ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

စတားလင့်ခ်ရဲ့ မူဝါဒအသစ်ကြောင့် တော်လှန်ရေးနယ်မြေက စက်တွေအခက်ကြုံလာ

စတားလင့်ခ်ရဲ့မူဝါဒအသစ်ကြောင့်တော်လှန်ရေးနယ်မြေကစက်တွေ အခက်ကြုံလာ၊ ဘေကျင်းမှာတွေ့ဆုံပြီးတဲ့နောက် အီရန်ကို စစ်ဘက်ဆိုင်ရာပစ္စည်းတွေ မပေးတော့ဘူးလို့ ရှီ က ကတိပေးကြောင်း ထရမ့် ပြောတဲ့သတင်းအပါအဝင် မေလ ၁၅ ရက်နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့ပေါ်က စံပြရပ်ကွက်ထဲ စစ်တပ် ဗုံးကြဲ
  • ဘေကျင်း ခရီးစဉ်ဟာ အလွန်အောင်မြင်ပြီး သမိုင်းဝင်တဲ့ဖြစ်ရပ်လို့ ထရမ့်ရော ရှီ ပါ ပြော
  • စက်ပိုင်ရှင်ရဲ့ မျက်နှာဖော်ပြရမယ်ဆိုတဲ့ စတားလင့်ခ်ရဲ့မူဝါဒအသစ်ကြောင့်တော်လှန်ရေးနယ်မြေက အင်တာနက်အသုံးပြုတွေ စက်မှတ်ပုံတင်ဖို့အတွက် အခက်ကြုံနေရ
  • SCEF နဲ့ ဖက်ဒရယ်ယူနစ်တွေ ဆက်တိုက်တွေ့ဆုံ
  • ဒီနေ့ဟာ ဘေကျင်းခရီးစဉ်ရဲ့ နောက်ဆုံးနေ့ဖြစ်ပြီး ထရမ့်နဲ့ ရှီ ဆက်တွေ့ဆုံဖို့ရှိနေ
  • တရုတ်ဟာ အီရန်ကနေ လောင်စာဆီတွေအများကြီးဝယ်ယူနေရပြီး ဆက်ပြီး ဝယ်ချင်ပုံရတယ်လို့ ထရမ့်ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မေလ ၁၅ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ထရမ့်နဲ့ တရုတ်ကြား ဖြေရှင်းရခက်တဲ့ပြဿနာများဆက်ရှိနေ

    သမ္မတရှီကျင့်ဖျင်က သမ္မတဒေါ်နယ်ထရမ့်ကို ခမ်းနားစွာကြိုဆိုခဲ့ပါတယ်။ ထရမ့်ရဲ့ ၂၀၂၆ တရုတ်ခရီးစဉ်ဟာ ကမ္ဘာ့အင်အားကြီး ပြိုင်ဘက်နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပြန်တည်ဆောက်နိုင်မလားဆိုပြီး စောင့်ကြည့်ခံနေရတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

    ဘေဂျင်းက ပြည်သူ့ခန်းမဆောင်အပြင်ဘက်မှာ စစ်ရေးဂုဏ်ပြုတပ်ဖွဲ့တွေနဲ့ ထရမ့်ကို တန်းစီကြိုဆိုခဲ့ပြီး သေနတ်ဂုဏ်ပြုပစ်ဖောက်တာတွေလည်း လုပ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံတော်သီချင်းကိုလည်း တရုတ်စစ်တပ်ဂီတအဖွဲ့က တီးခတ်ခဲ့ပါတယ်။

    ထရမ့်ကတော့ တရုတ်နဲ့ အမေရိကန်အလံတွေ ကိုင်ပြီး အော်ဟစ်ကြိုဆိုနေတဲ့ ကျောင်းသားကလေးတွေကို နှစ်ကြိမ်တိုင် ရပ်ပြီး နှုတ်ဆက်ခဲ့ပါတယ်။

    ရှီကျင့်ဖျင်နဲ့ လက်ဆွဲနှုတ်ဆက်ချိန်မှာလည်း ထရမ့်က ရှီရဲ့ လက်မောင်းကို ပုတ်လိုက်တာတွေ့ရပြီး အတော်နွေးနွေးထွေးထွေး ရှိတဲ့ပုံစံမျိုး မြင်ရပါတယ်။ ပြီးတော့ တရုတ်ခေါင်းဆောင်ကိုလည်း ချီးကျူးစကားတွေ ပြောခဲ့ပါတယ်။

