရှိသူကပြောပါတယ်။
ဟင်းခိုးစားတာကြောင့် မိန်းကလေးငယ်ကို ရိုက်နှက်ခဲ့တာလို့ ဖမ်းဆီးခံရသူရဲ့ခင်ပွန်းဖြစ်သူက ပြန်ပြောပြတယ်လို့ သတင်းရင်းမြစ်က ပြောပေမဲ့ ဒီအချက်ကို ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
မိန်းကလေးကို ရိုက်နှက်တာကြောင့် ဖမ်းဆီးခံရသူဟာ ခွေးလေခွေးလွင့်တွေကို ထိန်းသိမ်း စောင့်ရှောက်နေတဲ့ မေအိ & Kids Animals Lover တိဂေဟာကို တည်ထောင်သူလို့လည်း သူက ပြောပါတယ်။
ရိုက်နှက်ခံရတဲ့မိန်းကလေးဟာ ဒဏ်ရာတွေကြောင့် လက်ရှိမှာ မှော်ဘီဆေးရုံကနေ ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်း ကုသမှုခံယူနေရတယ်လို့လည်း သိရပါတယ်။
အခုသတင်းနဲ့ပတ်သက်ပြီး ဘီဘီစီက မေအိ & Kids Animals Lover ခွေးစောင့်ရှောက်ရေး ဂေဟာကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, အာရက္ခပြည်သူ့ကျန်းမာရေးဌာန
ချင်းပြည်နယ်၊ အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ပလက်ဝခရိုင်ထဲမှာ လူ ၃၀၀ ဝန်းကျင်ဟာ ပြင်းထန်ဝမ်းပျက်ရောဂါ ကူးစက်ခံရပြီး အဲဒီထဲက လူ ၃၀ ဟာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရတယ်လို့ အေအေ ပြည်သူ့ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
အဲဒီရောဂါဟာ ပလက်ဝခရိုင်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ လုံတလိုင်ခရိုင်၊ ကာကီ၊ တွီတင်း၊ လုံးတင်း ကျေးရွာတွေကနေ အစပျိုး ကူးစက်လာတာဖြစ်တယ်လို့ နိုဝင်ဘာ ၁၂ ရက် ထုတ်ပြန်ချက်က ဆိုပါတယ်။
ပလက်ဝနယ်ထဲ လူရာချီ ဝမ်းပျက်ရောဂါဖြစ်ပွားမှုဟာ သီတင်းတစ်ပတ်အတွင်းဖြစ်လာတာလို့ မြေပြင်အခြေအနေသိရှိတဲ့ ရခိုင်သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
“ပလက်ဝမှာ အိမ်တွေက ခြံခတ်တာ နည်းတယ်။ အိမ်တိုင်းစေ့မှာလည်း အိမ်သာမရှိဘူး။ အပေါ့ အလေးလည်း ကြုံသလို သွားကြတော့ ကူးစက်ဖို့ အန္တရာယ်က ပိုများသွားတာ”လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ အတွင်းလူနာအဖြစ် ကုသခံနေရသူတွေလည်း ပြန်သက်သာလာပြီလို့ သူက ဆိုပါတယ်။
အေအေ ကျန်းမာရေးဌာနကတော့ ပြင်းထန်ဝမ်းရောဂါ ကူးစက်ခံရသူတွေကို အရေးပေါ် တုန့်ပြန်ရေးဖွဲ့စည်းပြီး ပလက်ဝခရိုင် ဒေသအဖွဲ့အစည်းတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆေးကုသရေးတွေ၊ ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပလက်ဝခရိုင်နဲ့ ဆက်စပ်နေတဲ့ ဒေသတွေကိုပါ ပြင်းထန်ဝမ်းပျက် ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ဆေးတွေ တိုက်ကျွေးတာ၊ အသိပညာပေး လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေပြီး ကူးစက်မှုနှုန်း လုံးဝမရှိတော့တဲ့အထိ ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။
ကျားဖြန့်လုပ်ငန်းတွေကို ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်လိုက်တဲ့အပေါ် DKBA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် စောစိန်ဝင်းက အခုလို တုံ့ပြန်ပါတယ်။
