Bitcoin တွေပိုက် လန်ဒန်ကိုပြေးတဲ့ခရစ်တိုဘုရင်မ ထောင်ကျ

ချန်ဇီမင်း- ဘာလင်က အဆောက်အဦး တစ်ခုရှေ့မှာ မျက်မှန်တပ်၊ ဆံပင်နီဆိုးထားပြီး ရပ်နေတဲ့ပုံ။ သူဟာ သားမွေးအနားကွပ်နဲ့ အပြာတောက်တောက် ကုတ်အင်္ကျီကို ဝတ်ဆင်ထားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Metropolitan Police

ဓာတ်ပုံ ပုံစာ, ချန်ဇီမင်းဟာ ယူကေ ရဲတပ်ဖွဲ့က သူ့ရဲ့ လျှို့ဝှက် ခရစ်တိုတွေ ရှာမတွေ့ခင်အထိ ခရီးထွက်လိုက်၊ ဈေးဝယ်ထွက်လိုက်နဲ့ သုံးနိုင်စွဲနိုင်တဲ့ပုံစံနဲ့ သာသာယာယာနေခဲ့တာဖြစ်ပါတယ်
    • ရေးသားသူ, တိုနီ ဟန်
    • ရာထူးတာဝန်, Global China Unit

သောင်းနဲ့ချီတဲ့ တရုတ်ပင်စင်စားတွေဆီကနေ ခိုးယူရရှိငွေနဲ့ ပေါင်ငွေ ဘီလျံချီတန်ဖိုးရှိ ခရစ်တိုငွေကြေးဝယ်ယူခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ငွေကြေးခဝါချမှုနဲ့ ထောင်ဒဏ် ၁၁ နှစ်နဲ့ ၈ လ ချမှတ်ခံလိုက်ရပါတယ်။

တရုတ်ကနေ ထွက်ပြေးလာခဲ့တဲ့ ဒီအမျိုးသမီးဟာ လန်ဒန်မြောက်ပိုင်းက လူကုံထံတွေ နေထိုင်ရာ ဟမ်းစတက်အရပ်က အိမ်ကြီးဆီကို ပြောင်းရွှေ့ အခြေချနေထိုင်ခဲ့ပါတယ်။

ဒီနေရာကို ပြောင်းလာပြီးနောက် တစ်နှစ်အကြာမှာ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒီစီးနင်းမှုမှာ ကမ္ဘာ့အကြီးဆုံး ခရစ်တိုငွေကြေး ဖမ်းဆီးရရှိမှုထဲက တစ်ခုဖြစ်လာပါတယ်။

ခေတ်မီ ကျန်းမာရေးထုတ်ကုန်တွေ စမ်းသပ်ထုတ်လုပ်တာနဲ့ ခရစ်တိုငွေကြေး ကစားတယ်လို့ ဖော်ပြထားတဲ့ သူ့ရဲ့ကုမ္ပဏီမှာ တရုတ်နိုင်ငံသား ၁ သိန်းထက်မနည်း ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။

လက်တွေ့မှာတော့ သူက ငွေကြေးအလွဲသုံးစားလုပ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ရင်းနှီးမြှုပ်နှံထားသူတွေကတော့ ချန်ဇီမင်းတစ်ယောက် ပြစ်ဒဏ်စီချက်ကျခံရဖို့ စောင့်ဆိုင်းနေရဆဲကာလမှာ ဗြိတိန်အာဏာပိုင်တွေအနေနဲ့ ငွေကြေးတချို့ သူတို့ကို ပြန်ပေးစေချင်တယ်လို့ ဘီဘီစီကမ္ဘာတလွှားဌာနကို ပြောပါတယ်။

လိမ်လည်ခံရတဲ့ ငွေကြေးတွေကို ပြန်လည်တောင်းခံသူ မရှိရင် သာမန်အားဖြင့်တော့ ဒီငွေတွေဟာ ယူကေအစိုးရပိုင် ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် တချို့ကလည်း အချီကြီးဖမ်းမိတဲ့ ငွေကြေးတွေကနေ အစိုးရငွေတိုက်ဌာနကပဲ အကျိုးအမြတ်ရသွားလိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"အထောက်အထား ခိုင်ခိုင်လုံလုံပြနိုင်ရင်တော့ ယူကေအစိုးရ၊ တော်ဝင်တရားစွဲဆိုရေးဌာနနဲ့ တရားရုံးချုပ်ကနေ ကရုဏာထား သက်ညှာပေးဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" လို့ ငွေလိမ်ခံရတာကြောင့် မင်္ဂလာပွဲပါ ပျက်ခဲ့ရတဲ့ မစ္စတာယုက ပြောပါတယ်။

"ဘာလို့လဲဆိုတော့ အခုဖမ်းမိတဲ့ ဘစ်ကွိုင်(ခရစ်တိုငွေကြေး)တွေထဲကနေ ကျွန်တော်တို့ ဆုံးရှုံးခဲ့ရတဲ့ပမာဏနည်းနည်းတော့ ပြန်ပေးလို့ ရနိုင်ကောင်းတယ်လေ"