    "အဆွေတော်က ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။ လူတိုင်းကို ကျွန်တော် ဒီလိုပဲ ပြောပါတယ်" လို့ ထရမ့်က ပြောခဲ့ပါတယ်။ အဲဒီစကားက ကြိုရေးထားတဲ့ မိန့်ခွန်းထဲက မဟုတ်ဘဲ သူ့ဘာသာ ပြောလိုက်တဲ့ပုံစံမျိုးလည်း ဖြစ်ဟန်ရှိပါတယ်။

    နောက်ပိုင်း Temple of Heaven ကို သွားလည်တဲ့အချိန်မှာလည်း "တရုတ်က လှပတဲ့နိုင်ငံ" လို့ သတင်းထောက်တွေကို ပြောခဲ့ပြီး ညပိုင်းဧည့်ခံပွဲမှာတော့ ဒီဆွေးနွေးပွဲတွေကို "တန်ဖိုးထားရတဲ့ အခွင့်အရေး" လို့ ပြောသွားပါတယ်။

    ဒီမြင်ကွင်းတွေကတော့ တရုတ်အပေါ် အမြဲတမ်း ပြင်းပြင်းထန်ထန် ပြောလေ့ရှိတဲ့ ထရမ့်အတွက် အတော်လေး ထူးခြားနေပါတယ်။

    ထရမ့်ရဲ့ ‌ ဘေကျင်းခရီးအပေါ် သုံးသပ်ချက်ကို ဒီလင်ခ့် မှာဖတ်ရှုနိုင်ပါတယ်။

  3. စစ်မှုထမ်းတွေ အိမ်ပြန်ခွင့်ရနေပြီလို့ TikTok ကနေ ဘယ်လိုဝါဒဖြန့်သလဲ

    စစ်မှုထမ်းဥပဒေနဲ့ စစ်သားစုဆောင်းခံရသူတွေထဲမှာ ပထမဆုံးတပ်ထဲရောက်ခဲ့တဲ့ အပတ်စဥ် ၁ တပ်သားတွေကို စစ်မှုထမ်းသက် နှစ်နှစ်ပြည့်လို့ အိမ်ပြန်ခွင့်ပြုနေပြီလို့ နည်းလမ်းမျိုးစုံနဲ့ စစ်တပ်က သတင်းထုတ်လာပါတယ်။

    တိုင်းစစ်ဌာနချုပ်ကနေ ရပ်ကျေးအဆင့်အထိ စစ်မှုထမ်းအပတ်စဥ် ၁ နုတ်ထွက်ခွင့်ကို ထုတ်ပြဖို့ စနစ်တကျပြင်ဆင်တာတွေ့ရတယ်လို့ CDM စစ်သားအသိုင်းအဝိုင်းက ဆိုပါတယ်။

    ဒီလို ပြင်ဆင်ပုံဖော်ထားတာကို စစ်တပ်က လူမှုကွန်ရက်တွေပလက်ဖောင်းတွေကပါ ဖြန့်ဝေလာတာ ဖြစ်ပါတယ်။

    "TikTok မှာ စစ်တပ် မ တည်ထားတဲ့ ဝါဒဖြန့် Vlog တွေ(ဥပမာ ပျိုမေ Vlog) မှာ အိမ်ပြန်ခွင့်ရတဲ့ လူငယ်တွေရဲ့ အသံဆိုပြီး လုပ်တာတွေ့ရတယ်။ စစ်တပ်က ဒီဝါဒဖြန့်လုပ်ငန်းကို ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး လုပ်လာတာတွေ့ရတယ်" လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI ရဲ့ စစ်ဘက်ရေးရာ တာဝန်ခံ ကိုနောင်ရိုးက ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း Facebook ကို စစ်တပ်ကပိတ်လိုက်လို့ မြန်မာမှာ လူသုံံးအများဆုံးဖြစ်လာတဲ့ TikTok ဟာ စစ်တပ်ထောက်ခံသူ၊ စစ်တပ်မီဒီယာနဲ့ အမျိုးသားရေးသမားတွေရဲ့ အဓိကဝါဒဖြန့် ပလက်ဖောင်းတစ်ခုဖြစ်လာတယ်လို့ မြန်မာအင်တာနက်ပရောဂျက်(MIP) က ဆိုပါတယ်။

    စစ်မှုထမ်းအမှတ်စဥ် ၁ ကနေ ဘယ်နှဦးနုတ်ထွက်ခွင့်ရကြလဲ ... ဒီဆောင်းပါးလင့်ခ်ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

  4. ယော၊ဆောဒေသထဲ စစ်တပ်ရဲ့အင်အားဖြည့်တင်းမှုနဲ့ ချင်း-ရခိုင် စစ်ရေးဖိအား

    ချင်းတောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ မကွေး(ဆောဒေသ)က ကံကြီးရွာကို မြန်မာစစ်တပ်က ယောဒေသနဲ့ ချင်းတောင်ပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ရေးအခြေစိုက်အဖြစ် အသုံးပြုလာပါတယ်။

