၃၁ နှစ်ပြည့် အန်အယ်လ်ဒီပါတီရဲ့ အနာဂတ် ဘာတွေ ဆက်ဖြစ်လာမလဲ

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောကြားထား

ဓာတ်ပုံ ရင်းမြစ်, THET AUNG

ဓာတ်ပုံ ပုံစာ, ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောကြားထား

၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၂၇ မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ၃၁ နှစ်ပြည့်ခဲ့ပါပြီ။

ဒီအချိန်မှာပဲ ပါတီက ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်ကျော့ပြန်အနိုင်ရဖို့ အစီအစဉ်တွေကို ထုတ်ပြောလာပါပြီ။

အစိုးရသက်တမ်း သုံးနှစ်ကျော်လာချိန်မှာ နိုင်ငံရေးအကျဉ်းသားအများစုနဲ့ ဖွဲ့စည်းထားတဲ့ အန်အယ်လ်ဒီ အစိုးရလက်ထက် တက်ကြွလှုပ်ရှားသူတွေ အကျဉ်းချခံရတာ၊ နိုင်ငံရေးသမားတွေကို နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချနေတာအပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ရေး အကျပ်အတည်းက ၂၀၂၀ ရွေးကောက်ပွဲအမီ အန်အယ်လ်ဒီအစိုးရ ဖြေရှင်းရမယ့်ပုစ္ဆာကြီးတွေ ဖြစ်လာနေပါတယ်။

ဒါပေမဲ့ စစ်တမ်းတွေအရ ၂၀၂၀ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လူထုထောက်ခံမှုမြင့်တက်နေဆဲဖြစ်ပါတယ်။

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီက ပြီးခဲ့တဲ့လတွေအတွင်း ထုတ်ပြောလာပါတယ်။ ဒါဟာ ဒေါ်အာင်ဆန်းစုကြည်ရဲ့ပုံရိပ်အောက်ကနေ သွားမယ့် အန်အယ်လ်ဒီပါတီရဲ့ ရွေးကောက်ပွဲခရီးလမ်း ချောမွေ့စေဖို့ ဖြစ်တယ်၊ရွေးကောက်ပွဲလွန် အစိုးရပြန်ဖွဲ့နိုင်ခဲ့ရင် လက်ရှိ အခင်းအကျင်းအတိုင်း ဆက်သွားမယ့်သဘောလည်း ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဆိုထားပါတယ်။

ဒါပေမဲ့ အန်အယ်လ်ဒီမှာ လက်ရှိ ဝါရင့်နိုင်ငံရေးခေါင်းဆောင်တွေကို ဆက်ခံမယ့် လူငယ်မျိုးဆက်သစ်တွေ မွေးထုတ်မထားတာ၊ နောက် မျိုးဆက်ခေါင်းဆောင်က ဘယ်သူတွေဆိုတာ ရှင်းရှင်းလင်းလင်းမရှိတာက ပါတီအတွက် အန္တရာယ်များတယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလင့်တ်နာက ပြောပါတယ်။

အန်အယ်လ်ဒီပါတီကို ၁၉၈၈ ခုနှစ် ၊ စက်တင်ဘာ ၂၇ မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ကြီး၊ ဟံသာဝတီ ဦးဝင်းတင်၊ ဦးတင်ဦးနဲ့ ဦးအောင်ရွှေတို့က စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီအချိန်မှာ ပါတီအထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျစဉ်တလျှောက် အခု ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးအောင်ရွှေက ပါတီဥက္ကဋ္ဌ တာဝန်ယူခဲ့ပါတယ်။

ပါတီဥက္ကဋ္ဌဦးအောင်ရွှေနာရေးကို လိုက်ပါပို့ဆောင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းထိန်

ဓာတ်ပုံ ရင်းမြစ်, AFP Contributor

ဓာတ်ပုံ ပုံစာ, ပါတီဥက္ကဋ္ဌဦးအောင်ရွှေနာရေးကို လိုက်ပါပို့ဆောင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းထိန်