အသက် ၄၇ နှစ် ချန်ဇီမင်းဟာ တရုတ်ရဲတပ်ဖွဲ့က သူ့ကိုဖမ်းဆီးဖို့ စတင်ထောက်လှမ်းတဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာမှာ ယူကေကို နိုင်ငံကူးလက်မှတ်အတုနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဟမ်းစတက် ဟိရဲ့ အစွန်ပိုင်းက တစ်လငှားရမ်းခ ပေါင် ၁၇,၀၀၀ (အမေရိကန်ဒေါ်လာ ၂၂,၇၀၀)ကျော်ပေးရတဲ့ စံအိမ်ကြီးဆီကို ပြောင်းလာခဲ့တာပါ။

အိမ်လခပေးဖို့ သူသိမ်းထားတဲ့ ဘစ်ကွိုင်တွေကို ငွေသားနဲ့လဲဖို့ လိုအပ်လာပါတော့တယ်။

ဒါကြောင့် သူဟာ တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းတွေနဲ့ စိန်တွေကို အမွေဆက်ခံရရှိထားသူ သူဌေးမကြီး ပုံစံဟန်ဆောင်နေထိုင်ခဲ့ပါတယ်။

ခရစ်တိုငွေကြေးကို ငွေသားနဲ့ အိမ်လို ပိုင်ဆိုင်မှုတွေအဖြစ် သူ့ကိုယ်စား ပြောင်းလဲပေးနိုင်မယ့် စားသောက်ဆိုင် ဝန်ထမ်းဟောင်း တစ်ဦးကို ကိုယ်ရေးအရာရှိအဖြစ် ခန့်ထားခဲ့ပါတယ်။

ဟမ်းစတက်က အိမ်ကြီးအိမ်ကောင်းတစ်လုံး- အဖြူရောင် တိုင်လုံးကြီးနဲ့ ဆင်ဝင်ပေါက်၊ အနီရောင်အုတ်။ ကားဝင်လမ်းအဆုံးက အပင်ကြီးတစ်ပင်

ဓာတ်ပုံ ရင်းမြစ်, Metropolitan Police

ဓာတ်ပုံ ပုံစာ, တရုတ်ကနေ ထွက်ပြေးလာပြီး ဟမ်းစတက်က ဒီအိမ်ကို ချန်တစ်ယောက် ငှားရမ်းနေထိုင်ခဲ့ပါတယ်

ဘစ်ကွိုင်ဈေးတွေ ထောင်တက်သွားတဲ့အခါမှာ သူ့ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသူတွေကို ကတိပေးထားခဲ့တဲ့ "လှဲနေရင်းနဲ့တောင် ချမ်းသာမယ်" ဆိုတဲ့ စကားအတိုင်း ချန်က ငွေတွေရခဲ့တာပါ။

ငွေကြေးခဝါချမှုနဲ့ ထောင်ဒဏ် ၆ နှစ်ချခံလိုက်ရပြီဖြစ်တဲ့ သူ့လက်ထောက် ဝမ်ဂျီယန်ကတော့ ချန်ဟာ အချိန်တိုင်းလိုလို အိပ်ယာပေါ် လှဲပြီး ဂိမ်းဆော့လိုက်၊ အွန်လိုင်းက ဈေးဝယ်လိုက်နဲ့ ဖြတ်သန်းနေတာလို့ နောက်ဆုံးတရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။

ဒါပေမဲ့ ချန်ဟာ နောက်ထပ်လိမ်လည်မှုကြီးတွေအတွက် ခြောက်နှစ်စာ မဟာစီမံကိန်းကြီးချနေတာကို သူ့ရဲ့နေ့စဥ် မှတ်တမ်းစာအုပ်ကနေ တဆင့် သိခဲ့ရပါတယ်။

စာအုပ်ထဲက မှတ်စုကြမ်းတွေအရ နိုင်ငံတကာဘဏ်တစ်ခု တည်ဆောက်ဖို့၊ ဆွီဒင်နိုင်ငံက ရဲတိုက်ကြီးတစ်လုံးကို ဝယ်ဖို့နဲ့ ဗြိတိန်တော်ဝင်မိသားစုဝင်အမျိုးသားတစ်ဦးနဲ့ ရင်းနှီးမှုရယူဖို့အထိ အစီအစဥ် ရေးဆွဲထားတာပါ။

သူ့ရဲ့ အကြီးမားဆုံးအိမ်မက်ကတော့ ၂၀၂၂ ခုနှစ်မှာ ခရိုအေးရှားနဲ့ ဆားဘီးယားကြားက လစ်ဘာလန်းလို့ခေါ်တဲ့ နိုင်ငံအဖြစ်သတ်မှတ်မခံရသေးတဲ့ ဒေသငယ်လေးရဲ့ ဘုရင်မတစ်ပါးဖြစ်လာဖို့ပဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ချန်က ဝမ်ကို လန်ဒန်မှာ အိမ်ဝယ်ဖို့အတွက် အိမ်တွေလိုက်ကြည့်ခိုင်းခဲ့ပါတယ်။