"ဆန်ရှင်လုပ်တာနဲ့ပတ်သက်ပြီး ဘာမှပြောစရာမရှိပါဘူး။ ကျွန်တော်တို့ကတော့ ကိုယ့်ဒေသမှာ ကျားဖြန့်ကင်းစင်ရေးကို တဖြည်းဖြည်းပြန်ပို့တာတွေကို ပုံမှန်ပဲလုပ်ဆောင်နေပါတယ်။ အဓိကတော့ ကျားဖြန့်က တရုတ်ပြည်ပြန်လွှဲပြောင်းတယ်။ ထုတ်ဖော်တဲ့အခါမှာ တိတိကျကျ တကယ်လုပ်ဆောင်တဲ့သူတွေပဲ အရေးယူနိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒါနဲ့ဆက်စပ်ပြိး ဝါးလုံးရှည်ယမ်းတဲ့ အခင်းအကျင်းမျိုး၊ မဆိုင်တဲ့သူပါ၊ ထိခိုက်နစ်နာတဲ့အခင်းအကျင်းမျိုး မဖြစ်စေချင်ဘူး" လို့ ပြောပါတယ်။
အမေရိကန်ရဲ့နိုဝင်ဘာ ၁၂ ရက် ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဒီနေ့ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ စောစိန်ဝင်းကို ဆက်သွယ်မေးမြန်းချိန်မှာ သူက အခုလိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်။
အမေရိကန် ထုတ်ပြန်ချက်အရ အရေးယူပိတ်ဆို့ခံရတဲ့ DKBA ထိပ်ပိုင်းခေါင်းဆောင် ၃ ဦးထဲမှာ စောစိန်ဝင်းလည်း ပါဝင်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DKBA
ကရင် လက်နက်ကိုင်တပ် တစ်တပ်ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (ဒီကေဘီအေ)နဲ့ အဲဒီအဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေကို မြန်မာမှာ ကျားဖြန့်စင်တာတွေကိုလည်ပတ်နိုင်အောင် ထောက်ပံ့မှုနဲ့ ပိတ်ဆို့ဒဏ်ခတ်မှု ပြုလုပ်လိုက်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာပါတယ်။
ဒီကေဘီအေ ခေါင်းဆောင်တွေဖြစ်တဲ့ စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင်တို့ကို အရေးယူ ဒဏ်ခတ်ပိတ်ဆို့တဲ့စာရင်းထဲ ထည့်လိုက်တာလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ပပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး(OFAC) က နိုဝင်ဘာ ၁၂ ရက်မှာကြေညာပါတယ်။
ဒီကေဘီအေအဖွဲ့နဲ့ ခေါင်းဆောင်တွေဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ထောက်ပံ့ရင်း အမေရိကန်နိုင်ငံသားတွေကို ဒေါ်လာ သန်းထောင်ချီ ဆုံးရှုံးမှုဖြစ်နေစေတယ်လို့ အမေရိကန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“မြန်မာက ရာဇဝတ်ကွန်ရက်တွေဟာ အလုပ်ကြိုးစားလုပ်ကိုင်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေကို ကျားဖြန့်လုပ်ငန်းတွေကနေတဆင့် ဒေါ်လာသန်းထောင်ချီ လိမ်လည်ခိုးယူနေကြတယ်။ ပြီးတော့ ဒီကွန်ရက်တွေကပဲ မြန်မာမှာ လက်ရှိဖြစ်နေတဲ့ ရက်စက်လှတဲ့ပြည်တွင်းစစ်ကို မီးစထိုးပေးနေတယ်။ ဒီ ရာဇဝတ်သားတွေကို တတ်နိုင်နဲ့ နည်းလမ်းမှန်သမျှနဲ့ နှိမ်နင်းသွားမယ်” လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန အကြမ်းဖက်မှုနဲ့ ဘဏ္ဍာရေးထောက်လှမ်းမှုဆိုင်ရာ ဒုတိယဝန်ကြီး ဂျွန် ကေ ဟာလေ က ပြောပါတယ်။
