HMPV ဗိုင်းရပ်စ် - ကမ္ဘာကြီးအတွက် စိုးရိမ်စရာကောင်းလား

ဓာတ်ပုံ ရင်းမြစ်, EPA
လတ်တလောမှာကို လူသား မက်တာနျူမိုဗိုင်းရပ်စ်(HMPV)ကူးစက်မှုတွေ တရုတ်နိုင်ငံမြောက်ပိုင်းမှာ အလျင်အမြန်တိုးပွားလာရာကနေ ပြည်သူ့ကျန်းမာရေး တပ်လှန့်သတိရှိမှုတွေ ရှိလာပါတယ်။
တရုတ်နိုင်ငံကနေ ကူးစက်မှု စတင်ပြီး လူ ၇ သန်းသေဆုံးတဲ့အထိ ကမ္ဘာလုံးဆိုင်ရာကပ်ဘေးတစ်ခုအဖြစ်ပြောင်းလဲခဲ့တဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်ကို ကျန်းမာရေးတပ်လှန့်ရတဲ့အထိ ဖြစ်ခဲ့ရအပြီး ၅ နှစ်အကြာမှာပဲ အခုအခြေအနေ ထွက်ပေါ်လာတာပါ။
ကူးစက်မှုတွေဟာ အသက် ၁၄ နှစ်နဲ့ ၁၄ နှစ်အောက်အရွယ်မှာ အတွေ့ရအများဆုံးဖြစ်နေတယ်လို့ တရုတ်အကြီးတန်း ကျန်းမာရေး အရာရှိတွေပြောတယ်ဆိုပြီး သတင်းတွေမှာဖော်ပြနေပါတယ်။ ဒါပေမဲ့ ဆေးရုံတွေမှာ ကူးစက်ခံလူနာတွေနဲ့ပြည့်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကိုတော့ တရုတ် ကျန်းမာရေးအရာရှိတွေက ငြင်းဆိုထားတယ်လို့ ဆိုပါတယ်။
အိန္ဒိယမှာလည်း အလားတူ ဗိုင်းရပ်စ် ကူးစက်မှုရှိနေပြီဆိုတဲ့သတင်းတွေ ပေါ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
HMPV ဗိုင်းရပ်စ်အသစ်လား
အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ(CDC)ရဲ့ အဆိုအရ အခုကူးစက်ပျံ့ပွားနေတဲ့ ဗိုင်းရပ်စ်အမျိုးအစားကို လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်ကတည်းက တွေ့ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်သူတွေကတော့ ဒီဗိုင်းရပ်စ်ဟာ အဲဒီမတိုင်ခင် ဆယ်စုနှစ်များစွာကတည်းက ရှိနေတာလည်းဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
HMPV ရဲ့ လက္ခဏာတွေက သာမန်တုပ်ကွေးအအေးမိတဲ့ပုံစံလက္ခဏာတွေနဲ့ ဆင်တတ်ပါတယ်။ ချောင်းဆိုးတာ၊ ဖျားတာ၊ နှာပိတ်တာနဲ့ အသက်ရှုကြပ်တာတွေ ဖြစ်ပါတယ်။ တချို့ကူးစက်မှုတွေကတော့ အဲဒီထက် ပိုဆိုးတာတွေလည်းရှိနိုင်ပါတယ်။
အသက်အရွယ်မရွေး အသက်ရှုလမ်းကြောင်းဖြစ်တဲ့ လည်ချောင်းကနေ အဆုတ်အထိကို ရောဂါပိုးကကူးစက်ဝင်ရောက်နိုင်တယ်လို့ CDC က ပြောပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ် ကိုယ်ခံအားနည်းတဲ့ ကလေးနဲ့ အသက်အရွယ်ကြီးသူတွေအတွက် ကူးစက်မှု ပိုပြီး မြင်တွေ့ရတယ်လို့ အမေရိကန်ရဲ့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက သိရပါတယ်။