ဒါပေမဲ့ တသီးတသန့်နဲ့ လူကုံထံတွေနေထိုင်လို့နာမည်ကြီးတဲ့ တော့တာရစ်ချ် ကွန်မွန်မှာ အိမ်ကြီးအိမ်ကောင်း တစ်လုံးကို ဝယ်ယူဖို့ ကြိုးစားချိန်မှာတော့ ဝမ်ဟာ သူ့သူဌေးရဲ့ ကြွယ်ဝချမ်းသာမှုဝင်ငွေလမ်ကြောင်းကို တိတိပပ မပြောနိုင်တာကြောင့် ရဲတပ်ဖွဲ့က စတင်သံသယခဲ့တာပါ။

 အဖြူရောင်ဆင်ဝင်၊ အပြင်ဘက်က ရုပ်တုတွေနဲ့ ကျောက်စလစ်ခင်း ကားပတ်လမ်းပါ အုတ်နီအိမ်ကြီးတစ်လုံး
ဓာတ်ပုံ ပုံစာ, တော့တာရစ်ချ်က ဒီအိမ်ကို ဝယ်ဖို့ ချန်ရဲ့ အကြိမ်ကြိမ်ကြိုးစားမှုတွေကြောင့် ရဲက စတင်သံသယဝင်ခဲ့ ပါတယ်

ရဲတပ်ဖွဲ့က ချန်ရဲ့ ဟမ်းစတက်က ငှားရမ်းထားတဲ့အိမ်ကို ဝင်ရောက်စီးနင်းချိန်မှာတော့ ယူကေသမိုင်းမှာ တစ်ကြိမ်တည်းနဲ့ အများဆုံးဖမ်းမိတဲ့ ခရစ်တိုငွေကြေး ဖမ်းဆီးရမိမှုလို့တောင် ဆိုနိုင်တဲ့ ဘစ်ကွိုင်သောင်းနဲ့ချီ စုဆောင်းထားတဲ့ လက်တော့တွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ငွေအလွဲသုံးစားမှုအတွက် အသုံးချခဲ့တဲ့ ကုမ္ပဏီကို ချန်ဟာ လွန်ခဲ့တဲ့ ၄ နှစ်ကမှ သူ့ဇာတိ လန်ချန် ဂဲရူရီ ဒါမှမဟုတ် အင်္ဂလိပ်လိုအခေါ် Bluesky Greet မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ဒီကုမ္ပဏီဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ပိုက်ဆံကို ဘစ်ကွိုင်ကစားဖို့အတွက် ဒါမှမဟုတ် နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာတွေ စွန့်ဦးတီထွင်ရာမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် လုပ်ဆောင်ပေးတယ်လို့ ကြေညာထားတာပါ။

ဒါပေမဲ့ ယူကေရဲတပ်ဖွဲ့ကတော့ ဒါဟာ မက်လုံးပေး လိမ်လည်မှု တစ်ခုသာဖြစ်ပြီး ချန်ရဲ့ကုမ္ပဏီက အမြတ်များများရမယ်ဆိုတဲ့ကတိနဲ့ ရင်းနှီးမြှုပ်နှံသူတွေ ခွင်ထဲဝင်လာအောင် လုပ်ခဲ့တာလို့ ဆိုပါတယ်။

"သူ့ရဲ့ပါဝင်ပတ်သက်မှုကို ပိုသိလာရလေလေ သူက သာမန်ဂိုဏ်းဝင်တစ်ယောက်မဟုတ်ဘဲ ခေါင်းဆောင်ဆိုတာ သိလာရတယ်။ သိသာစေတဲ့ အချက်ဆိုရင်တော့ သူက အရမ်းပါးနပ်တယ်၊ ဖြတ်ဖြတ်လတ်လတ်ရှိတယ်၊ အရမ်းခြယ်လှယ်နိုင်စွမ်း ရှိတယ်၊ လူတွေအများကြီးကို ကျလာအောင် ဆွဲဆောင်နိုင်တယ်" လို့ လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေးရဲအရာရှိ ဂျိုးရိုင်ရန်က ဘီဘီစီကို ပြောပါတယ်။

သူ့ဆီရင်းနှီးမြှုပ်နှံခဲ့သူတစ်ဦးဖြစ်တဲ့ မစ္စတာယုကတော့ ကုမ္ပဏီကနေ သူ့ဝေစု ယွမ် ၁၀၀ ဝန်းကျင်ကို နေ့စဥ် နည်းနည်းစီ ခွဲပေးနေတာကြောင့် သံသယ မဝင်ခဲ့ဘူးလို့ ဆိုပါတယ်။

"ဒါကြောင့်ပဲ အားလုံးက လက်သင့်ခံကြတယ်လေ။ ချေးငှားပြီးတောင် ကုမ္ပဏီမှာ ပိုရင်းနှီးမြှုပ်နှံဖို့အထိ ယုံကြတာ" လို့ သူက ပြောပါတယ်။

