ဗိုင်းရပ်စ်ပိုးသစ်ကြောင့် ဆယ်နှစ်အတွင်းအဆိုးဆုံးတုပ်ကွေးရာသီဖြစ်နိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဂျိမ်းစ် ဂါလန်ဂါ
- ရာထူးတာဝန်, ကျန်းမာရေးနဲ့ သိပ္ပံဆိုင်ရာသတင်းထောက်
တုပ်ကွေးရောဂါဟာ ဗြိတိန်မှာ ဆောင်းရာသီတိုင်းလိုလို ဖြစ်ပွားလေ့ရှိပေမယ့် အခုနှစ်မှာ တစ်ခုခုကွဲပြားနေသလို ခံစားနေကြရပါတယ်။
ရာသီတုပ်ကွေးဟာ နွေမှာ ရုတ်တရက် သန္ဓေပြောင်းသွားခဲ့ပါတယ်။ လူ့ခန္ဓာကိုယ်ခံအားစနစ်ရဲ့ထိုးဖောက်မှုကနေ ရှောင်တိမ်းနိုင်ပုံရတဲ့ ဒီပိုးဟာ သာမန် တုပ်ကွေးဖြစ်တတ်တဲ့အချိန်ထက် တစ်လလောက်စောပြီး ဖြစ်လာပါတယ်။ သမိုင်းကြောင်းအရ ပိုမိုပြင်းထန်နိုင်တယ်လို့ ယူဆရတဲ့ တုပ်ကွေးအမျိုးအစားတစ်ခုလည်း ဖြစ်နေပါတယ်။
ချမ်းခိုက်တုန်ဆောင်းက ဒီတုပ်ကွေးကို ပိုလို့ ဆိုးလာမယ်စေနိုင်တယ်လို့ စိုးရိမ်ချက်ကြောင့် အခုဆိုရင် ဗြိတိသျှအမျိုးသားကျန်းမာရေးစနစ် (NHS) က "တုပ်ကွေး ကာကွယ်ဆေး ထိုးကြဖို့ အရေးပေါ် ပန်ကြားချက်" ထုတ်ပါတယ်။
တိတိကျကျ ဟောကိန်းမထုတ်နိုင်သေးပေမဲ့ တုပ်ကွေးဆိုင်ရာထိပ်တန်းပညာရှင်တွေကတော့ ဒီတုပ်ကွေးရာသီဟာ လွန်ခဲ့သော ၁၀ နှစ်အတွင်း အဆိုးဆုံးဖြစ်လာနိုင်ကြောင်း ပြောပါတယ်။
လန်ဒန်မြို့ Francis Crick Institute က ကမ္ဘာ့တုပ်ကွေးဗဟိုဌာနရဲ့ ညွှန်ကြားရေးမှူး ပါမောက္ခ Nicola Lewis ကတော့ "ဒီလိုဗိုင်းရပ်စ်မျိုးကို အရင်က မမြင်ခဲ့ရဘူးပါဘူး၊ ဒီအခြေအနေတွေက ထူးခြားနေတယ်" လို့ ပြောပါတယ်။
"ကျွန်မအနေနဲ့ တကယ်ကို စိုးရိမ်မိပါတယ်" လို့လည်း သူကဆိုပြီး "ကျွန်မ အနေနဲ့ ဒီကိစ္စအပေါ် အထိတ်တလန့် ဖြစ်နေတာမျိုးမဟုတ်ပေမဲ့ စိုးရိမ်မိတယ်"လို့ ပြောပါတယ်။
ဘာတွေဖြစ်လာနိုင်မလဲ၊ ဘာတွေကြိုတင်ပြင်ဆင်ထားနိုင်လဲ
သိပ္ပံပညာရှင်တွေက တုပ်ကွေးဗိုင်းရပ်စ်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုကို ခြေရာကောက် ခဲ့ကြပါတယ်။ အကြောင်းရင်းကတော့ ဒီပိုးတွေဟာ အဆက်မပြတ် သန္ဓေပြောင်းလဲနေတာကြောင့် အဲဒီပြောင်းလဲမှုကိုလိုက်ပြီး ဆေးအာနိသင်လည်း တိုးအောင် နှစ်စဉ် ပြောင်းလဲရတာကြောင့်လည်းဖြစ်ပါတယ်။
ဗိုင်းရပ်စ်ပိုးတွေဟာ အချိန်ရွေ့လျားမှုနဲ့အတူ ဆင့်ကဲပြောင်းလဲလေ့ရှိပါတယ်။ ပိုးတွေဟာ များသောအားဖြင့် တဖြည်းဖြည်းချင်း နည်းနည်းစီ ဆင့်ကဲပြောင်းလဲတတ်သလို ရုတ်ချည်းဆိုသလိုလည်း ပြောင်းလဲတတ်လေ့ရှိပါတယ်။
