၂၀၂၀ ရွေးကောက်ပွဲနီးလာတာနဲ့ အမျှ အတိုင်ပင်ခံ လူကြိုက်များရေပန်းစား

ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor facebook
လက်ရှိ လွှတ်တော် သက်တမ်းဟာ ၂၀၂၁ ဇန်နဝါရီလကုန်မှာ ကုန်ဆုံးမှာမို့ နောက်လွှတ်တော် သက်တမ်း အတွက် ရွေးကောက်ပွဲကို ၂၀၂၀ နှစ်ကုန်ပိုင်းနီးပါးလောက်မှာ ကျင်းပဖို့ ရှိတယ်လို့ ရွေးကောက်ပွဲ ဆန်းစစ် လေ့လာ သူတွေက ခန့်မှန်းကြပါတယ်။
လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အခုနှစ်လယ်မှာ စစ်တမ်းကောက်ယူခဲ့ရာမှာ လူထု ယုံကြည်မှု အမြင့်ဆုံးရရှိထားတာကတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပြီး သမ္မတ ဦး၀င်းမြင့်ကတော့ ဒုတိယ နေရာက လိုက်ပါတယ်။
မြန်မာနိုင်ငံသား အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းက အတိုင်ပင်ခံ အပေါ် ယုံကြည်မှုရှိကြပြီး ပြည်နယ် အဆင့် ကောက်ခံတဲ့ စစ်တမ်းမှာတော့ ထောက်ခံမှု ၃၀ ရာခိုင်နှုန်း အထက် ရှိသလို ဒေသဆိုင်ရာ မှာတော့ ထောက်ခံမှု ၇၀ ရာခိုင်နှုန်း ရရှိထားပါတယ်။
၂၀၁၉ နှစ်လယ်က ထုတ်ပြန်ခဲ့တဲ့ Pace Myanmar ရဲ့ စစ်တမ်းအရ လူထု ယုံကြည်မှု အနည်းဆုံးက တရားရုံး ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဖေ့စ်ဘွတ်ခ် လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Pace Myanmar
ပြီးခဲ့တဲ့ မတ်လမှာ ကောက်ယူခဲ့တဲ့ စစ်တမ်း အရ လာမယ့် စနေ တနင်္ဂနွေမှာ အထွေထွေ ရွေးကောက်ပွဲ ရှိခဲ့ရင် မဲပေးချင်စိတ် ဘယ်လောက်ရှိလဲလို့ မေးမြန်းပြီး အဆင့် တစ်ကနေ ငါး အထိ သတ်မှတ်ခိုင်းရာမှာ မဲပေးဖို့ ဆုံးဖြတ်ပြီးသား ဖြစ်တယ်ဆိုတဲ့ နံပါတ် ငါးကို ရွေးချယ်သူက လူဦးရေရဲ့ ငါးဆယ်ရာခိုင်နှုန်းအောက်ကသာ မဲပေးဖို့ ဆုံးဖြတ်တာ တွေ့ရတယ်လို့ Pace Myanmar ရဲ့ အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။
တချို့ကလည်း ရွေးကောက်ပွဲ ဝေးသေးတယ်လို့ ဆိုပေမယ့် ရွေးကောက်ပွဲကို စိတ်၀င်စားသူ နည်းပါးတာဟာ ဒီမိုကရေစီ အတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်တာကြောင့် နိုင်ငံရေး ပါတီတွေ နိုင်ငံရေး ခေါင်းဆောင်တွေ အနေနဲ့ ဒီကိစ္စကို ပေါ့ပေါ့တန်တန် မထားဘဲ အလေးနက် စဉ်းစားဖို့ လိုနေပြီလို့ သူက ထောက်ပြထားပါတယ်။
နိုင်ငံရေးပါတီတွေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အပေါ် ယုံကြည်မှု
လက်ရှိ ပြည်နယ်တွေမှာ တိုင်းရင်းသား ပါတီတွေ စတင်ပေါင်းစည်း လာကြတာ တွေ့ရပေမယ့် မဲဆန္ဒရှင်တွေဆီ သွားရောက် တွေ့ဆုံတာတော့ မတွေ့ရသေးဘူးလို့ စိုင်းရဲကျော်စွာမြင့်က ဆိုပါတယ်။