၂၀၁၀ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာချိန် ပါတီကို ပြန်ဦးဆောင်ခဲ့ပါတယ်။ အဲဒီအချိန် သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံအပြီး ပါတီမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကို အစိုးရက ပြင်ဆင်ပေးခဲ့ပါတယ်။

ဒါကြောင့် အန်အယ်လ်ဒီဟာ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာမှာ ပါတီမှတ်ပုံပြန်တင်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

အဲဒီရွေးကောက်ပွဲမှာ ၄၅ နေရာရှိတဲ့အနက် ၄၃ နေရာ အနိုင်ရခဲ့ပါတယ်။

၂၀၁၅ မှာတော့ အန်အယ်လ်ဒီဟာ အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရခဲ့ပါတယ်။ ဒါဟာ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပြီး အန်အယ်လ်ဒီပါတီရဲ့ နောက်ထပ်အောင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်က အာဏာလွှဲပြောင်းရေး ချောမွေ့ပါ့မလား စိုးရိမ်မှုတွေရှိခဲ့ကြပေမယ့် သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ အာဏာလွှဲပြောင်းပေးမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုဆို မှတ်ချက်ပြုမှုတွေရှိခဲ့ပါတယ်။

အန်အယ်လ်ဒီအစိုးရရဲ့ အကျပ်အတည်းက ဘာလဲ

ဒီမိုကရေစီတစ်ပိုင်းအစိုးရဖြစ်လို့ လွှတ်တော်နဲ့အစိုးရဟာ အပြည့်အ၀ လုပ်ပိုင်ခွင့်မရှိဘူးလို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။ တချို့ကိစ္စတွေမှာ တပ်မတော်နဲ့ ပူးတွဲဆောင်ရွက်ရတာ၊ အဓိကက လုံခြုံရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာအပိုင်းတွေမှာဆို တပ်မတော်က အဓိက ဦးစီးစီမံ ဆောင်ရွက်တာတွေရှိတယ်လို့ သူက ဆိုပါတယ်။

ရင်ကြားစေ့ရေးမှာ တပ်မတော်နဲ့သာမက တခြားသောအင်အားစုတွေနဲ့ ပေါင်းစည်းရေးကိုပါထည့်သွင်းစဉ်းစားဖို့ လိုနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြ

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ, ရင်ကြားစေ့ရေးမှာ တပ်မတော်နဲ့သာမက တခြားသောအင်အားစုတွေနဲ့ ပေါင်းစည်းရေးကိုပါထည့်သွင်းစဉ်းစားဖို့ လိုနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြ

ဆယ်စုနှစ်ပေါင်းများစွာ အမိန့်ပေးစနစ်နဲ့ အသားကျလာတဲ့အတွက် အလုပ်သမား၊ တောင်သူလယ်သမား စတဲ့ အလွှာစုံက ပြည်သူတွေဟာ ဒီမိုကရေစီစနစ်မှာ လိုက်ပါဆောင်ရွက်ဖို့ အလေ့အကျင့်တွေ အများကြီး လိုနေတယ်လို့ ဒေါက်တာမျိုးညွန့်က ဆက်ပြောပါတယ်။

ဒါကြောင့် စိတ်ရောကိုယ်ပါ နည်းမျိုးစုံနဲ့ နှိပ်စက်ခံခဲ့ရပေမယ့် အမြော်အမြင်ရှိရှိ၊ မေတ္တာတရားနဲ့သည်းခံဖြတ်ကျော်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာ မြန်မာ့ဒီမိုကရေစီနိုင်ငံသစ်ကို မုချပြောင်းလဲနိုင်မယ်လို့ ၃၁ နှစ်ပြည့်အခမ်းအနားမှာ သဘာပတိ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ပါတီ ၃၁ နှစ်ပြည့် အခမ်းအနားကို ရွှေဂုံတိုင်က ပါတီဌာနချုပ်မှာ စက်တင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့
ဓာတ်ပုံ ပုံစာ, ပါတီ ၃၁ နှစ်ပြည့် အခမ်းအနားကို ရွှေဂုံတိုင်က ပါတီဌာနချုပ်မှာ စက်တင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့