ကူးစက်မှုစတင်ပြီး ရောဂါစတင်ဖြစ်ပွားချိန်ကတော့ ခန့်မှန်းခြေအရေ ၃ ရက်ကနေ ၆ ရက်အကြာအထိ ရှိနိုင်ပါတယ်။ ရောဂါပြင်းထန်မှုပေါ် မူတည်ပြီး ကြာချိန်ကလည်း ကွဲပြားနိုင်ပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ် ကူးစက်မှုကြောင့်ဖြစ်တဲ့ အခြားအသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါတွေနဲ့ ပုံစံတူပါတယ်။
ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာရဲ့ ကူးစက်မှုတွေအပေါ် စောင့်ကြည့်လေ့လာ ခဲ့တဲ့ မှတ်တမ်းတွေအရ HMPV ဗိုင်းရပ်ဟာ မအေးလွန်း မပူလွန်းတဲ့ ဆောင်းအကုန် နွေအကူး ရာသီအခြေအနေမျိုးမှာ ပိုပြီး ရှင်သန် ကူးစက်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။
ဒီဗိုင်းရပ်စ် ဘယ်လိုပျံ့နှံ့လဲ
HMPV ဟာ ချောင်းချိုး၊ နှာချေရာက ထွက်လာတဲ့ အရည်နဲ့အမှုန်အမွှားတွေကနေ လူလူချင်းကို ကူးစက် ပျံ့ပွားနိုင်ပါတယ်။
ကူးစက်ခံရသူနဲ့ အနီးကပ်နေထိုင်ရသူ၊ လက်ဆွဲနှုတ်ဆက်တာ၊ ထိတွေ့တာ ဒါမှမဟုတ် ကူးစက်ခံရသူထိတွေ့ကိုယ်တွယ်ထားတဲ့ အရာတွေကို ထိတွေ့မိတာ၊ သူတို့ရဲ့ ပါးစပ်၊ နှားခေါင်းနဲ့ မျက်စိ စတာတွေကို ထိတွေ့မိရာကလည်း ကူးစက် ပျံ့ပွားနိုင်ပါတယ်။
လူအများစု အိမ်တွင်းမှာအနေများတဲ့ အေးတဲ့လပိုင်းတွေမှာ ပုံမှန်အားဖြင့် ကူးစက်ပျံ့ပွားလေ့ရှိပါတယ်။

ကလေးတွေနဲ့ သက်ကြီးပိုင်းတွေမှာ ဘာကြောင့် ကူးစက်နိုင်ခြေရှိတာလဲ
လူတစ်ဦးဟာ HMPV ကို အကြိမ်ကြိမ် ကူးစက်ခံရနိုင်ပါတယ်။ ပထမဆုံးကူးစက်ခံရမှုတွေမှာတော့ ရောဂါကို အပြင်းအထန် ခံစားကြရလေ့ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
နောက်ထပ်ကူးစက်ခံရမှုတွေမှာတော့ HMPVကူးစက်ခံရမှု အတွေ့အကြုံရှိပြီးတဲ့ ခုခံအားစနစ်ရဲ့ အတွေ့အကြုံကြောင့် ပထမဆုံးအကြိမ်တွေလောက် ရောဂါလက္ခဏာတွေ ပြင်းပြင်းထန်ထန် မခံစားရတော့ပါဘူး။ HIV နဲ့ ကင်ဆာရောဂါတို့လိုမျိုး တခြားရောဂါတွေကြောင့် ကိုယ်ခံအား မကျနေဘူးဆိုရင်လည်း HMPV ထပ်ဖြစ်တဲ့အခါ ကိုယ်ခန္ဓာက ဒဏ်ခံနိုင်ပါတယ်။
ဒါကြောင့်လည်း ခုခံအားစနစ်နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ အားနည်းတဲ့ အသက်အရွယ်ကြီးရင့်သူ အသက် ၆၅ နှစ်အထက်နဲ့ အသက် ၅ နှစ်အောက် ကလေးတွေမှာ HMPV ကူးစက်မှုကာ အပြင်းအထန်ခံစားရတာမျိုးကိုဖြစ်စေ တာပါ။
ဆယ်စုနှစ်တိုင်အောင်ကြာရှည်တည်ရှိခဲ့ပြီးတဲ့ ဗိုင်းရပ်စ် မျိုးဖြစ်တာအပြင် ကိုယ်ခန္ဓာခုခံ အားစနစ်ကို လုံလုံလောက်လောက် တည်ဆောက်ထားနိုင်ကြတဲ့အခြေအနေမျိုးမှာ စိုးရိမ်စရာမရှိဘူးလို့ ကျွမ်းကျင်သူတွေက ယုံကြည်ထားကြပါတယ်။