အစပိုင်းမှာ သူနဲ့ သူ့ဇနီးတို့က ယွမ် ၆၀,၀၀၀(အမေရိကန်ဒေါ်လာ ၈,၄၂၉) ကနဦးထည့်ဝင်ခဲ့ပါတယ်။

နှစ်နှစ်ခွဲကျော်အတွင်း အမြတ် ၂၀၀ ရာခိုင်နှုန်းရမယ်လို့လည်း ပြောတယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့်ပဲ မကြာခင်မှာ အတိုး ၈ ရာခိုင်နှုန်းနဲ့ ပေါင်စတာလင်သောင်းချီ ချေးငွေရယူပြီး ထပ်မံရင်းနှီးမြှုပ်နှံခဲ့ပါတယ်။

ဒါအပြင် သူ့နေ့စဥ်ဝေစုကိုလည်း ကုမ္ပဏီထဲ ပြန်လည်ထည့်ဝင်မြှုပ်နှံခဲ့ပါတယ်။

"ဝေစုကို ပြန်ထည့်ရမယ်ဆိုတဲ့ စည်းမျဥ်းတော့ မရှိပေမဲ့ ကိုယ်တိုင်ကိုက ထည့်ချင်နေတာ။ သူတို့က ကျွန်တော်တို့ အိမ်မက်တွေကို နှိုးဆွပေးတာ ကျွန်တော်တို့ အသိသတိနဲ့ စဥ်းစားတွေ ခေါ်နိုင်စွမ်းတွေ ပျောက်ဆုံးတဲ့အထိပါပဲ"

တရုတ်နိုင်ငံက ခန်းမကြီးတစ်ခုမှာ လူရာပေါင်းများစွာ ထိုင်နေကြပြီး ခန်းမရဲ့ အဝေးဆုံးမှာ စင်မြင့်တစ်ခုနဲ့ ဗီဒီယိုပြသနေတဲ့ မျက်နှာပြင်ကြီးနှစ်ခု ရှိပါတယ်။ အခမ်းအနားပေါ်မှာ ခရမ်းရောင်နဲ့ အပြာရောင် နီယွန်မီးတွေ ထွန်းလင်းနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Chinese social media

ဓာတ်ပုံ ပုံစာ, ချန်ဇီမင်းရဲ့ ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသူ အသစ်အဟောင်းတွေအတွက် အစည်းအဝေးကြီးတွေနဲ့ ညစာစားပွဲကြီးတွေ ကျင်းပပေးခဲ့ပါတယ်

ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ လူသစ်ခေါ်ပေးနိုင်ရင် နေ့စဥ်ဝေစုထဲကို ငွေဝင်ပါတယ်။

ဒါကြောင့်ပဲ တရုတ်နိုင်ငံရဲ့ ပြည်နယ်တိုင်းက လူဦးရေ ၁၂၀,၀၀၀ လောက်ကို လိမ်နိုင်လောက်အောင် ခရီးပေါက်ခဲ့တာကို ကုမ္ပဏီရဲ့ တရားဝင် ကိုယ်စားလှယ်တွေရဲ့ တရုတ်က တရားခွင်တွေကနေ ရရှိတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ကုမ္ပဏီဝန်ထမ်းဟောင်းတစ်ဦးရဲ့ထွက်ဆိုချက်အရ နေ့စဥ်ထုတ်ပေးနေတဲ့ ဝေစုတွေဟာ ရင်းနှီးမြှုပ်နှံသူ အသစ်တွေရဲ့ပိုက်ဆံဖြစ်ပြီး ခရစ်တို ကစားရာကရတဲ့အမြတ်ဝေစုတွေ မဟုတ်ပါဘူး။

လန်ချန် ဂဲရူရီရဲ့ အရောင်းမြှင့်တင်ရေးက အထီးကျန်နေတဲ့ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတရုတ်နိုင်ငံသားတွေကို ခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ်ကနေ ဖောက်သည်ခေါ် ဆွဲဆောင်နိုင်ဖို့ "သက်ကြီးတွေကို အချစ်ဦးလိုပဲ စွဲလမ်း ချစ်မြတ်နိုးရမယ်" ဆိုတဲ့ စာကြောင်းမျိုးတွေပါတဲ့ ကဗျာတွေကိုပါ ချန်က ကိုယ်တိုင်ရေးသားခဲ့ပါတယ်။

သူ့ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသူဟောင်းရော အရင်းအနှီးထည့်လာနိုင်ခြေရှိသူတွေအတွက်ပါ အားလပ်ရက် ညစာစားပွဲကြီးတွေ ကျင်းပပေးပါတယ်။ ဒီလိုပွဲကျင်းပတဲ့ ဓာတ်ပုံတွေကိုပဲ နောက်ပိုင်းမှာ လူတွေ ရင်းနှီးမြှုပ်နှံလာအောင် ပြောဆို သိမ်းသွင်းတဲ့နေရာမှာ အသုံးချခဲ့တာမျိုးဖြစ်ပါတယ်။