'အာဏာရှင်စနစ်အောက်မှာ ပြည်သူလူထုနဲ့အတူ ကျောချင်းကပ်၊ ရင်ချင်းအပ်ပြီး နှစ်ပေါင်း ၂၀ ကျော် ကြံ့ကြံ့ခံရပ်တည်ရင်း ထုသားပေသားရ၊ သံမဏီသားကျလာခဲ့တဲ့ ပါတီ၊ ရုန်းရင်းကန်ရင်း ရှင်သန်ကြီးထွားလာခဲ့တဲ့ပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တစ်ဖွဲ့တည်းရှိပါတယ်' လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒါကြောင့် ဒီမိုကရေစီစနစ်ကိုရွေးချယ်ပြီး အာဏာရှင်စနစ်ကို ငြင်းပယ်ဖို့၊ ပြည်သူတွေ အမှန်ကန်ဆုံး ဆုံးဖြတ်နိုင်ကြဖို့ သူက တိုက်တွန်းပါတယ်။ ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ ၂၀၁၅ ကလောက် မလွယ်ကူနိုင်ဘဲ စိန်ခေါ်မှုတွေများတာကို ပါတီခေါင်းဆောင်ပိုင်းက လက်ခံထားပါတယ်။

'၂၀၂၀ မှာ အရမ်းခက်ခဲလိမ့်မယ်။ ၂၀၁၅ နောက်မှာ ကျွန်မတို့ အစိုးရအဖွဲ့ ဖွဲ့နိုင်ခဲ့တဲ့အတွက် ပြည်သူတွေရဲ့ အားမလိုအားမရတာတွေရှိခဲ့တယ်။ အတိုက်အခံပါတီတွေဘက်ကလည်း ပြောစရာဆိုစရာတွေရှိတာပေါ့နော်။ ကျွန်မတို့အစိုးရအနေနဲ့ စိတ်ရှည်ရှည်နဲ့ လုပ်ရမှာတွေလည်းရှိနေတယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူတွေရဲ့အား ပိုလိုအပ်တယ်။ အစိုးရပြန်ဖွဲ့နိုင်ဖို့က အရေးကြီးတယ်' လို့ အန်အယ်လ်ဒီပါတီက လွှတ်တော်အမတ် မိကွန်ချန်းက ပြောပါတယ်။

တက်ကြွလှုပ်ရှားသူတွေအပေါ် အန်အယ်လ်ဒီဘယ်လိုသဘောထား

နိုင်ငံရေးအကျဉ်းသားဟောင်းတွေအများစုပါဝင်တဲ့ အန်အယ်လ်ဒီအစိုးရတက်လာခါစမှာ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ ပတ်သက်ပြီး အကောင်းဘက်ကနေ ရှုမြင်မှုတွေရှိခဲ့ပါတယ်။ စစ်အစိုးရအဆက်ဆက် ဖိနှိပ်ခံခဲ့ရတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ပိုအားကောင်းလာမယ်လို့ ယူဆချက်တွေလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ သတင်းထောက်တချို့၊ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ ဖမ်းဆီးခံရတာ၊ တရားရင်ဆိုင်ရတာတွေရှိခဲ့တဲ့အတွက် အန်အယ်လ်ဒီရဲ့ရပ်တည်ချက်ပြောင်းသွားပြီလို့ ဝေဖန်ခံလာရပါတယ်။

လက်ရှိမှာ နိုင်ငံရေးအကျဉ်းသား ၆၃၀ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။ နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ကျနေသူ ၅၀ ဦး၊ အချုပ်တွင်းကနေ တရားရင်ဆိုင်နေရသူ ၁၇၉ ဦးနဲ့ ပြင်ပကနေ တရားရင်ဆိုင်နေရသူ ၄၀၁ ဦးရှိတယ်လို့ AAPP စာရင်းတွေက ဖော်ပြပါတယ်။