တရုတ်မှာ ဘာတွေဖြစ်နေလဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဆိုရှယ်မီဒီယာတွေမှာတော့ နှာခေါင်းစည်းတပ်ထားတဲ့လူတွေရဲ့ ပုံတွေ ဗီဒီယိုတွေအများ အပြားပေါ်ထွက်လာပါတယ်။ ဒါတွေကြောင့်ပဲ တရုတ်က ဆေးရုံတွေအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာနေရာတွေမှာ လူတွေပြည့်နေပြီလားဆိုတဲ့စိုးရိမ်စိတ်ကို ဦးတည်စေခဲ့ပါတယ်။
တရုတ်ပြည်တွင်းမီဒီယာတွေတချို့ကတော့ ဒီအခြေအနေကို ကိုဗစ်စဖြစ်တုန်းက ကနဦးမြင်ခဲ့ရတဲ့မြင်ကွင်ငးတွေနဲ့ နှိုင်းယှဥ် သတင်းဖော်ပြကြပါတယ်။
တရုတ်နိုင်ငံ ကူးစက်ရောဂါဆိုင်ရာ ကာကွယ်ထိန်းချုပ်ရေးစင်တာ(CDC) အကြီးအကဲ ကန်ဘောင်းကတော့ နိုင်ငံအတွင်းမှာ ဆောင်းအကုန် နွေဦးအကူးအပြောင်းမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုတွေ ဖြစ်ပွားတာဖြစ်နိုင်တယ်လို့ ပြောထားပါတယ်။
အသက် ၁၄ နှစ်အောက်အရွယ်တွေမှာ HMPV ကူးစက်မှုဖြစ်ပွားတဲ့နှုန်းဟာ ''အမြင့်ဘက်ကို တက်တဲ့အနေအထားနဲ့တွေ့ရတယ်'' လို့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
ဒါပေမယ့် ၂၀၂၄ ခုနှစ်အတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်မှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်ကကူးစက်မှုနှုန်းထက် နည်းပါးနိုင်ခြေရှိတယ်လို့ပြောပါတယ်။
HMPV ဟာ ဆောင်းရာသီမှာ ကူးစက်ပျံ့ပွားတဲ့ ဗိုင်းရပ်စ် ၄ ခုထဲက ၁ ခုသာဖြစ်တယ်လို့ ကူးစက်ရောဂါတုံ့ပြန်ရေးနဲ့ ဆန်းသစ်နည်းပညာနဲ့တိုက်ဖျက်ရေး စင်တာရဲ့ ဒါရိုက်တာ ပါမောက္ခ ကျူလီယို ဒီ အိုလီဗီယာကပြောပါတယ်။ အခြားဗိုင်းရပ်စ်တွေကတော့ လည်ချောင်း၊ အဆုတ်တို့ကို တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်၊ ကိုဗစ်နဲ့ ရာသီတုပ်ကွေးတွေ ဖြစ်ပါတယ်။
ရာသီဥတုအခြေအနေနဲ့ အဲဒီဗိုင်းရပ်စ်လေးမျိုး ပျံ့နှံ့မှုကြောင့် တရုတ်နိုင်ငံက ဆေးရုံတွေမှာ ကုသမှုအပိုင်း ပိုလုပ်ရတဲ့အတိုင်းအတာ တစ်ခုအထိ ရှိလာနိုင်တယ်လို့ သူက ရှင်းပြပါတယ်။
အခုတော့ ဇစ်မြစ်မသိအဆုတ်ရောင်ရောဂါ အခြေအနေကို စောင့်ကြည့် စနစ်နဲ့ စမ်းသပ်နေသလို၊ အခုဆောင်းရာသီအတွင်းမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါမျိုးတွေ ကူးစက်ပျံ့နှံ့ တာမျိုးတွေဖြစ်နိုင်တယ်လို့ တရုတ်နိုင်ငံအနေနဲ့ မျှော်လင့်ထားတယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က တရုတ်နိုင်ငံကထုတ်ပြန်ပါတယ်။
ဒီလို ကြိုတင်ကာကွယ်မှုအခြေအနေဟာ ကြိုတင်ပြင်ဆင်မှု နည်းခဲ့တဲ့ ကိုဗစ် ပထမဆုံးစတင်တဲ့ လွန်ခဲ့တဲ့လေးနှစ်တုန်းကထက် စာရင် ကြိုတင်ပြင်ဆင်ထားတဲ့အခြေအနေလို့ ဆိုနိုင်ပါတယ်။