    အိမ်ခြေ ၁၀၀ ဝန်းကျင်သာရှိတဲ့ ဒီရွာကို ဧပြီနှောင်းပိုင်းမှာ မြန်မာစစ်တပ်က ခြေကုပ်ယူတပ်စွဲခဲ့ပြီးနောက် ချင်းတောင်ပိုင်းကနေ ရခိုင်ဘက်အထိ စီးဆင်းနေတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေပါ ရပ်ဆိုင်းလုနီး ဖြစ်သွားပါတယ်။

    တချိန်တည်းမှာပဲ မကွေးတိုင်းထဲက ဂန့်ဂေါနဲ့ ထီးလင်းမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိလာသလို၊ ယောဒေသဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်းလှုပ်ရှားမှုတွေကိုလည်း တွေ့လာရပါတယ်။

    ဒါကြောင့် မကွေးနဲ့ ချင်းဘက်က တော်လှန်ရေးတပ်တွေဟာ ကံကြီးရွာမှာရှိတဲ့ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို သတိထားစောင့်ကြည့်နေကြပါတယ်။

    ဒေသ ၃ ခုကို ချိတ်ဆက်ထားတဲ့ ကံကြီးရွာဟာ ဘာကြောင့် ကုန်သွယ်ရေးနဲ့ စစ်ရေးအရ အရေးပါတဲ့ ဒေသဖြစ်လာသလဲ။ ဒီဆောင်းပါးလင့်ခ်ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

  5. ကနီနဲ့ ယင်းမာပင်တကြော စစ်တပ်စစ်ကြောင်းထိုးလို့ ဒေသခံသောင်းချီစစ်ရှောင်နေရ

    စစ်ကိုင်းတိုင်း၊ ကနီ နဲ့ ယင်းမာပင်မြို့နယ်အစပ်က ကျေးရွာတွေကို ဧပြီလကုန်ပိုင်းကစလို့ ဒီနေ့အထိ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ဒေသခံသောင်းနဲ့ချီစစ်ရှောင်နေရတယ်လို့ မြေပြင်အခြေအနေ သိရှိသူတချို့ဆီက သိရပါတယ်။

    “မုံရွာအနောက်ဘက်ကနေ ယင်းမာပင်နဲ့ ကနီအစပ်ကိုဖြတ်ပြီး ကနီထဲကို စစ်ကြောင်းထိုးတာပါ။ ယင်းမာပင်ထဲလည်း စစ်ကြောင်းတွေများနေတယ်” လို့ စစ်ရေးသိရှိသူတဦးက ပြောပါတယ်။

    အခုရက်ပိုင်းမှာ ငါးဖျက် ၊ မုဌော (အရှေ့)၊ မုဌော (အနောက်)၊ မင်းမ ၊ သင့်ဝင်နဲ့ သမင်ခြံရွာတို့ကို စစ်ကြောင်းထိုးခဲ့ပြီး မေ ၁၃ ရက်မှာ သမင်ခြံရွာကို စစ်ကြောင်းထိုးတပ်ဖွဲ့ဝင်တွေက မီးရှို့ခဲ့တယ်လို့ ဒေသအခြေစိုက်မီဒီယာတွေမှာလည်း ဖော်ပြပါတယ်။

    သီတင်းနှစ်ပတ်ကျော်အတွင်း ကနီမြို့နယ်ထဲက ရွာပေါင်း ၃၀ ကျော်ကို စစ်တပ်က စစ်ကြောင်းထိုး ဖြန့်ကျက်ဝင်ရောက်ခဲ့တယ်လို့ ကနီစစ်ရှောင်အရေးကူညီနေတဲ့ ကိုပြည့်အောင်နိုင်ကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားပါတယ်။

    ဒါကြောင့် ကနီမြို့နယ်ထဲက ရွာပေါင်း ၄၄ ရွာမှာနေထိုင်တဲ့ ဒေသခံ ၃ သောင်းကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

    ယင်းမာပင်မြို့နယ်ထဲက စစ်ကြောင်းတွေကိုတော့ တော်လှန်ရေးအင်အားစုတွေက ကြားဖြတ် တိုက်ခိုက်နေတယ်လို့ ကနဦးသိရပေမဲ့ စစ်ရေးအခြေအနေအသေးစိတ်သိရနိုင်ဖို့အတွက် ကြိုးစားနေဆဲပါ။