ဒါတွေနဲ့ ပတ်သက်လို့ ဒေါက်တာမျိုးညွှန့်က အာဏာရှင်စနစ်ကို နှစ်ပေါင်းများစွာဆန့်ကျင်ရင်းနဲ့ ဥပဒေ အားလုံးကို ဆန့်ကျင်တာမျိုး ဖြစ်သွားနိုင်တာကို သတိပြုဖို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၆၃၀ ဦးရှိနေပြီလို့ AAPP က ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, SOE THAN WIN

ဓာတ်ပုံ ပုံစာ, နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၆၃၀ ဦးရှိနေပြီလို့ AAPP က ထုတ်ပြန်ထား

ဒီမိုကရေစီနိုင်ငံတွေမှာ ဆန္ဒပြတဲ့နောက်ကွယ်က အကြမ်းဖက်မှုတွေနဲ့ သဘောထားကွဲတဲ့ အုပ်စုတွေရဲ့ ပြဿနာဟာ ရှောင်လွှဲမရဘူးလို့လည်း သူက ဆိုပါတယ်။ ဒါကို ဥပဒေနဲ့ ကြပ်မတ်ရမှာဖြစ်ပြီး ဥပဒေမဲ့ လုပ်ရပ်တွေက ဒီမိုကရေစီရဲ့သဘာဝမဟုတ်ဘူးလို့ သူက ပြောပါတယ်။

ဒါပေမဲ့ အရင်ခေတ်တွေနဲ့ စာရင် ချမှတ်တဲ့ပြစ်ဒဏ်တွေဟာ အမြင့်ဆုံးတွေလည်း မဟုတ်သလို တရားရေးကို အာဏာပိုင်တွေက ဝင်ရောက်စွက်ဖက်တာ မရှိတာကို တွေ့ရမယ်လို့ သူက ထောက်ပြပါတယ်။

အရပ်သားအစိုးရဟာ ပြည်သူတွေရဲ့အခြေခံအခွင့်အရေးကို ကာကွယ်ပေးရမှာဖြစ်သလို တက်ကြွလှုပ်ရှားသူတွေ၊ ရှေ့နေတွ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဂျာနယ်လစ်တွေ၊ လူငယ်တွေ စတဲ့ အစုအဖွဲ့အသီးသီးကို ကာကွယ်ပေးဖို့ အန်အယ်လ်ဒီအစိုးရမှာ တာဝန်ရှိတယ်လို့ လူငယ်အရေးနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က ဘီဘီစီကို ပြောပါတယ်။

တရားဥပဒေစိုးမိုးရေးလို့ တောက်လျှောက်ပြောလာခဲ့ပေမယ့် လက်ရှိတည်ဆဲဥပဒေတွေ စိုးမိုးဖို့ပဲ ဇောင်းပေးနေပြီး တရားတဲ့ဥပဒေတွေဖြစ်ရဲ့လားစဉ်းစားတာမရှိသလို ပြင်ဆင်သင့်တာကို ပြင်ဆင်ဖို့ ပျက်ကွက်နေတယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ဧည့်စာရင်းတိုင်ရမယ့် ပုဒ်မတွေဖျက်သိမ်းတာ၊ နိုင်ငံရေးသမားတွေကို အချိန်မရွေး ဖမ်းဆီးထောင်ချနိုင်တဲ့ ပုဒ်မ ၅ (ည) လို ဥပဒေတွေကို ဖျက်သိမ်းခဲ့တာတွေ ရှိထားပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်

ဓာတ်ပုံ ရင်းမြစ်, ANN WANG

ဓာတ်ပုံ ပုံစာ, နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်

တစ်ဖက်မှာတော့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ၊ နိုင်လွတ်လုံလို့ လူသိများတဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ စတာတွေနဲ့ ဖမ်းဆီး အရေးယူ တရားရင်ဆိုင်ရတာတွေကို တက်ကြွလှုပ်ရှားသူတွေက တစ်ချိန်လုံး ထောက်ပြနေကြတာပါ။