လန်ချန် ဂဲရူရီဟာ သက်ကြီးပိုင်းတွေ အကြိုက်တွေ့စေမယ့် တရုတ်နိုင်ငံတော်ကို ချစ်မြတ်နိုးတဲ့ မျိုးချစ်စိတ်ကိုလည်း ကျယ်ကျယ်လောင်လောင် ပြောဆိုပါတယ်။

"ကျွန်တော်တို့ရဲ့ မျိုးချစ်စိတ်ဆိုတာက အားလုံးအတွက် ပျော့ကွက်ပဲလေ။ ဒါနဲ့ပဲ ပျော့ကွက်နင်း ခေါင်းပုံဖျက်ခံရတာ" လို့ အသက် ၆၀ အရွယ်ရောက်နေပြီဖြစ်တဲ့ မစ္စတာယုက ပြောပါတယ်။

"သူတို့က ကမ္ဘာမှာ တရုတ်နိုင်ငံကို နံပါတ် ၁ ဖြစ်အောင်လုပ်မယ်လို့လည်း ပြောသေးတယ်"

တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သူ ဥက္ကဋ္ဌမော်ရဲ့သမက်အပါအဝင် ဒီကုမ္ပဏီကို ထောက်ခံအားပေးသူတွေ အများအပြားရှိတယ်လို့ မစ္စတာယုက ပြောပါတယ်။

"ကျွန်တော်တို့ မျိုးဆက်က ဥက္ကဋ္ဌမော်ကို အထင်ကြီး လေးစားကြတဲ့မျိုးဆက်လေ။ သူ့ သားမက်ကတောင် ဒါကို အာမခံနေမှတော့ ကျွန်တော်တို့ မယုံဘဲနေမလား။"

ဒီကုမ္ပဏီက တရုတ်ဥပဒေပြုအဖွဲ့တွေ ဆုံကြတဲ့ ပြည်သူ့ခန်းမဆောင်ကြီးမှာတောင် အခမ်းအနား ကျင်းပခဲ့ဖူးတယ်လို့ ဒီအခမ်းအနားကို တက်ရောက်ခဲ့သူတစ်ဦးနဲ့ နောက်ထပ် သတင်းအရင်းအမြစ် ၂ ဦးက ပြောပါတယ်။

"အဲဒီအရောင်းမြှင့်တင်ရေးဝန်ထမ်းတွေက လိပ်ကို ဂျပိုး၊ ဂျပိုးကို လိပ်ဖြစ်အောင်ပြောပြီး ဆွဲဆောင်ကြတယ်။ ကြာတော့ ကိုယ်မြင်တာ အမည်းပေမဲ့ သူတို့က အဖြူလို့ပြောရင် ယုံလိုက်ကြတာမျိုးဖြစ်ကုန်တယ် " လို့ မစ္စတာယုက ပြောပါတယ်။

ချန်ဟာ ဒီလိုလူသိများတဲ့လုပ်ငန်းကြီးကို ဦးဆောင်နေတဲ့ပေမဲ့ သူ့ကို ဖောက်သည်တွေက ဟွာဟွာ ခေါ် ပန်းကလေး နာမည်နဲ့သာ သိထားကြပါတယ်။

သူ့ ဘလော့မှာ ကဗျာတွေ စာတွေ ရေးတင်ပြီး ဖောက်သည်တွေနဲ့ ဆက်ဆံရေး တည်ဆောက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အနည်းဆုံး ဝမ် ၆ သန်း(ဒေါ်လာ ၈၄၂,၀၀၀) လောက်ထိ ရင်းနှီးမြှုပ်နှံနိုင်သူတွေနဲ့ဆိုရင်တော့ နီးနီးကပ်ကပ်တွေ့ဆုံနိုင်မယ့်ပွဲတွေ စီစဥ်ဖိတ်ကြားတယ်လို့ ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်တဲ့ မစ္စတာလီက ပြောပါတယ်။

"ကျွန်တော်တို့ သူ့ကို အထင်ကြီးလေးစားခဲ့ကြတာတော့ သေချာတယ်"

"သူ့ကို ကျွန်တော်တို့ရဲ့ ချမ်းသာခြင်းနတ်ဘုရားတစ်ပါးလို မြင်ကြတာ" လို့ သူက ပြောပါတယ်။

"သူက ကျွန်တော်တို့ကို ရည်မှန်းချက်မြင့်မြင့်ထားဖို့ အမြဲပြောတယ်။ ၃ နှစ်အတွင်း နောက်မျိုးဆက် ၃ ခုစာလောက် ချမ်းသာအောင် လုပ်ပေးမယ်လို့ ပြောခဲ့တာ"

မစ္စတာလီ၊ သူ့ဇနီးနဲ့ အစ်ကိုဖြစ်သူတို့က ယွမ် ၁၀ သန်း(ဒေါ်လာ ၁.၃ သန်း၊ ပေါင် ၁ သန်း) ရင်းနှီးမြှုပ်နှံခဲ့ကြတာ ဖြစ်ပါတယ်။