များသောအားဖြင့် နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲ ကော်မရှင် အပေါ် မကျေနပ်တာ မယုံကြည်မှုတွေ ပြောဆိုတာ အများအပြား တွေ့ရပြီး ရွေးကောက်ပွဲ ဥပဒေ တွေ အပေါ် အဆိုပြုချက်တွေ တိတိကျကျ မတွေ့ရသေးဘူးလို့ သူက ပြောပါတယ်။
လက်ရှိ ရွေးကောက်ပွဲ ဥပဒေတွေကို စတင် အသက်သွင်းခဲ့တဲ့ ၂၀၀၈ တုန်းက တပ်မတော် အစိုးရ အုပ်ချုပ်တဲ့ ကာလ ဖြစ်နေပြီး အဲဒီတုန်းက သဘောတရားကိုက အားလုံးကို ထိန်းချုပ်မယ် ၊ နိုင်ငံရေး ဖြစ်စဉ် မှန်သမျှကို ထိန်းချုပ်ချင်တဲ့ ဗဟိုချုပ်ကိုင်မှု များတဲ့ အချိန်ဖြစ်တယ်လို့ သူက ဆိုပါတယ်။
တပ်မတော်အစိုးရ လက်ထက်မှာပြဌာန်းခဲ့တဲ့ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ မူဘောင်တွေကို လက်ရှိ ကျင့်သုံးနေစဲဖြစ်ပြီး အဲဒီ ရွေးကောက်ပွဲ ဥပဒေငါးခုစလုံးဟာ အာဏာရ ပါတီ ၊ အာဏာရှိတဲ့သူကိုဘဲ ပိုပြီး ဦးစားပေးတဲ့ သဘောဆောင်တယ်၊အာဏာရှိတဲ့သူက ပိုထိန်းချုပ်နိုင်တဲ့ အသွင်ဆောင်နေတယ်လို့ Pace Myanmar ရဲ့ အမှုဆောင် ဒါရိုက်တာက ထောက်ပြထားပါတယ်။
လက်ရှိမှာ အဲဒီဥပဒေတွေကို တခုမှ ပြင်မထားဘဲ အာဏာရ အစိုးရ အနေနဲ့ ဒီဥပဒေကို ဆက်သုံးနေမယ် ဆိုတာဟာ စဉ်းစားစရာ ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
ဟိုးအရင် အာဏာမရခင်တုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒါနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့တာ ရှိခဲ့ပေမယ့် အခုတော့ ဒီဥပဒေတွေကို ဆက်သုံးမယ့် အခြေအနေ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
အဲဒီ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေမူဘောင်တွေကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အပေါ် မယုံကြည်တာတွေ ၊ ကော်မရှင် အနေနဲ့ ဘက်လိုက်မှာပဲ ဆိုတဲ့ အမြင်တွေ ပေါ်ပေါက်နေတာလို့ သူက ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Union Election Commission
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခန့်ထားတဲ့ ကော်မရှင်ရဲ့ အားနည်းချက်
လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဟာ ပြီးခဲ့တဲ့ သုံးနှစ် အတွင်း အရပ်ဖက် အဖွဲ့တွေ မီဒီယာတွေနဲ့ ထိတွေ့ ဆက်ဆံမှု ကလည်းနည်းပါးခဲ့ပြီး ကော်မရှင် အနေနဲ့ ဘာတွေ လုပ်နေလဲ ၊ ဘာတွေ ဖြစ်နေလဲ ၊ ဘယ်လို ဆုံးဖြတ်ချက် ချလဲ ဆိုတာတွေကို သတင်း မီဒီယာမှာ မတွေ့ရတော့ ဒီကော်မရှင် အပေါ် စိတ်ပူလာတဲ့ သဘောမှာ ရှိတယ်လို့ ဆိုပါတယ်။