'အန်အယ်လ်ဒီသည် အရင်က သူတို့ပြောဆိုခဲ့တဲ့ စံနှုန်းတွေ၊ တန်ဖိုးထားမှုတွေကို ဆက်လက် စွဲကိုင်ထားဖို့ လိုတယ်။ ဒီလိုကိုင်စွဲထားဖို့ကိုလည်း ဘယ်အရာနဲ့မှ အပေးအယူလုပ်လိုက်တာမျိုး မဖြစ်စေချင်ပါဘူး။ Power politics ဆိုတဲ့ အာဏာကိုပဲ အဓိကသွားတာမျိုးမဟုတ်ဘဲ စစ်မှန်တဲ့ ရင်ကြားစေ့ရေး ပေါင်းစည်းရေးကို သွားစေချင်တယ်' လို့ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

ပေါင်းစည်းရေးဆိုတဲ့နေရာမှာ လယ်သမား ၊ အလုပ်သမား ၊ ကျောင်းသား ၊ လူငယ်၊ တိုင်းရင်းသား စတဲ့ အစုအဖွဲ့တွေနဲ့လည်း ပေါင်းစည်းရမယ်လို့ သူက တိုက်တွန်းပါတယ်။

နိုင်ငံရေး အကျပ်အတည်းကို ရင်ဆိုင်လျှောက်လှမ်းရတဲ့အခါ ယုံကြည်ချက်ခိုင်မာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရော လက်ရှိ နိုင်ငံရေးအကျဉ်းသားတွေပါ ဒီမိုကရေစီလမ်းကြောင်းမှာ ညီညွတ်စွာ လက်တွဲလျှောက်လှမ်းပေးဖို့ တစ်ချိန်က တစ်သက်တစ်ကျွန်းအပြင် ထောင်ကိုးနှစ်ချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း၊ လက်ရှိ အန်အယ်လ်ဒီပါတီရဲ့ လွှတ်တော်အမတ် ဒေါ်သန္တာက တိုက်တွန်းပါတယ်။

လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ရေး

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်တာဟာ ရွေးကောက်ပွဲကတိကဝတ်ကို အကောင်အထည်ဖော်တာဖြစ်ပြီး ကျရောက်လာနိုင်တဲ့အခက်အခဲတွေကို သိရဲ့သားနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်တွင်း သဘောထားမျိုးစုံကွဲနေတာဟာ ပြင်ဆင်လိုတဲ့စိတ်ဆန္ဒနည်းလို့လို့ သူက သုံးသပ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးထောက်ခံမှုလိုအပ်

ဓာတ်ပုံ ရင်းမြစ်, SAI AUNG MAIN / AFP / Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးထောက်ခံမှုလိုအပ်

လက်ရှိမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တင်ခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းတစ်ခုနဲ့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့တွေတင်ထားတဲ့ မူကြမ်းတစ်ခု ရှိနေပါတယ်။ ဒါ့အပြင် အန်အယ်လ်ဒီပါတီက ဦးဆောင်ဖွဲ့ထားတဲ့ ဖွဲ့စည်းပုံပြင်ရေး ၄၅ ဦးကော်မတီကနေ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးနေတာလည်း ရှိပါတယ်။

လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ရေး ကန့်ကွက်တဲ့သူတွေက ဥပဒေနဲ့အညီလုပ်နေသမျှ ပါတီဘက်ကလည်း ဥပဒေနဲ့အညီသာ တုံ့ပြန်နေမှာဖြစ်ပြီး ပြည်သူတွေက ပါတီကို ဆက်လက်ယုံကြည်ထောက်ခံနေဖို့ လိုတယ်လို့ ဒေါက်တာမျိုးညွှန့်က ဆိုပါတယ်။