Danubeမြစ်ရေပြင်နဲ့ အဝေးက လှမ်းမြင်ရတဲ့ LIberland ကမ်းရိုးတန်း - သဲသောင်ပြင်တွေနဲ့ အစိမ်းရောင်သစ်ပင်တွေ

ဓာတ်ပုံ ရင်းမြစ်, Alamy

ဓာတ်ပုံ ပုံစာ, ချန်ဟာ Liberland (လွတ်လပ်ခြင်းမြေ)ရဲ ဘုရင်မ ဖြစ်လာဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ Liberland ဟာ Danube မြစ်ရဲ့ အနောက်ဘက်ကမ်းက ၇ စတုရန်းကီလိုမီတာ အကျယ်ရှိတဲ့ လူမနေတဲ့ ရွှံ့မြေနေရာ တစ်ခုဖြစ်ပါတယ်

၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းမှာ စတင်ခဲ့တဲ့ တရုတ်ရဲတပ်ဖွဲ့ ရဲ့ လန်ချန် ဂဲရူရီ စုံစမ်းစစ်ဆေးမှုဟာ ချန်ရဲ့ လိမ်လည်မှု အဆုံးသတ်ဖို့ ဖြစ်လာစေပါတယ်။

"ရုတ်တရက်ဆိုသလို ဝေစု ပိုက်ဆံတွေ မဝင်တော့ဘူး" လို့ မစ္စတာယုက ပြန်ပြောင်းပြောပြပါတယ်။

"ကုမ္ပဏီဘက်ကတော့ ရဲဌာနက တချို့စစ်ဆေးစရာလေးတွေ ရှိနေလို့ဆိုပြီး ပြောတယ်။ သိပ်မကြာခင်မှာ ပေးနေကျ ဝေစုတွေ ပြန်ထုတ်ပေးမယ်လို့ ပြောခဲ့တာ"

ဒီလိုကြောင့်ပဲ ရင်းနှီးမြှုပ်နှံသူတွေ ငြိမ်အောင် ထိန်းထားနိုင်ခဲ့ပါတယ်။

ကုမ္ပဏီမန်နေဂျာက ရင်းနှီးမြှုပ်နှံသူတွေကို ဒါဟာ အခိုက်အတန့်ပဲဖြစ်မှာဖြစ်ပြီး ရဲတွေနဲ့မပတ်သက်ဖို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်တရားရုံးအမှုတွဲတွေကတဆင့် သူနောက်မှ သိရတာက ချန်ဟာ ငွေထုပ်ပိုက်ပြီး ယူကေကို ပြေးဖို့ လုပ်နေချိန်မှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့စိုးရိမ်ချက်တွေကို လျော့ပါးအောင်လုပ်ဖို့ မန်နေဂျာအကြီးပိုင်းတွေကို ငွေပေး စေခိုင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ချန်ဟာ သူ့ရဲ့ရင်းနှီးမြှုပ်နှံသူတွေကိုတော့ လုံးဝ မေ့ထားပုံ မပေါ်ပါဘူး။ ဘစ်ဘွိုင်ပြား တစ်ပြားတန်ဖိုး ပေါင်ငွေ ၅ သောင်းရောက်တာနဲ့ တရုတ်မှာ သူတင်ခဲ့တဲ့အကြွေးတွေကို ပြန်ပေးဖို့လုပ်တဲ့အစီအစဉ်တစ်ခုကိုလည်း သူ့ရဲ့ ဒိုင်ယာရီ စာအုပ်ထဲမှာရေးထားတာတွေ့ရပါတယ်။

ဒါပေမဲ့ သူ့ရဲ့ ဒိုင်ယာရီစာအုပ်ထဲမှာတော့ သူ့ ကမ္ဘာ Liberland ကို အုပ်ချုပ် တိုးတက်အောင် လုပ်ဖို့ ပိုပြီး အစီအစဉ်ချထားပါတယ်။ အဲဒီအတွက်လည်း စတာလင်ပေါင်ငွေ သန်းချီ သုံးစွဲဖို့အထိ သူ လျာထားပါတယ်။

အင်္ဂလန် မြောက်ပိုင်းက ယော့ခ်မြို့မှာ သူ့ကို ရဲက ပြီးခဲ့တဲ့ ဧပြီလတုန်းက ဖမ်းမိပါတယ်။ အဲဒီမှာ သူနဲ့အတူ နောက်လေးဦးကိုလည်း ရဲက တွေ့ခဲ့ပါတယ်။ သူ့ အမှုနဲ့ပတ်သက်ပြီး ထောင်ဒဏ်ချမှတ်ဖို့ ဆောက်ဝါသ် တရားရုံးက တနင်္လာနေ့မှာ စတင်ကြားနာပါတယ်။ သူနဲ့အတူ တွေ့ခဲ့ရတဲ့ လူ ၄ ဦးကတော့ ချင်အတွက် စျေးဝယ်ပေးဖို့၊ သန့်ရှင်းရေးလုပ်ဖို့နဲ့ လုံခြုံရေးလုပ်ဖို့ ဗြိတိန်ကို သူ ခေါ်သွင်းလာတာဖြစ်ပြီး တရားမဝင် အလုပ်ခန့်အပ်ထားတာလို့ တရားရုံးက ပြောပါတယ်။