ယခုနှစ် ဇွန်လမှာ ဒီလိုဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ကိန်းဘရစ်ချ်တက္ကသိုလ်က ရောဂါပိုးမွှားဆင့်ကဲပြောင်းလဲမှုဗဟိုဌာနရဲ့ ညွှန်ကြားရေးမှူး ပါမောက္ခ Derek Smith က H3N2 ရာသီအလိုက် တုပ်ကွေးရဲ့ မျိုးစိတ်တစ်ခုမှာ သန္ဓေပြောင်းဗိုင်းရပ်စ်ရဲ့ အစီရင်ခံစာတွေအရ "မြန်ဆန်စွာ တိုးတက်မှု" ကို ဦးတည်စေတဲ့ ဗီဇပြောင်းလဲမှု ၇ ခု ပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပုံမှန်အားဖြင့် ဒီဖြစ်စဉ်ဟာ မြောက်ကမ္ဘာခြမ်းရဲ့ နွေရာသီ အလယ်ပိုင်းမှာ တုပ်ကွေးရာသီ မတိုင်ခင် ဖြစ်ပွားလေ့ရှိပါတယ်။
ပါမောက္ခ Smith က "ဒီဗိုင်းရပ်စ်ပိုးဟာ ကမ္ဘာတဝန်းလုံးကို ပျံ့နှံ့သွားမှာ သေချာသလောက်ရှိတယ်။ ဒါကြောင့် ဒီရှုထောင့်ကနေ ကြည့်ရင် ရုတ်တရက် အမြန်ကူးစက်သွားမယ့်အခြေအနေမှာ ရှိတယ်" လို့ သူက ဆိုပါတယ်။
ကလေးတွေ ကျောင်းပြန်တက်ချိန်၊ ညနေခင်းပိုင်းလည်း စောစောမှောင်၊ အပူချိန်လည်း တဖြည်းဖြည်းကျဆင်းလာတဲ့ စက်တင်ဘာလမှာ ရောဂါဖြစ်ပွားမှုတွေ တိုးလာခဲ့ပါတယ်။
ဗီဇပြောင်းလဲမှုတွေ ဘယ်လိုဖြစ်နေသလဲဆိုတာကို အတိအကျ ဆက်လက်လေ့လာနေဆဲဖြစ် ပေမဲ့ လူတွေ နှစ်ပေါင်းများစွာ တုပ်ကွေးရောဂါကူးစက်မှုတွေနဲ့ ကာကွယ်ဆေးတွေကနေ တည်ဆောက်ပေးထားတဲ့ကိုယ်ခံအားကို အရှောင်အတိမ်းလုပ်နိုင်အောင် ဒီဗီဇပြောင်းပိုးတွေက ထောက်ကူ သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။
ရလဒ်အနေနဲ့ ဗိုင်းရပ်စ်ဟာ လူတွေကို ကူးစက်ဖို့နဲ့ ပြန့်ပွားဖို့ ပိုမိုလွယ်ကူလာပြီး ဒါကြောင့် ဂျပန်အပါအဝင် ယူကေနဲ့ တခြားနိုင်ငံတွေမှာ တုပ်ကွေးရာသီ အခုလို စောစော စတင်နေတာ ဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဗိုင်းရပ်စ်ဟာ ပိုပြီး အလွယ်တကူ ပြန့်ပွားနိုင်မယ်ဆိုရင် တုပ်ကွေးရာသီကို စတင်ဖြစ်လာနိုင်စေမယ့် ဆောင်းရာသီလိုမျိုး ပိုမိုအထောက်အကူဖြစ်စေနိုင်မယ့် အခြေအနေတွေ ( အအေးပိုင်းဒေသက လူများအနေနဲ့ အပူပေးစက်ဖွင့်၊ ပြတင်းပေါက်တွေ ပိတ်ကာ အချိန်တွေ ကုန်ဆုံးရမယ့် အခြေအနေ) ကို စောင့်စရာမလိုတော့ပါဘူး။
ပါမောက္ခ Lewis က " ကျွန်မတို့ဟာ သာမန်ထက် အစောပိုင်းအဆင့် ရောက်နေပြီဖြစ်မို့ ပြင်းထန်တဲ့ တုပ်ကွေးရာသီဖြစ်လိမ့်မယ်လို့ ထင်မြင်ကြောင်း" သူကပြောပါတယ်။
ကပ်ရောဂါကာလ တွေတုန်းက R နံပါတ်တွေ (တစ်ဦးချင်းစီ ကူးစက်ခံရသူကနေ ဗိုင်းရပ်စ်ကို ကူးစက်စေသော လူဦးရေ) ကို မှတ်မိမယ်ဆိုရင် သန္ဓေပြောင်း ဗိုင်းရပ်စ် အသစ်ကနေ အားသာချက်ရှိကြောင်း အဲဒီအချက်တွေက ညွှန်ပြနေတယ်လို့ ဆိုပါတယ်။