အထွေထွေ ရွေးကောက်ပွဲ အကြို ကာလ တခု ဖြစ်တဲ့ ၂၀၁၀ တုန်းကဘာမှ ခက်ခက်ခဲခဲ မရှိ ၊ အဲဒီတုန်းက နိုင်ငံရေး လုပ်ကိုင်ခွင့်လည်း မရှိ ၊ သတင်း မီဒီယာတွေလည်း အဲဒီ အချိန်တုန်းက မထွန်းကားခဲ့တော့ ရွေးကောက်ပွဲ ဥပဒေ မူဘောင်တွေမှာ မရှင်းတာ မပြည့်စုံတာတွေလည်း ရှိတဲ့အပြင် ဒါတွေကို ထပ်ဖြည့်ဖို့ လိုတယ်လို့ စိုင်းရဲကျော်စွာမြင့်က ထောက်ပြထားပါတယ်။
ဥပမာ ပြောရမယ် ဆိုရင် နိုင်ငံရေး ပါတီတိုင်းက တန်းတူ အခွင့်အရေးရဖို့၊ ပါတီကြီးသည် ဖြစ်စေ၊ ပါတီ ငယ်သည် ဖြစ်စေ ၊ အာဏာရသူ ဖြစ်စေ ၊ မရသူ ဖြစ်စေ၊ တန်းတူ ဖြစ်ဖို့ ဆိုတာ တချို့ ဥပဒေတွေကို ဒီထက် ပိုမို ပြင်ဆင်ဖို့ လိုသလို ပိုပြီး တိကျဖို့လည်း လိုတယ်လို့ သူက ပြောပါတယ်။
မဲဆွယ် စည်းရုံးရေးနဲ့ ပတ်သက်လို့ လက်ရှိ အာဏာရ ၀န်ကြီး ၊ နိုင်ငံတော် သမ္မတ ၊ နိုင်ငံ အတိုင်ပင်ခံ တို့က မဲဆွယ်ရင် ဘယ်လို ဆွယ်ရမှာလဲ ၊ သူတို့ လိုက်နာရမယ့် စည်းမျဉ်း တွေက ဘာတွေလဲ ၊ သူတို့တွေက အစိုးရပိုင် ပစ္စည်းသုံးလို့ ရသလား ၊ ဘယ်လို အခြေအနေမျိုးမှာ မဲဆွယ်လို့ မရဘူးလဲ ဆိုတာတွေကို တိတိကျကျ သတ်မှတ်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။
၂၀၁၄တုန်းက သမ္မတဟောင်း ဦးသိန်းစိန် ဟာ အဲဒီတုန်းက မဲဆွယ်ပွဲမှာ မြစိမ်းရောင် စီမံကိန်းကို သွားပြီး ဖဲကြိုးဖြတ်တယ် ၊ အဓိက ကတော့ နိုင်ငံတော် စီမံကိန်းကို သုံးပြီး မဲဆွယ် စည်းရုံးတာဟာ အလွန်ကို အငြင်းပွား စရာ ဖြစ်ခဲ့ကြောင်း ၊ အဲဒီတုန်းက ပြဿနာရှိခဲ့ဖူးလို့ အဲဒါနဲ့ ပတ်သက်တဲ့ ဥပဒေ ဘောင်ကို ပိုပြီး ပြည့်စုံအောင် ဖြည့်ထားတာ မရှိတဲ့ အတွက် အလားတူ ပြဿနာတွေ ကြုံရနိုင်တယ်လို့ သူက ပြောပါတယ်။
တကယ်လို့ တရားမျှတမှုနဲ့ ယှဉ်ပြိုင်ချင်တယ်၊ နိုင်ငံရေး ပါတီတိုင်းကို တန်းတူညီမျှတဲ့ အခွင့်အရေး ရစေချင်တယ် ဆိုရင် ဥပဒေတွေကို ဒီထက် ဖြည့်စွက်ဖို့လိုတယ်၊ ဥပဒေ ညွှန်ကြားချက်တွေကို ခေတ်စနစ် နဲ့ အညီ ပြုပြင် ပြောင်းလဲဖို့ လိုတယ် ၊ဒါမှ မဟုတ်ရင်တော့ ဥပဒေ မူဘောင်မှာ ဟာကွက်တွေ အများကြီး ရှိတဲ့အတွက် ခိုင်မာ တိကျတဲ့ ဥပဒေ မူဘောင် မရှိရင် တာဝန်ခံမှု တာ၀န်ယူမှု ရှိလာမှာ မဟုတ်ဘူးလို့ Pace Myanmar ရဲ့ အမှုဆောင် ဒါရိုက်တာက ထောက်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
တိုင်းရင်းသား ပါတီတွေရဲ့ အနာဂတ်
အခုအခါ တိုင်းရင်းသား ပါတီတွေ ပေါင်းလာတာတွေ့ရပေမယ့် တိုင်းပြည်မှာ အရင်ကတည်းက တိုင်းရင်းသားတွေကြား ကွဲပြားမှု ၊ သဟဇာတ မဖြစ်မှုက အင်မတန် ကြီးကြီးမားမား ရှိနေစဲဖြစ်တာကြောင့် ဗမာက ဗမာကို စည်းရုံးတာ တိုင်းရင်းသားကလည်း တိုင်းရင်းသားကိုသာ စည်းရုံးကြမယ် ဆိုရင် လူ့အဖွဲ့အစည်းကြား ကွာဟမှုတွေ ပိုရှိလာနိုင်တယ်လို့ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။