ဒါပေမယ့် အန်အယ်လ်ဒီဟာ ပြည်သူကို လမ်းပေါ်ဆွဲတင်တဲ့ နည်းလမ်း မသုံးဘူးလို့ သူက ဆက်ပြောပါတယ်။

'အခုဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပါပေမယ့် ကန့်သတ်ချက်တွေရှိနေပါတယ်။ ဥပမာ တို့တာဝန်အရေးသုံးပါးကို မချိုးဖောက်ရဘူး ဆိုတာမျိုး။ ပင်မဥပဒေ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်နိုင်သေးသရွေ့ အောက်က ဥပဒေတွေ တစ်ခုမှ ပြင်လို့မရပါဘူး' လို့ လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်လည်း ဖြစ်တဲ့ ဒေါ်သန္တာက ဆိုပါတယ်။

ဖွဲ့စည်းပုံပြင်ရေးလှုပ်ရှားမှုဟာ အင်မတန်အားနည်းနေပြီး လွှတ်တော်တွင်း ၄၅ ဦးပူးပေါင်းကော်မတီမှာလည်း အန်အယ်လ်ဒီပါတီရဲ့ အဆိုပြုချက်ကလွဲရင် တခြားတိုင်းရင်းသားပါတီတွေရဲ့ အဆိုပြုချက်ကို အရေးတယူလိုက်လျောတာမရှိသလို အန်အယ်လ်ဒီပါတီနဲ့ သဘောကွဲလွဲရင် ဘာတစ်ခုမှ ထည့်သွင်းစဉ်းစားလုပ်ဆောင်တာမရှိဘူးလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ဆိုပါတယ်။

ပင်လုံညီလာခံ ထပ်မကျင်းပနိုင်တဲ့အပေါ် တိုင်းရင်းသားတွေဘက်က ထောက်ပြ

ဓာတ်ပုံ ရင်းမြစ်, THET AUNG / AFP / Getty Images

ဓာတ်ပုံ ပုံစာ, ပင်လုံညီလာခံ ထပ်မကျင်းပနိုင်တဲ့အပေါ် တိုင်းရင်းသားတွေဘက်က ထောက်ပြ

ပြည်တွင်းငြိမ်းချမ်းရေး

ပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်အစုအဖွဲ့တွေနဲ့ အလွတ်သဘောရော တခြားသော တွေ့ဆုံဆွေးနွေးရေးနည်းလမ်းတွေနဲ့ သွားနေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တိုးတက်ဖို့ ကြိုးစားနေတယ်လို့ ပါတီဘက်က ပြောပါတယ်။

ဒါပေမဲ့ အန်အယ်လ်ဒီရဲ့ငြိမ်းချမ်းရေးကြိုးပမ်းချက်ဟာ ဦးသိန်းစိန်အစိုးရလက်ထက် ဆောင်ရွက်မှုတွေကို ဆက်ခံလုပ်ကိုင်တာထက် ထူးပြီး ထိုးဖောက်လုပ်နိုင်တာမရှိဘူးလို့ ဦးစိုင်းလိတ်က ပြောပါတယ်။

အရင်ရှိပြီးသား အပစ်ရပ်လက်မှတ်ထိုး ၈ ဖွဲ့အပြင် ထပ်တိုး ၂ ဖွဲ့ ပါဝင်လာပြီးနောက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံလည်း သတ်မှတ်ထားတဲ့ အချိန်ကာလအတိုင်း ဆက်မလုပ်နိုင်သေးတဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်က ဘာမှမထူးခြားဘူးလို့ သူက ထောက်ပြပါတယ်။

NLD အစိုးရလက်ထက်မှာ ဘက်ပေါင်းစုံပါဝင်တဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံကို ၆ လ တစ်ကြိမ် လုပ်နိုင်ဖို့ အကြမ်းဖျင်း သတ်မှတ်ခဲ့ပေမယ့် အခုအချိန်အထိတော့ ၂ ကြိမ်သာ လုပ်ဆောင်နိုင်ပါသေးတယ်။