ပါမောက္ခ Lewis က ရာသီအလိုက် တုပ်ကွေးဟာ ပုံမှန်အားဖြင့် R နံပါတ် ၁.၂ လောက်ရှိပြီး အခုနှစ်အတွက် အစောပိုင်းခန့်မှန်းချက် ကတော့ ၁.၄ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရိုးရိုးလေး ပြောရမယ်ဆိုရင် ပုံမှန်နှစ်တစ်နှစ်မှာ လူအယောက် ၁၀၀ မှာ တုပ်ကွေးပိုး တွေ့ရှိရင် သူတို့ကနေ လူအယောက် ၁၂၀ ဆီကို ကူးစက်စေမှာဖြစ်ပြီး အခုနှစ်မှာတော့ လူအယောက် ၁၄၀ ဆီကို ကူးစက်စေ နိုင်တယ်လို့ ထောက်ပြထားပါတယ်။
၁၀ နှစ်အတွင်း အဆိုးဆုံး တုပ်ကွေးရာသီ ဖြစ်နိုင်လား
အောက်စဖို့ဒ်တက္ကသိုလ် ကပ်ရောဂါသိပ္ပံအင်စတီကျု က ပါမောက္ခ Christophe Fraser က "ဆိုးရွားတဲ့ တုပ်ကွေးရာသီဖြစ်လာနိုင်ခြေမြင့်မားပြီး အလွန်မြန်မြန်ဆန်ဆန် ကူးစက်လာနိုင်တယ်၊ အဲဒီလိုအခြေအနေမျိုး ဆိုက်ရောက်နေပြီ" လို့ ပြောပါတယ်။
"ဒါဟာ မကြာသေးခင် ၁၀ နှစ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ တုပ်ကွေးရာသီတချို့ထက်ပိုပြီး ဆိုးရွားနိုင်ကြောင်း ညွှန်ပြသည့် အညွှန်းကိန်းတွေ ဖြစ်တယ်"လို့ သူက ဆိုပါတယ်။
ပုံမှန် တုပ်ကွေးရာသီမှာ ငါးဦးမှာ တစ်ဦးလောက် ကူးစက်ခံရပေမယ့် အခုနှစ်မှာ အဲဒီထက်မြင့်တက်နိုင်တယ်လို့ သူက သတိပေးထားပါတယ်။
ဒါပေမယ့် ဒီ ခန့်မှန်းချက်အားလုံးမှာ မရေရာမှုတွေ ရှိနေဆဲဖြစ်တယ်လို့လည်း သူက ထောက်ပြထားပါတယ်။
တချို့က ဩစတြေးလျက သဲလွန်စတွေကို ရှာဖွေကြည့်ရှုကြခဲ့ကြပါတယ်။ အကြောင်းရင်းက အခုနှစ်မှာ ဩစတြေးလျဟာ မှတ်တမ်းတင်လောက်အောင် အဆိုးရွားဆုံး တုပ်ကွေးရာသီကို ကြုံတွေ့ခဲ့ရပေမယ့် ဥရောပမှာ ရင်ဆိုင်နေရတဲ့ သန္ဓေပြောင်း H3N2 နှင့် မတူညီပါဘူး။
ကျောင်းသူကျောင်းသားတွေဟာ ဗိုင်းရပ်စ် ကူးစက်ဖို့ အလွန်လွယ်ကူတဲ့ အခြေအနေမှာ ရှိနေတယ်လို့ လေ့လာသိရှိထားကြောင့် သုတေသီတွေက ပြောပါတယ်။
ဒါပေမယ့် ၁၀ နှစ်သားကလေးရဲ့ကိုယ်ခံအားဟာ သူ့ဘိုးဘွားတွေရဲ့ ကိုယ်ခံအားနဲ့ မတူဘဲ ကွဲပြားနိုင်တယ်။ အကြောင်းရင်းကတော့ ဘိုးဘွားတွေရဲ့ ကိုယ်ခံအားစနစ်က ကလေးထက် ခြောက်ဆများတဲ့ တုပ်ကွေးရာသီတွေကနေ ပုံဖော်တည်ဆောက် ထားလို့ ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။
ဒါကြောင့် ကျွမ်းကျင်သူတွေက လာမည့်ရက်သတ္တပတ်တွေအတွင်း ဗိုင်းရစ်က အသက်အရွယ်ကြီးရင့်တဲ့ အုပ်စုကို စတင်ကူးစက်တဲ့အခါမှာ နီးကပ်စွာ စောင့်ကြည့်သွားကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။