တိုင်းရင်းသား ဖြစ်မှု ဘာသာရေး အပေါ် အခြေခံမှု လူမျိုးရေးကို အဓိကထား မဲဆွယ်ကြတာထက် မူဝါဒကို အခြေခံတာမျိုး ဖြစ်ဖို့ လုပ်ငန်းစဉ်တွေ အပေါ် အလေးထားတာက ပိုပြီး ဒီမိုကရေစီ အနှစ်သာရ ရှိစေတယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာ ပြည်နယ်တွေမှာ ဘာလုပ်ပေးရင် ကောင်းမယ် ပြည်နယ်မှာ ဘာလုပ်မယ် ဆိုတာမျိုးနဲ့ စည်းရုံးကြမယ် ဆိုရင် ရေရှည်မှာ ပါတီတွေ အနေနဲ့ ပိုကောင်းတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ လူဦးရေ ပြန့်နှံ့ပုံကို ကြည့်ရင် တနေရာထဲမှာ လူမျိုး တမျိုးထဲ စုနေတာမျိုး အရမ်းကို ရှားသွားပြီ ဖြစ်တဲ့ အတွက် အဲဒီလို့ လူမျိုးရေးကို အခြေခံတဲ့ ပုံစံနဲ့ စည်းရုံးတဲ့ အခါ လူမျိုးရေး ပြင်းထန်လာပြီး တိုင်းပြည် အတွက်လည်း မကောင်း ဒီမိုကရေစီ အတွက်လည်း မကောင်းတဲ့ အတွက် ပါတီတွေ အနေနဲ့ မူဝါဒအပေါ် အခြေခံ ၊ လုပ်ငန်းစဉ်ပေါ်တွေမှာသာ အခြေခံသင့်တယ် ဒါမှ နိုင်ငံရေး အတွက် ပိုမို ကောင်းမွန်ပြီး ရွေးကောက်ပွဲ အတွက်လည်း အနှစ်သာရ ပိုရှိလာလိမ့်မယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA/Nyein Chan Naing
လူကိုမကြည့်နဲ့ ပါတီကိုကြည့် ဆိုတဲ့NLD ရဲ့ မဲဆွယ်မှုက ဒီတခါ အလုပ်ဖြစ်နိုင်အုံးမလား
၂၀၁၉ မတ်လ စစ်တမ်း အရ ဘယ်ပါတီဟာ ကိုယ့်ရဲ့ အကျိုး စီးပွားကို အနီးစပ်ဆုံး ကိုယ်စားပြုနိုင်သလဲလို့ မေးကြည့်တဲ့ အခါ တနိုင်ငံလုံး အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လို့ ပြောတဲ့သူ ၃၃ ရာခိုင်နှုန်း ရှိပြီး ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးလို့ ပြောတဲ့သူက ၅ ရာခိုင်နှုန်းရှိကြောင်း ၊ ကျန်တဲ့ ပါတီတွေက ကိုယ်စားပြုမှု မရှိသလောက် ဖြစ်သလို မသိဘူး ပြောတာက ၆၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ Pace Myanmar ရဲ့ အမှုဆောင် ဒါရိုက်တာက ပြောပါတယ်။
ဒါ့အပြင် အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်ပိန်း တခုဖြစ်တဲ့ လူကို မကြည့်ပါနဲ့ ပါတီကိုကြည့် ဆိုတဲ့ ဟာက အဲ့ဒီ အချိန်မှာ ကိုက်ညီတာမျိုး ဖြစ်ခဲ့ပေမယ့် လာမယ့် ၂၀၂၀ မှာ အဲဒါမျိုး စည်းရုံးတာထက် NLD အနေနဲ့ နိုင်ငံခြားရေး မူဝါဒ ဘယ်လို တိတိကျကျ ရှိတယ် ၊ ရခိုင် ကိစ္စကို ဘယ်လို ဖြေရှင်းမလဲ ၊ တရုတ် ရဲ့ ရင်းနှီးမြုပ်နှံမှုတွေနဲ့ ပတ်သက်လို့ ပိုးလမ်းမ စီမံကိန်းကို ဘယ်လို ဆုံးဖြတ်ထားလဲ ၊ ပြည်တွင်းမှာ လူတွေ ၀င်ငွေ ပိုရလာအောင် ဘယ်လို လုပ်ပေးမလဲ ဆိုတဲ့ လုပ်ငန်းစဉ် အပေါ် အခြေခံ စည်းရုံးတာက ပိုအားကောင်းမယ် ၊ လူပုဂ္ဂိုလ် အမှတ်လက္ခဏာ နဲ့ လူမျိုးရေး အပေါ် အခြေခံတာမျိုးတွေက တိုင်းပြည်အတွက် မကောင်းဘူးလို့ သူက ထောက်ပြ ပါတယ်။