ဖမ်းဆီးခံရချိန်တုန်းကတော့ ချင်က သူ့အပေါ် စွပ်စွဲထားတဲ့ စွဲချက်တွေအားလုံးကို ငြင်းဆိုပါတယ်။ တရုတ်အစိုးရက ခရစ်တိုငွေကြေးစွန့်ဦးသမားတွေကို နှိမ်နင်းလို့ ထွက်ပြေးလာရတာသာဖြစ်ပြီး တရုတ်ရဲတပ်ဖွဲ့က တင်ပြတဲ့ သက်သေတွေကိုလည်း သူက ငြင်းပါတယ်။

ဒါပေမဲ့ စက်တင်ဘာလတုန်းက ပြုလုပ်တဲ့ တရားခွင်ကြားနာမှုမှာတော့ ခရစ်တိုငွေကြေးတွေကို တရားမဝင်ပိုင်ဆိုင်ဖို့လုပ်တာ၊ လက်ဝယ်ထားတာတွေအတွက် သူ့မှာအပြစ်ရှိတဲ့အကြောင်း ဆိုင်းမဆင့် ဘုံမဆင့် ဝန်ခံသွားပါတယ်။

ဗီဒီယို ပုံစာ, ယော့ခ် အရပ်က ချင်ရဲ့အိမ်ကို ရဲတပ်ဖွဲ့ ဝင်ရောက် စီးနင်းချိန်က ရုပ်သံ

မစ္စတာ လီကတော့ ဒီအခြေအနေဟာ အလိမ်ခံခဲ့ရသူတွေအတွက် ကောက်ရိုးတမျှင် အခိုက်အတန့်ဖြစ်စေတယ်လို့ ပြောပါတယ်။

ချင်တစ်ယောက် ဗြိတိန်နိုင်ငံထဲကို သွင်းလာတဲ့ ခရစ်တိုငွေကြေးဟာ အခုဆိုရင် သူ ဗြိတိန်ကို ရောက်ခါစတုန်းက နှုန်းထက် အဆ ၂၀ လောက် တက်နေပါပြီ။ ဒီငွေကြေးတွေကို ဘယ်လို စီမံမလဲဆိုတာကတော့ နောက်နှစ်အစောပိုင်းမှာ စတင်မယ့် ''ပြစ်မှုကျူးလွန်ရာကနေရရှိတဲ့ငွေကြေးနဲ့ပစ္စည်းစီမံရေး'' တရားရေးအမှုနဲ့ပဲ ဆုံးဖြတ်မှာဖြစ်ပါတယ်။

ဒီငွေတွေကို ပိုင်ဆိုင်ကြောင်း သက်သေထူကြဖို့ ရုံးတော်ကို လျှောက်ထားကြမယ့် တရုတ်ရင်းနှီးမြှုပ်နှံသူ ထောင်နဲ့ချီရှိတယ်လို့ လိမ်လည်ခံခဲ့ကြရသူတွေကိုစား အမှုလိုက်ပေးနေတဲ့ ဥပဒေအကျိုးဆောင် ကုမ္ပဏီ ၂ က ရှေ့နေတွေက ပြောပါတယ်။

ဒါပေမဲ့လည်း ဒါဟာ လွယ်ကူမှာမဟုတ်ဘူးဆိုလို့ အမည်မဖော်လို့တဲ့တရုတ်ရှေ့နေတစ်ဦးက ပြောပါတယ်။ ပိုင်ဆိုင်ကြောင်းအဆိုပြဖို့ဆိုရင် သူတို့မှာ သက်သေခိုင်ခိုင်မာမာ ရှိရမှာဖြစ်ပါတယ်။ တကယ့်လက်တွေ့မှာတော့ အလိမ်ခံခဲ့ကြရသူတွေဟာ သူတို့ငွေကြေးတွေကို ချင်ရဲ့ ကုမ္ပဏီဆီ တိုက်ရိုက်လွှဲခဲ့တာမဟုတ်ဘဲ သက်ဆိုင်ရာဒေသန္တရ စျေးကွက်မြှင့်တင်ရေးလုပ်ငန်းတွေရဲ့ ငွေစာရင်းအကောင့်တွေထဲကို လွှဲပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလူတွေက ဒီငွေတွေကို ကုမ္ပဏီ လည်ပတ်ငွေကြေးအဆင့်ဆင့်ကို လွှဲပြောင်းတာဖြစ်ပါတယ်။

ပိုင်ဆိုင်ကြောင်း သက်သေထူနိုင်တယ်ဆိုရင်တောင့် အလိမ်ခံရသူတွေဟာ သူတို့ရဲ့ မူရင်း ရင်းနှီးမြှုပ်နှံမှု ငွေကြေးပမာဏကိုပဲ ရမှာလား ဒါမှမဟုတ် ဘစ်ကွိုင်ရဲ့ လက်ရှိကာလပေါက်စျေးကို ထင်ဟပ်မယ့် ငွေကြေးဖောင်းပွနှုန်းအလိုက် ငွေပမာဏရမှာလား ဆိုတာ မသဲကွဲသေးပါဘူး။