    အသွင်ပြောင်းနေပြည်တော်အစိုးရရဲ့ အရေးပေါ်ကြေညာထားတဲ့မြို့နယ်တွေထဲ ကနီနဲ့ ယင်းမာပင် မြို့နယ်တွေလည်းပါဝင်ပါတယ်။ လက်ရှိစစ်ရေးအခြေအနေနဲ့ပတ်သက်လို့တော့ စစ်တပ်ရော တော်လှန်ရေးတပ်ဘက်ကပါ ဒီနေ့ ညနေ ၅ နာရီအထိ တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

  6. ပုဏ္ဏားကျွန်းမြို့ပေါ်ကို စစ်တပ်ဗုံးကြဲ

    အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့ပေါ်က စံပြရပ်ကွက်ထဲကို ဒီနေ့ မနက် ၉ နာရီဝန်းကျင်ခန့်မှာ စစ်တပ်က ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ စစ်ရေးအရင်းအမြစ်တချို့ဆီကရော ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးကနေပါ သိရပါတယ်။

    “ရပ်ကွက်ထဲ ပေါင် ၃၀၀ ဗုံး ၃ လုံးကျတာပါ။ အိမ်လည်း ၁၀ လုံးလောက်ပျက်စီးတယ်၊ လူအထိအခိုက်တော့ မသိရသေးဘူး” လို့ အခြေအနေသိရှိသူတဦးက ပြောပါတယ်။

    စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားလူနေအိမ်တွေပေါ် လေကြောင်းတိုက်ခိုက်တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချတယ်လို့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးကလည်း ဒီနေ့တွင်းချင်းမှာပဲ ထုတ်ပြန်လာပါတယ်။

    ပုဏ္ဏားကျွန်းဟာ မကြာခဏလေကြောင်းတိုက်ခိုက်ခံရတဲ့မြို့နယ်တခုဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလမှာလည်း ရွာဟောင်းပိုင်းရပ်ကွက်၊ ရေဖြူကန်၊ ငှက်ကြီးကျွန်းရွာတွေကို လေကြောင်းဗုံးကြဲတဲ့ဖြစ်စဉ်တွေမှာ အရပ်သားသေဆုံးတာတွေရှိခဲ့တယ်လို့ အေအေက ထုတ်ပြန်ခဲ့ပါတယ်။

    အခုမေလအတွင်းမှာလည်း အေအေသိမ်းပိုက်ထားတဲ့ မင်းပြားနဲ့ ကျောက်တော်မြို့နယ်တွေဘက်ကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အေအေက ဖော်ပြပါတယ်။

    ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူတို့ကို စစ်တပ်ကထိန်းချုပ်ထားပြီး ကျန်တဲ့နေရာတွေကို အေအေက သိမ်းပိုက်ထားပါတယ်။

    ကျောက်ဖြူမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပေမဲ့ ဧပြီလကုန်ပိုင်းကစလို့ တိုက်ပွဲငြိမ်နေပြီး စစ်ရေးတင်းမာဆဲလို့ စစ်ရေးအရင်းအမြစ်တချို့ဆီက သိရပါတယ်။

  7. ထရမ့်ရဲ့ တရုတ်ခရီးစဥ်ပြီးဆုံး

    တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ နှစ်ရက်တာဆွေးနွေးပွဲပြီးတဲ့နောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဘေကျင်းကနေ ဝါရှင်တန်ကို အဲဖို့စ်ဝမ်း (Air Force One) လေယာဉ်နဲ့ ပြန်ပြီဖြစ်ပါတယ်။

    သူတို့နှစ်ဦးသား တရုတ်ကွန်မြူနစ်ပါတီ (CCP) ခေါင်းဆောင်ပိုင်းတွေနေထိုင်တဲ့ ကျုံနန်ဟိုင်မှာ ဒီနေ့ ခရီးစဉ် နောက်ဆုံးအဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီခရီးစဉ်ဟာ အလွန်အောင်မြင်ပြီး သမိုင်းဝင်တဲ့ဖြစ်ရပ်လို့ ထရမ့်ရော ရှီ ကပါ ထုတ်ပြောပါတယ်။

    တခြားနိုင်ငံက သမ္မတတွေ၊ ဝန်ကြီးချုပ်တွေကို ဒီနေရာကိုဖိတ်ခေါ်လေ့ရှိလားလို့ ကျုံနန်ဟိုင်ကိုရောက်ချိန် ထရမ့်က ဘာသာပြန်ကတဆင့် ရှီကို မေးခဲ့ပါတယ်။