မြန်မာအပါအဝင် လာအိုနဲ့ ကမ္ဘောဒီးယားကို အာရုံထားပြီး အရှေ့တောင်အာရှက ကျားဖြန့်စင်တာတွေကို ဖျက်ဆီး၊ တရားစွဲဆိုတာနဲ့ စုံစမ်းစစ်ဆေးတာတွေလုပ်ဖို့ ကျားဖြန့်စင်တာနှိမ်နင်းရေးလုပ်ငန်းအဖွဲ့ကို အမေရိကန် ထောက်လှမ်းရေးအဖွဲ့အပါအဝင် အစိုးရအေဂျင်စီတွေ စုပေါင်းဖွဲ့စည်းလိုက်ပြီလို့လည်း ထုတ်ပြန်ပါတယ်။
အမေရိကန်က အခုပိတ်ဆို့ ဒဏ်ခတ်မှုပြုလုပ်လိုက်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းထဲမှာ ထိုင်းကုမ္ပဏီတစ်ခုနဲ့ ထိုင်းနိုင်ငံသားတစ်ဦးလည်းပါဝင်ပါတယ်။
ဒီလို ပိတ်ဆို့ဒဏ်ခတ်မှုပြုလုပ်လိုက်တာကြောင့် ပိတ်ဆို့ဒဏ်ခတ်ခံ လူပုဂ္ဂိုလ်တွေရဲ့အမေရိကန်က ပိုင်ဆိုင်မှုတွေ၊ အမေရိကန်ထိန်းချုပ်စီမံမှုအောက်က ပိုင်ဆိုင်မှုတွေနဲ့ ဒီလူပုဂ္ဂိုလ်တွေနဲ့ ၅၀ ရာခိုင်နှုန်းအထိ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်စီးပွားရေးလုပ်သူတွေလည်း ပိတ်ဆို့ခံရမှာဖြစ်ပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ကျားဖြန့်နဲ့ဆက်နွှယ်တယ်ဆိုပြီး ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်နဲ့ သားနှစ်ဦးတို့ကို အခုနှစ် မေလမှာ ဒဏ်ခတ်ပိတ်ဆိုမှု ပြုလုပ်ထားပါတယ်။

သောင်းနဲ့ချီတဲ့ တရုတ်ပင်စင်စားတွေဆီကနေ ခိုးယူရရှိငွေနဲ့ ပေါင်ငွေ ဘီလျံချီတန်ဖိုးရှိ ခရစ်တိုငွေကြေးဝယ်ယူခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ငွေကြေးခဝါချမှုနဲ့ ထောင်ဒဏ် ၁၁ နှစ်နဲ့ ၈ လ ချမှတ်ခံလိုက်ရပါတယ်။
တရုတ်ကနေ ထွက်ပြေးလာခဲ့တဲ့ ဒီအမျိုးသမီးဟာ လန်ဒန်မြောက်ပိုင်းက လူကုံထံတွေ နေထိုင်ရာ ဟမ်းစတက်အရပ်က အိမ်ကြီးဆီကို ပြောင်းရွှေ့ အခြေချနေထိုင်ခဲ့ပါတယ်။
ဒီနေရာကို ပြောင်းလာပြီးနောက် တစ်နှစ်အကြာမှာ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒီစီးနင်းမှုမှာ ကမ္ဘာ့အကြီးဆုံး ခရစ်တိုငွေကြေး ဖမ်းဆီးရရှိမှုထဲက တစ်ခုဖြစ်လာပါတယ်။
ခေတ်မီ ကျန်းမာရေးထုတ်ကုန်တွေ စမ်းသပ်ထုတ်လုပ်တာနဲ့ ခရစ်တိုငွေကြေး ကစားတယ်လို့ ဖော်ပြထားတဲ့ သူ့ရဲ့ကုမ္ပဏီမှာ တရုတ်နိုင်ငံသား ၁ သိန်းထက်မနည်း ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။
လက်တွေ့မှာတော့ သူက ငွေကြေးအလွဲသုံးစားလုပ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
Blued နဲ့ Finka ဆိုတဲ့ တရုတ်က လိင်တူကြိုက်သူ အမျိုးသားတွေကြား ချစ်သူရှာတဲ့ လူသိအများဆုံး အက်ပ် နှစ်ခုကို တရုတ် အက်ပ်စတိုးတွေကနေ ဖယ်လိုက်ပြီ ဆိုပြီး အက်ပဲလ်က အတည်ပြုပါတယ်။ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်အရ လုပ်တာလို့လည်း ပြောပါတယ်။
"သက်ဆိုင်ရာ နိုင်ငံရဲ့ ဥပဒေကို လိုက်နာတဲ့အတွက် တရုတ် ဆိုက်ဘာစပေ့စ် အုပ်ချုပ်ရေးရဲ့ အမိန့်အရ ဒီအက်ပ်တွေကို တရုတ်နဲ့ဆိုင်တဲ့ အက်ပ်စတိုးအတွက်ပဲ ဖယ်ရှားလိုက်ကြောင်း " အက်ပဲလ် ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။
ဒီလုပ်ရပ်ကြောင့် တရုတ် လိင်တူချစ်သူတွေကြား စိုးရိမ်မှုတွေ တိုးလာစေပါတယ်။
ဝါရှင်တန်က တရုတ်သံရုံးနဲ့ ဒီအက်ပ်တွေကို ထုတ်တဲ့ ကုမ္ပဏီတွေဆီ မှတ်ချက်ပေးဖို့ ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Lin Na