တဖက်မှာလည်း အခုလိုအမှုနဲ့အတူ ကပ်ပါလာတဲ့ ပြစ်မှုကျူးလွန်ရာကနေရရှိတဲ့ငွေကြေးနဲ့ ပိုင်ဆိုင်မှုဆိုင်ရာ အမှုတွေမှာ ငွေကြေးတွေဟာ ပုံမှန်အားဖြင့် ဗြိတိန်အစိုးရပိုင် ဖြစ်လေ့ရှိပါတယ်။ ဒီငွေကြေးတွေကို ဘယ်လို စီမံမှာလဲဆိုပြီး ဗြိတိန်ဘဏ္ဍာရေးဌာနကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တုံ့ပြန်မှု မရခဲ့ပါဘူး။

ပြီးခဲ့တဲ့လတုန်းကတော့ အင်္ဂလန်နဲ့ ဝေလနယ်တို့အတွက် အစိုးရတရားစွဲဌာနဖြစ်တဲ့ Crown Prosecution Service (CPS) ကတော့ အခုတရားမမှုမှာ နစ်နာသူအဖြစ် ကိုယ်စားပြုသူ မရှိဘူးဆိုရင် နစ်နာကြေးပေးနိုင်မယ့်အစီအစဉ် စဉ်းစားချက်ရှိတယ်လို့ ပြောပါတယ်။ ဘယ်လိုသက်သေတွေပြနိုင်မယ်ဆိုရင် နစ်နာကြေးအတွက် အကျုံးဝင်မှာလဲလို့ မေးခဲ့ပေမဲ့ လတ်တလောအခြေအနေအရ အသေးစိတ်ကို ပြောဖို့ ငြင်းပါတယ်။

ဇနီးဖြစ်သူလည်း သူနဲ့အတူ ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့တဲ့ မစ္စတာ ယုကတော့ သူ့အဖြစ်ဟာ မြွေပါလည်း သားလည်းဆုံးအခြေအနေလို့ ဘီဘီစီကို ပြောပါတယ်။ ဇနီးနဲ့ကွဲခဲ့သလို သားဖြစ်သူနဲ့လည်း ရင်ငွေ့မပေးနိုင်တော့တဲ့အခြေဆိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ တခြားသူတွေထက်စာရင် သူ ကံကောင်းသေးတယ်လို့ ယူဆပါတယ်။ ဘီဘီစီက စကားပြောခဲ့တဲ့ရှေ့နေတစ်ယောက်ကဆိုရင် ချင်ဆီမှာ ရင်းနှီးမြှုပ်နှံခဲ့သူအများစုဟာ စားဖို့မရှိ၊ ဆေးသောက်ဖို့ ပိုက်ဆံမရှိဖြစ်တဲ့အထိ ဆင်းရဲသွားကြတယ်လို့ ပြောပြပါတယ်။

အဲဒီလိုကြုံရတဲ့လူတွေထဲက တစ်ယောက်ကိုတော့ သူ သိခဲ့တယ်လို့ မစ္စတာ ယုက ပြောပါတယ်။ အဲဒီလူဟာ တရုတ်နိုင်ငံမြောက်ပိုင်း တီယန်ကျင်းမြို့က အမျိုးသမီးဖြစ်ပြီး ရင်သားကင်ဆာကို ဆေးရုံတက် ဆက်ကုဖို့ ငွေမရှိတော့လို့ ဆေးရုံကနေ ဆင်းခဲ့ရအပြီးမှာ ကင်ဆာကြောင့်ပဲ ကွယ်လွန်ခဲ့တယ်လို့ဆိုပါတယ်။

'' အိမ်တံခါးဝမှာတင် ဆုံးခဲ့တာ။ ကျွန်တော် စာရေးတတ်တယ်ဆိုတာ သူသိတော့ အဆိုးဆုံးတွေ ဖြစ်လာမယ်ဆိုရင် သူ့အတွက် ဝမ်းနည်းစာရေးပေးဖို့တောင် ကျွန်တော့်ကို တောင်းဆိုခဲ့တယ်''

မစ္စတာ ယူ့လည်း သူ့စကားကို တည်အောင် လုပ်ပါတယ်။ ကွယ်လွန်သူအမျိုးသမီးအကြောင်း အောက်မေ့ဖွယ်အနေနဲ့ အွန်လိုင်းပေါ်မှာ ကဗျာတစ်ပုဒ် ရေးတင်ပါတယ်။

''ဦးဆောင်ခံ လမ်းလွှဲခံ သိုးငယ်လို ဘဝမျိုးထက် ဝေဟင်ကို ထိုးတက်တဲ့တိုင်လုံးကြီးတွေလို ကျင့်ကြပါစို့။ ရှင်သူတွေလည်း ဆက်ရှင်သန်ပြီး မတရားမှုအတွက် တရားမျှတမှု ရှာကြပါစို့''