    ဒါဟာ “ရှားပါးဖြစ်ရပ်” လို့ သမ္မတ ရှီက တုံ့ပြန်ပြီး “သံတမန်ရေးအခမ်းအနားတွေကို ကျွန်တော်တို့ ဒီမှာလုပ်လေ့မရှိပါဘူး။ အခမ်းအနားတချို့ဒီမှာလုပ်တာရှိလာပေမဲ့ သိပ်ရှားပါတယ်” လို့ ဖြေခဲ့ပါတယ်။

    ဒါပေမဲ့ ရုရှားသမ္မတ ပူတင်ကတော့ တရုတ်ကိုလာလည်တဲ့ခရီးစဉ်တွေမှာ ကျုံနန်ဟိုင်ကို မကြာခဏ ရောက်လေ့ရှိတယ်လို့လည်း ရှီ က ထည့်ပြောခဲ့ပါတယ်။

    ထရမ့်ရဲ့ ဘေကျင်းခရီးစဉ်နောက်ဆုံးနေ့မှာပဲ ပူတင် တရုတ်ကိုသွားမယ့်အကြောင်း ရုရှားကလာတဲ့ သတင်းတွေမှာဖော်ပြပါတယ်။

    လာမယ့်အပတ် မေ ၂၀ ရက်မှာ ရုရှားသမ္မတပူတင် ဘေကျင်းကို ရောက်လာမှာဖြစ်ပါတယ်။

  8. စတားလင့်ခ်ရဲ့မူဝါဒအသစ် တော်လှန်ရေးနယ်မြေက စက်တွေအပေါ်ဘယ်လိုသက်ရောက်မလဲ

    စက်ပိုင်ရှင်ရဲ့ မျက်နှာဖော်ပြရမယ်ဆိုတဲ့ စတားလင့်ခ်ရဲ့မူဝါဒအသစ်ကြောင့် တော်လှန်ရေးနယ်မြေက အင်တာနက်အသုံးပြုတွေ စက်မှတ်ပုံတင်ဖို့အတွက် အခက်ကြုံနေရတယ် လို့ တော်လှန်ရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

    နိုင်ငံတချို့မှာ ဒေသအာဏာပိုင်တွေကသတ်မှတ်လိုက်တဲ့စည်းမျဉ်းတွေကြောင့် သုံးစွဲသူတွေရဲ့ အချက်အလက်တွေကိုစုဆောင်းတာဖြစ်ကြောင်း စတားလင့်ခ် ဘက်ကလည်း တရားဝင်ကြေညာထားပါတယ်။

    စတားလင့်ခ်အင်တာနက်အသုံးပြုသူရဲ့ တရားဝင်နာမည်နဲ့ နိုင်ငံကူးလက်မှတ်ပေါ်က နာမည်တူညီရမှာဖြစ်ပြီး Live Photo လို့ခေါ်တဲ့ ကင်မရာချက်ချင်းဖွင့်ပြီး ဓာတ်ပုံရိုက်ပေးရတဲ့ အချက်အလက်အသစ်တွေ တောင်းခံလာတာပါ။

    “အရင်က စတားလင့်ခ်အကောင့်တွေဖွင့်ကာစ ဒါမျိုးမတောင်းတော့ အကောင့် ဖွင့်တဲ့အချိန် အဆင်ပြေသလိုနာမည်ပေးခဲ့တာပေါ့။ တချို့စက်တွေက ID တင်တာမှာပြဿနာတက်နေတယ်။ အမတို့ဆို စက်မှာပေးထားတဲ့နာမည်ကတခု ပက်စပို့နာမည်ကတခုဖြစ်တော့ အချက်အလက်တင်တာကို စတားလင့်ခ်ကလက်မခံဘဲ ပယ်ချလိုက်တယ်” လို့ ကယား (ကရင်နီ) ပြည်နယ်မှာ စတားလင့်ခ်အင်တာနက်သုံးတဲ့ စက်ပိုင်ရှင်တဦးက ပြောပါတယ်။

    စတားလင့်ခ်ကိုလက်ဝယ်ရှိသူဟာ စက်အကောင့်ကို အက်ပလီကေးရှင်းနဲ့တဆင့် ချိတ်ဆက်ထားရပြီး အဲဒီမှာ မှတ်ပုံတင်ရမယ့်အချက်အလက်အသစ်တွေ တောင်းခံနေတာပါ။ တောင်းခံစာရပြီး ၂၅ ရက်အတွင်း မှတ်ပုံတင်ရမယ်လို့လည်း ဖော်ပြထားပါတယ်။

    မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအားကောင်းတဲ့ဒေသတွေကို စစ်တပ်က အင်တာနက်ဖြတ်တောက်ခဲ့တာကြောင့် ဂြိုဟ်တုသုံးအင်တာနက် စတားလင့်ခ်ကို တော်လှန်ရေး အင်အားစုတွေက သုံးစွဲနေရတာဖြစ်ပါတယ်။