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဖြစ်ပွားခဲ့တဲ့ မြန်မာအချင်းချင်း ဘတ်ငွေ ၁၀ သန်း ဖောက်ထွင်းခိုးယူမှုက ကျူးလွန်သူတွေကို အနည်းဆုံးပုဒ်မ ၃ ခုနဲ့ အရေးယူအမှုဖွင့်ထားတယ်လို့ မြို့တော်ရဲတပ်ဖွဲ့ ( ဘန်ကောက်) က နိုဝင်ဘာ ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဥ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်က ဘန်ကောက်မြို့ က မြန်မာတွေ အနေများတဲ့ ဖက်ခနုံအရပ်ထဲက ရပ်ကွက်တစ်ခုမှာ ဖွင်လှစ်ထားတဲ့ မြန်မာအလုပ်သမား ဗီဇာတိုးဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာဖြစ်ခဲ့တာပါ။
အဲဒီလုပ်ငန်းဖွင့်လှစ်ထားတဲ့ရုံးခန်းက ငွေတွေကို သူရဲ့ မိတ်ဆွေ ၃ ဦးက ပူးပေါင်းကြံစည်ပြီး ခိုးယူခဲ့တာလို့ ငွေခိုးယူခံရတဲ့လုပ်ငန်းပိုင်ရှင်က သူ့ရဲ့ လူမှုကွန်ရက်ကနေ ပြောထားပါတယ်။
ကျူးလွန်သူတွေဟာ ပုံမှန်အခန်းကို လာလည်နေကျသူတွေဖြစ်တာကြောင့် ကွန်ဒိုတိုက်ခန်းသော့ကို ပေးထားခဲ့ပြီး အခန်းထဲ ဝင်လို့ရတဲ့ စကားဝှက်ကို မပြောခဲ့ပေမဲ့ ငွေထားတဲ့အခန်းကိုတော့ လသာဆောင်တံခါးကို ဖျက်ပြီး ဝင်ရောက်ခိုးယူခဲ့ကြတာလို့ ခိုးယူခံရသူလုပ်ငန်းရှင်က ဆိုပါတယ်။
ခိုးယူခံရသူ လုပ်ငန်းရှင်က နိုဝင်ဘာ ၁၀ ရက်မှာ ခိုးယူခံရတာကိုသိရှိပြီး ထိုင်းရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး နောက်မှာ ကျူးလွန်သူ သူငယ်ချင်းအပါအဝင် သုံးဦး ကို ဟိုတယ်တစ်ခုမှာ ဖမ်းမိတယ်လို့ ဆိုပါတယ်။
ခိုးယူသူတွေဆီကနေ သက်သေခံပစ္စည်းအနေနဲ့ ဘတ်ငွေ ၈၈ သိန်းသာ လက်ဝယ်ပြန်ရသလို ရွှေထည်ပစ္စည်းအသစ်တွေ၊ အိုင်ဖုန်းအပါဝင် အဖိုးတန်ပစ္စည်း ဝယ်ယူထားတာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ကလည်း နိုဝင်ဘာ ၁၀ ရက်က သူတို့ စီးနင်းဖမ်းဆီးခဲ့တဲ့ ခိုးယူမှုဖြစ်စဥ်ကနေ ဘတ်ငွေသား ၈၈ သိန်းကျော်၊ ကားတစီးနဲ့ ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ကနဦး စစ်ဆေးချက်တွေအရ ကျူးလွန်သူတွေဟာ ခိုးယူခံရသူနဲ့ မိတ်ဆွေတွေဖြစ်ကြောင်းနဲ့ အကြိမ်ကြိမ် တွေ့ဆုံခဲ့သူတွေဖြစ်ကြောင်းဝန်ခံခဲ့သလို ပြစ်မှုကျူးလွန်ပြီးနောက် မြန်မာနိုင်ငံကို ငွေကြေးယူဆောင်ပြီး ပြန်ဖို့ ရည်ရွယ်ထားကြတယ်လို့သိရကြောင်း၊ ရဲတပ်ဖွဲ့က ချက်ချင်းစုံစမ်းစစ်ဆေးခဲ့တာကြောင့် ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။
လက်ရှိမှာ ကနဦးရဲစစ်ဆေးချက်တွေပေါ်မူတည်ပြီး ညအချိန် ခိုးမှုမှုကျူးလွန်မှု၊ အဆောက်အဦကို ဖျက်ဆီးဝင်ရောက်မှုနဲ့ သက်တမ်းလွန် နေထိုင်ခွင့်နဲ့ ထိုင်းနိုင်ငံအတွင်းနေထိုင်မှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ထားပြီး သူတို့ကို ဖက်ခနုံရဲစခန်းမှာ စစ်ဆေးနေတယ်လို့ နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မင်္ဂလာပါ။ နိုဝင်ဘာ ၁၃ ရက်ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။