'ဒီပိုးဟာ ပိုပြီးပြင်းထန်တဲ့ ဗိုင်းရပ်စ်တစ်မျိုး'
သမိုင်းကြောင်းအရ လူတွေ အခုနှစ် ရင်ဆိုင်နေရတဲ့ တုပ်ကွေးအမျိုးအစားဟာ ပိုမိုပြင်းထန်ပြီး အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူတွေအတွက် ဆိုးဆိုးရွားရွားခံရနိုင်တယ်လို့ မှန်းပါတယ်။
တုပ်ကွေးအမျိုးအစား အမျိုးမျိုးရှိပြီး သူတို့ရဲ့ အမည်တချို့နဲ့ အကျွမ်းတဝင် ရှိလိမ့်မယ် ထင်ပါတယ်။ ဥပမာ ၂၀၀၉ ခုနှစ်မှာ ကပ်ရောဂါဖြစ်ပွားစေခဲ့တဲ့ H1N1 ဝက်တုပ်ကွေး ဒါမှမဟုတ် လက်ရှိတွင် ကမ္ဘာတဝန်းမှာ ငှက်တွေကို သေစေနိုင်တဲ့ H5N1 တို့ဖြစ်ပါတယ်။
H3N2 တုပ်ကွေးအုပ်စုမှာတော့ ဗီဇပြောင်းလဲမှုအသစ်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ပါမောက္ခ Lewis ကတော့ "H3 ပိုးဟာ အမြဲတမ်း ပိုမိုပြင်းထန်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်တယ်၊ ဒါ့အပြင် ပိုမိုဆိုးရွားတဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး လူဦးရေ အတော်များများ အပေါ် ပိုပြီး သက်ရောက်မှုရှိနိုင်တယ်" လို့ ဆိုပါတယ်။
တချို့ တုပ်ကွေးရောဂါကူးစက်ခံရသူတွေဟာ ရောဂါလက္ခဏာ လုံးဝမပြဘဲရှိနေနိုင်တယ် ဆိုတာကို သိထားသင့်တယ်။ ရုတ်တရက် အဖျားတက် လာတာ၊ ကိုယ်လက်ကိုက်ခဲပြီး ပင်ပန်းနွမ်းနယ်တယ်လို့ ခံစားရရင် သတိထားသင့်ပြီး ဗိုင်းရပ်စ်ဟာ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေမှာ အသက်အန္တရာယ်စိုးရိမ်ရနိုင်တယ်လို့ သတိပေးထားပါတယ်။
အခုနှစ်မှာ တုပ်ကွေးကြောင့် လူ အယောက် ၈,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ၂၀၂၂-၂၃ တုပ်ကွေးရာသီတုန်းက သေဆုံးသူ ၁၆,၀၀၀ နီးပါးရှိခဲ့ပါတယ်။ ဗြိတိန်က အမျိုးသား ကျန်းမာရေးဌာန NHS က ပြင်းထန်တဲ့ တုပ်ကွေးရာသီ ကြုံရနိုင်တယ် ကြိုတင်ခန့်မှန်းထားပါတယ်။
ဒါဆို လူထုအနေနဲ့ ဘယ်လို ကာကွယ်နိုင်မှာပါလဲ။
ရိုးရှင်းတဲ့ အကြံပေးချက်ကတော့ ရာသီအလိုက် တုပ်ကွေးကာကွယ်ဆေးထိုးဖို့ ဖြစ်ပါတယ်။ အင်္ဂလန်မှာတော့ NHS ကနေ လာမည့်ရက်သတ္တပတ်အတွင်း ကာကွယ်ဆေးထိုးနှံနိုင်မည့် နေရာ ၂.၄ သန်းရှိကြောင်း "တုပ်ကွေး ကာကွယ်ဆေး ထိုးကြဖို့ အရေးပေါ် ပန်ကြားချက်" ကို ကြေညာထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပါမောက္ခ Lewis က ဒီနှစ်ဟာ ကာကွယ်ဆေးထိုးဖို့ "အရေးကြီးဆုံးနှစ်ဖြစ်တယ်" လို့ဆိုကာ " ဆရာဝန်ကနေ ဆက်သွယ်လာရင် ကျေးဇူးပြုပြီး တုပ်ကွေးကာကွယ်ဆေးကို မြန်မြန်ဆန်ဆန် ထိုးနှံကြပါ" လို့ သူက တိုက်တွန်းထားပါတယ်။