  9. SCEF ဖွဲ့စည်းပုံထဲ ဖက်ဒရယ်ယူနစ်တွေ ပါဝင်နိုင်ရေးဆွေးနွေးမှုတွေစတင်

    ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ ဖွဲ့စည်းပုံထဲမှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရနဲ့ လွှတ်တော် ပါဝင်နိုင်ရေးအတွက် နှစ်ဖက်ဆွေးနွေးမှုတွေ စတင်နေပြီလို့ ယူနစ်အစိုးရဘက်က ပြောပါတယ်။

    အဲဒီအတွက် ဆွေးနွေးမှုကို မေ ၁၃ ရက်မှာ အွန်လိုင်းကတဆင့် ပြုလုပ်ခဲ့တာဖြစ်ပြီး SCEF ရဲ့ “ပြည်နယ်/ဖက်ဒရယ်ယူနစ်/ERO ကိုယ်စားပြုမဏ္ဍိုင်” ထဲမှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် ပါဝင်နိုင်ရေးအတွက် အဓိကထား ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

    “SCEF ကို မဏ္ဍိုင် ၃ ခုနဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် စစ်ကိုင်းဖက်ဒရယ်ယူနစ်အနေနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/ERO ကိုယ်စားပြုမဏ္ဍိုင်ကနေ ပါဝင်နိုင်ဖို့ ဆွေးနွေးတာပါ” လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ကိုခန့်ဝေဖြိုးက ပြောပါတယ်။

    SCEF ဖွဲ့စည်းပုံမှာပါဝင်တဲ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့၊ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ၊ မူဝါဒရေးရာအကြံပေးအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့နဲ့ ကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့တွေထဲမှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ၊ လွှတ်တော်တို့က ပူးပေါင်းဆောင်ရွက်ရမယ့်ပုံစံနဲ့ပတ်သက်ပြီးလည်း ဆက်လက်ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

    NUG ကလည်း မေ ၁၃ ရက် တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ထားပြီး SCEF နဲ့ ယူနစ်အစိုးရကြားဆွေးနွေးနေတဲ့ အကြောင်း ပထမဆုံးထုတ်ပြန်ချက်လည်းဖြစ်ပါတယ်။

    ဒါ့အပြင် အခုတရားဝင်ဆွေးနွေးနေကြောင်းထုတ်ပြန်တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အပြင် မန္တလေး၊ မကွေးနဲ့ မွန် ဖက်ဒရယ်ယူနစ် တို့ကလည်း SCEF နဲ့ ဆွေးနွေးမှုတွေစလုပ်နေပြီလို့ SCEF နဲ့ နီးစပ်သူတစ်ဦးထံက ဘီဘီစီက သိရှိရပါတယ်။

    SCEF ကို NUG၊ CRPH နဲ့ K3C လို့ လူသိများတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

    SCEF ဖွဲ့စည်းပုံမှာ “ပြည်နယ်/ဖက်ဒရယ်ယူနစ်/ERO အစုဖွဲ့”၊ “ပြည်သူ့ကိုယ်စားပြုအစုဖွဲ့” နဲ့ “အမျိုးသမီးကိုယ်စားပြုအစုဖွဲ့” ဆိုတဲ့ မဏ္ဍိုင် ၃ ခု ပါဝင်ပါတယ်။

    SCEF ကအခုလိုတွေ့ဆုံနေတာနဲ့ တပြိုင်နက်တည်းမှာ NUG နဲ့ စစ်ကိုင်း၊ မကွေးကဖက်ဒရယ်ယူနစ်အစိုးရတွေ ဆက်တိုက်တွေ့ဆုံကာ အာဏာခွဲဝေရေးအတွက် ဆွေးနွေးနေကြပါတယ်။

    ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC) အပိုင်း ၂ မှာ တော်လှန်ရေးမအောင်မြင်ခင်ကာလ တနည်းအားဖြင့် ကြားကာလအတွက် တိုင်းဒေသကြီးအပိုင်းအခြားတွေကို ပြည်နယ်/ ဖက်ဒရယ်ယူနစ်လို့ ခေါ်ဆိုရမယ်ဆိုတဲ့ အချက်ပါဝင်လာကာ ယူနစ်အစိုးရတွေပေါ်လာပါတယ်။