ဒါ့အပြင် အစိုးရဖွဲ့ပြီးနောက်ပိုင်း တိုင်းရင်းသားတွေနဲ့ မဟာမိတ်ဆက်ဆံရေးအခြေအနေ အားနည်းခဲ့တာကိုလည်း ဦးစိုင်းလိတ်က ထောက်ပြခဲ့ပါတယ်။

တကယ်တော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဟာ အန်အယ်လ်ဒီပါတီနဲ့ စစ်အစိုးရ လက်ထက်တစ်လျှောက်လုံး မဟာမိတ်ပါတီတွေ ဖြစ်ခဲ့ပါတယ်။။

ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီး အန်အယ်လ်ဒီပါတီနဲ့ တိုင်းရင်းသားမဟာမိတ်တွေ ဆက်ဆံရေး အေးစက်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၈ ကြားဖြတ်အပြီး အန်အယ်လ်ဒီအစိုးရက (SNLD) ကို ပြည်နယ်ဝန်ကြီး တစ်နေရာ ကမ်းလှမ်းခဲ့ပေမယ့် (SNLD) ဘက်က ငြင်းပယ်ခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

'အန်အယ်လ်ဒီအနေနဲ့ တိုင်းရင်းသားတွေကိုပဲ ရွေးမလား၊ ဒါမှမဟုတ် တပ်မတော်ကိုပဲ ရွေးမလားဆိုတာ နောက်ဆုံးအချိန်တစ်ခု ရောက်လာမှာပါ။ စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စုတည်ထောင်ဖို့ ခိုင်မာတဲ့ သန္နိဋ္ဌာန် ရှိရင်တော့ တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲဆောင်ရွက်ဖို့ နည်းလမ်းရှာရပါလိမ့်မယ်။ အခုလိုအနေအထားမှာ သူက တောင်ပြိုကမ်းပြို နိုင်ထားလို့ မဟာမိတ်ဖွဲ့စရာမလိုဘူး ကြွေးကြော်နေပါတယ်။ နိုင်ငံရေးဟာ ကံသေကံမ ပြောလို့ရတဲ့ကိစ္စ မဟုတ်ဘူး' လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

တိုင်းရင်းသားအချင်းချင်းကြား စည်းလုံးညီညွတ်မှု၊ တန်းတူညီမျှမှု မတည်ဆောက်ရင် ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်မလာဘူးလို့ သူက ဆိုပါတယ်။ အန်အယ်လ်ဒီအနေနဲ့ အားလုံးလက်သင့်ခံနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းကို စတင်ဆောင်ရွက်သင့်ပြီလို့ သူက ပါတီ ၃၁ နှစ်ပြည့်မှာ အကြံပြုပါတယ်။

စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့ ပြည်သူတွေရဲ့အားကိုလိုအပ်တယ်လို့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေပြောလာ

ဓာတ်ပုံ ရင်းမြစ်, ROMEO GACAD

ဓာတ်ပုံ ပုံစာ, စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့ ပြည်သူတွေရဲ့အားကိုလိုအပ်တယ်လို့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေပြောလာ

၃၁ နှစ်ပြည့်ပါတီအခမ်းအနားမှာ အချက် ၅ ချက်ပါတဲ့ ကြေညာချက်ကို အန်အယ်လ်ဒီပါတီက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲက အဓိကအချက်တွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို အောင်ပွဲခံနိုင်ဖို့၊ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ တန်းတူခွင့်တို့ကို ပါတီက ဆက်တာဝန်ယူနိုင်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

လူ့သက်တမ်းနဲ့တွက်ရင် လူလတ်ပိုင်းအရွယ်ရောက်လာတဲ့ အန်အယ်လ်ဒီပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တိုင်းပြည်ကို သူတို့ ဆန္ဒရှိသလို ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် ရည်မှန်းချက်တွေ ပြည့်ဝနိုင်မလားဆိုတာကတော့ မကြာတော့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကာလမှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။