ဒါပေမယ့် ယခုနှစ်အတွက် ကာကွယ်ဆေးဟာ သန္ဓေပြောင်း ဗိုင်းရပ်စ်နဲ့ လုံးဝကိုက်ညီမှုမရှိမှု မရှိပါဘူး။
ကာကွယ်ဆေး ဒီဇိုင်းဆွဲဖို့ ဆုံးဖြတ်ချက်ကို လိုအပ်သော ကာကွယ်ဆေးမျိုးစိတ် သန်းပေါင်းများစွာ ထုတ်လုပ်နိုင်ဖို့ လုံလောက်တဲ့ အချိန်ရရှိရေးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ချမှတ်ခဲ့ပြီး ဇွန်လမှာ သန္ဓေပြောင်းဗိုင်းရပ်စ်အသစ် ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
ပါမောက္ခ Fraser ကတော့ "ကာကွယ်မှု နည်းနည်း ရှိတာက ကာကွယ်မှု လုံးဝမရှိတာထက် ပိုကောင်းတယ်၊ ဒါပေမယ့် ဒီနှစ်မှာ ကာကွယ်နိုင်မှု ပမာဏဟာ မျိုးဇီဇကူးပြောင်းမှုနဲ့ ကာကွယ်ဆေး စွမ်းအား ကိုက်ညီမှုပိုကောင်းတဲ့ နှစ်တွေထက် နည်းပါးနိုင်တဲ့ နှစ်တွေထဲက တစ်နှစ်ဖြစ်လာနိုင်တယ်၊ ဒါဟာ စံပြအခြေအနေတစ်ရပ်တော့ မဟုတ်ဘူး" လို့ သူက ထောက်ပြထားပါတယ်။
ကာကွယ်ဆေးက တုပ်ကွေး ဗိုင်းရပ်စ်ပိုးကို မှတ်မိနိုင်ပြီး သူနဲ့ ကပ်နိုင်တဲ့ ပဋိပစ္စည်းတွေ ထုတ်လုပ်ဖို့ ခန္ဓာကိုယ်ကို လှုံ့ဆော်ပေးဦးမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အကြီးမားဆုံးသော အကျိုးကျေးဇူးတွေက ရောဂါပြင်းထန်မှုကို လျှော့ချပေးမှာသာဖြစ်ပြီး လူကို နေမကောင်းဖြစ်တာကနေ တားဆီးတာ ဒါမှမဟုတ် ဗိုင်းရပ်စ်ပြန့်ပွားမှုကို နှေးကွေးစေတာမျိုးတွေတော့ ရှိလာမှာမဟုတ်ပါဘူး။
ခပ်စောစော ကုသတာဟာ တုပ်ကွေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ စိုးရိမ်ရတဲ့ အခွင့်အလမ်းကို လျှော့ချပေးကြောင်း သတိပေးချက်တွေကို ဒီအတောအတွင်း ဆရာဝန်ဆီကနေ ပေးပို့ခဲ့ကြပါတယ်။
ဂျပန်မှာလည်း အစောပိုင်း တုပ်ကွေးရာသီကို ဖြတ်သန်းနေရပြီး ရောဂါဖြစ်ပွားမှုတွေကို ထိန်းချုပ်ဖို့ ကျောင်းတွေကို ပိတ်ထားခဲ့ကြပါတယ်။
ဒီအရေးယူလုပ်ဆောင်မှုတွေဟာ ကိုဗစ်ကူးစက်တုန်းက အရေးယူ ဆောင်ရွက်ခဲ့တဲ့ပုံစံ ပိတ်ပင်တားဆီးတာမျိုး မဟုတ်ဘဲ ဗိုင်းရပ်စ်ပြန့်ပွားမှုတွေကို နှောင့်ယှက် တားမြစ်ဖို့ နိုင်ငံတနိုင်ရဲ့ ရေတိုအစီအမံတွေ ဖြစ်ပါတယ်။
လာမည့်လတွေအတွင်း ဘယ်လို ဖြစ်လာမလဲ ဆိုတာကို ဘယ်သူမှ အတိအကျမသိကြပါဘူး။
ပါမောက္ခ Lewis က "လာမည့်သီတင်းပတ်တွေအတွင်း ပျောက်ကွယ်သွားနိုင်ပေမယ့် ကျွန်မကတော့ ဒါမျိုး ဖြစ်လာလိမ့်မယ် မထင်မိပါဘူး"လို့ ဆိုပါတယ်။