  10. မြန်မာမှာ တရုတ်ငွေနဲ့ ရင်းနှီးမြှုပ်နှံဖို့ ဘာကြောင့် ခွင့်ပြုတာလဲ

    အမေရိကန်ရဲ့အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ နိုင်ငံခြားဝင်ငွေကျဆင်းမှုတွေကြောင့် ကြုံနေရတဲ့ ဒေါ်လာအကျပ်အတည်းကို လျှော့ချဖို့ နေပြည်တော်အစိုးရဟာ တရုတ်ယွမ်ငွေအပါအဝင် သူ့ မဟာမိတ်နိုင်ငံတွေရဲ့ငွေကြေးတွေနဲ့ တိုက်ရိုက်ဖလှယ်ပြီး ကုန်သွယ်ဖို့ ပြင်လာနေပါတယ်။ ဒေါ်လာအသုံးပြုတာကို လျှော့ချပြီး တိုက်ရိုက်ငွေပေးချေ ကုန်သွယ်နိုင်ဖို့ ရည်ရွယ်တဲ့ အဲဒီအစီအစဉ်ထဲမှာ မြန်မာမှာ တရုတ် ယွမ်ငွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခွင့်ပေးလိုက်တာလည်း ပါဝင်ပါတယ်။

    မတ်လ ၁၆ ရက်ကစလို့ တရုတ်ယွမ်ငွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်တယ်လို့ ဗဟိုဘဏ်က ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအသင်း(MCITP)ရဲ့အဆိုအရ ၂၀၂၆ ခုနှစ်ကနေ လာမယ့် ငါးနှစ်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုကနေ ယွမ်ငွေ ၃ ထရီလီယံကျော် ဝင်ရောက်လာဖို့ မြန်မာဘက်က မျှော်လင့်နေပါတယ်။

    ဒါဟာ မြန်မာနိုင်ငံအတွင်း ယွမ်ငွေသုံးစွဲမှု ပိုမိုကျယ်ပြန့်လာစေဖို့ ရည်ရွယ်ထားတဲ့ လက္ခဏာတစ်ခုဖြစ်တယ်လို့ စီးပွားရေးလေ့လာသူတချို့က ရှုမြင်ကြပါတယ်။

    စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေအပြင် ဆေးဝါးတင်သွင်းမှုကနေ လက်နက်ဝယ်ယူမှုအထိ ဒေါ်လာအပေါ် မှီခိုနေရတဲ့ငွေပေးချေမှုတွေကို ယွမ်ငွေနဲ့ တိုက်ရိုက်အစားထိုးဖလှယ်နိုင်ဖို့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြတဲ့ ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် နှိပ်ပြီး ဆက်ဖတ်နိုင်ပါတယ်။

  11. ထရမ့်နဲ့ ရှီတွေ့ဆုံမှု - စူပါအင်အားကြီး အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးကိုဘယ်လိုပုံဖော်ပေးနိုင်မလဲ

    ထရမ့်အတွက်တော့ အမေရိကန်- တရုတ် ဆက်ဆံရေးဟာ ဦးစားပေးအဖြစ် ရှေ့တန်းမရောက်တာ လနဲ့ချီ ကြာမြင့်နေပြီဖြစ်ပါတယ်။ အီရန်နဲ့ဆက်ဖြစ်နေတဲ့ စစ်ပွဲ၊ အနောက်ကမ္ဘာခြမ်းမှာဖြစ်နေတဲ့စစ်ရေးနဲ့ ပြည်တွင််းကိစ္စရပ်တွေကို သူ အာရုံစိုက်နေပါတယ်။ ဒါပေမဲ့ ဒီအခြေအနေဟာ အခုသီတင်းပတ်အတွင်းမှာပဲ ပြောင်းလဲသွားပါတယ်။

    ကမ္ဘာ့ကုန်သွယ်ရေးအနာဂတ်၊ ထိုင်ဝမ်နဲ့ တင်းလာတဲ့ဆက်ဆံရေးနဲ့ နည်းပညာမြင့်မြင့်တွေအရေးဟာ ရလဒ်ပြတ်ပြတ်သားသား ထွက်ရမယ့်ကိစ္စတွေ ဖြစ်နေပါတယ်။

    စီးပွားရေးအရဆိုရင်တော့ အမေရိကန်နဲ့ ဆက်ဖြစ်နေတဲ့ကုန်သွယ်စစ်၊ အီရန်မှာ ဖြစ်နေတဲ့စစ်ပွဲကိစ္စတွေဟာ သမ္မတရှီအတွက် သတင်းကောင်းတော့ မဟုတ်ပါဘူး။

    ဒါပေမဲ့ နိုင်ငံရေးအရနဲ့ အယူအဆသဘောတရားအရဆိုရင်တော့ ဒါတွေက သူ့အတွက် လက်ဆောင်ဖြစ်နိုင်ပြီး ဒီကိစ္စတွေမှာ သူ့ဘက်က အသာစီးရမယ့်အနေအထားလို့ သူ ခံစားမိမှာပါ။ အခုအလည်အပတ်ခရီးစဉ်ဟာ လာမယ့်နှစ်တွေအတွင်း အမေရိကန်နဲ့ တရုတ်တို့ရဲ့ပူးပေါင်း ဆောင်ရွက်မှု ဒါမှမဟုတ် ပဋိပက္ခအတွက် အခြေခံအုတ်မြစ် တည်မှုလည်းဖြစ်နိုင်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

  12. တရုတ်က အီရန်ကို စစ်ဘက်သုံးပစ္စည်းတွေမထောက်ပံ့တော့ဘူးလို့ ထရမ့်ပြော

    သမ္မတနှစ်ဦး မနေ့က ဘေကျင်းမှာတွေ့ဆုံပြီးတဲ့နောက် အီရန်ကို စစ်ဘက်ဆိုင်ရာပစ္စည်းတွေ မပေးတော့ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကတိပေးခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

    ဒါနဲ့ပတ်သက်လို့ တရုတ်ဘက်ကတုံ့ပြန်ချက်ကို အခုထိမရသေးပါဘူး။

    အီရန်စစ်ပွဲအကြောင်း နှစ်နိုင်ငံသမ္မတတွေဆွေးနွေးတဲ့အခါ အမေရိကန်က တရုတ်ကို ကူညီပေးရာရောက်တဲ့အကြောင်းထည့်ပြောခဲ့တယ်လို့ သမ္မတ ထရမ့်က Fox သတင်းဌာနနဲ့ သီးသန့် အင်တာဗျူးမှာ ဖြေခဲ့တာပါ။

    “တရုတ်ကလည်း အီရန်မှာ နျူကလီးယားလက်နက်ရှိသွားမှာ လိုလားပုံမရဘူး” လို့ ထရမ့်က ပြောပါတယ်။

    အီရန်ကို တရုတ်ကလက်နက်မထောက်ပံ့တော့ဘူးဆိုတဲ့ကတိက အရေးကြီးတဲ့ ကြေညာချက် တခုဖြစ်တယ်လို့လည်း သူက ထည့်ပြောသွားပါတယ်။

    ဒါပေမဲ့ တရုတ်ဟာ အီရန်ကနေ လောင်စာဆီတွေအများကြီးဝယ်ယူနေရပြီး ဆက်ပြီး ဝယ်ချင်ပုံ ရတယ်လို့လည်း ထရမ့်က Fox သတင်းဌာနကို ပြောခဲ့ပါတယ်။

    တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံတာဟာ အရေးကြီးတဲ့အခိုက်အတန့်လို့ ထရမ့်က ညွှန်းဆိုပြီး “ G2” ထိပ်သီးနှစ်နိုင်ငံတွေ့ဆုံမှုလို့လည်း သုံးနှုန်းခဲ့ပါတယ်။ ဒီနေ့ဟာ ဘေဂျင်းခရီးစဉ်ရဲ့ နောက်ဆုံးနေ့ဖြစ်ပြီး ထရမ့်နဲ့ ရှီ ဆက်တွေ့ဆုံဖို့ရှိနေပါတယ်။

    အသစ်ဖြည့်စွက်ချက် - အီရန်အရေးနဲ့ပတ်သက်လို့တော့ အမေရိကန်နဲ့ အီရန်သာမက ဒေသတွင်းရော ကမ္ဘာအတွက်ပါ အကျိုးရှိမယ့် ဖြေရှင်းနည်းကို အမြန်ဆုံးရှာဖွေဖို့ တရုတ်ဘက်က တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလာပါတယ်။

    နှစ်နိုင်ငံအပြင် ကမ္ဘာတလွှားက အရေးကြီးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက်အသစ်တွေရခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

    ဆွေးနွေးခဲ့တဲ့အကြောင်းအရာအသေးစိတ်ကို ထုတ်မပြောပေမဲ့ “တဖက်ချင်းစီ စိုးရိမ်နေရတဲ့ အကြောင်းအရာတွေကို ကိုင်တွယ်နိုင်ဖို့အတွက် အရေးကြီးတဲ့သဘောတူညီချက်တွေ လုပ်နိုင်ခဲ့တယ်” လို့ပြောကြောင်း တရုတ်ကလာတဲ့ သတင်းတွေမှာဖော်ပြပါတယ်။

  13. မင်္ဂလာပါ။

    မေလ ၁၅ ရက်နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။​

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။​