NLDအနေနဲ့ အာဏာရ ပါတီ ဖြစ်တဲ့ အလျောက် လူ့အဖွဲ့အစည်း အတွင်း ကွဲပြားအောင် လုပ်တာထက် ပေါင်းစည်းအောင် လုပ်တာက တိုင်းပြည်အတွက် ပိုကောင်းစေမှာ ဖြစ်ပြီး ရွေးကောက်ပွဲ အနေနဲ့လည်း ဒီမိုကရေစီ အနှစ်သာရ ရှိလာလိမ့်မယ် နိုမို့ဆိုရင် ရွေးကောက်ပွဲတော့ အနိုင်ရပေမယ့် တိုင်းပြည်မှာ ကျန်ခဲ့တဲ့ လူတွေရဲ့ အသံကို ကိုယ်စားပြုမှု မရနိုင်ရင် ဒီရွေးကောက်ပွဲ ရလဒ် အပေါ် လူထု ယုံကြည်မှု နည်းလာလိမ့်မယ် ၊ ရွေးကောက်ပွဲကို စိတ်၀င်စားမှု မရှိတော့မယ့် အရာတွေ ရေရှည်မှာ ဖြစ်လာနိုင်တဲ့ အတွက် ခုကတည်းက စလို့ သတိထားသင့်တယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor facebook
လက်ရှိ အစိုးရ အပေါ် လူထု ယုံကြည်မှု
Pace Myanmar အနေနဲ့ နိုင်ငံတွင်းမှာ ရှိနေတဲ့ ကိစ္စတွေဟာ အကောင်းဖက်ကို သွားနေသလား အဆိုးဖက်ကို ရောက်နေသလား ဆိုတဲ့ မေးခွန်း အပေါ် လူထုရဲ့ တုန့်ပြန်ချက်က ၃၇ ရာခိုင်နှုန်းက လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ ပြောကြပြီး ၈ ရာခိုင်နှုန်းကတော့ အဆိုးဖက်သွားနေတယ်လို့ ဖြေထားကြသလို၊ မသိဘူး လို့ တုန့်ပြန်သူက ၅၀ ရာခိုင်နှုန်း ရှိတဲ့အတွက် ဒီအရေအတွက်က အလွန် စိုးရိမ်စရာ ဖြစ်တယ်လို့ စိုင်းရဲကျော်စွာမြင့် က ဆိုပါတယ်။
လူထု အနေနဲ့ လက်ရှိ တိုင်းပြည်မှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာ သူတို့မှာ သတင်း အချက်အလက် မရှိ ၊ သူတို့မှာ သုံးသပ်မှု လုပ်ထားတာ မရှိတဲ့ သဘော ဖြစ်နေတာဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်မှာ မကောင်းဘူးလို့ ယူဆကြောင်းPace Myanmar အမှုဆောင် ဒါရိုက်တာက ပြောပါတယ်။
နိုင်ငံ့ ခေါင်းဆောင် တွေ အနေနဲ့ နိုင်ငံသားတွေကို နိုင်ငံရေး အရ ထိတွေ့ ဆက်ဆံမှု ပိုလုပ်ဖို့ လိုတယ်လို့ သူက ထောက်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Pace Myanmar
ရွေးကောက်ပွဲနဲ့ အမျိုးသမီးထု ၊ လူငယ်တွေရဲ့ အနေအထား
လောလောဆယ်မှာ တချို့ ပါတီတွေက လူငယ်တွေ အမျိုးသမီးတွေကို ရှေ့တန်းတင် စည်းရုံးလာတာတွေ့ရပေမယ့် တကယ်တမ်းမှာ သူတို့ကို ရွေးကောက်ပွဲ ကိုယ်စားလှယ် အဖြစ် ထည့်မလား ဆိုတာ မသေချာဘူးလို့ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။
သူတို့ ကောက်ခံတဲ့ စစ်တမ်းတွေ အရ ကိုယ်ထောက်ခံတဲ့ ပါတီက အမျိုးသမီး ကိုယ်စားလှယ် ဖြစ်မယ် ဆိုရင် မဲပေးမလားလို့ မေးမြန်းခဲ့ရာမှာ မဲပေးမယ် ပြောတဲ့သူက ၇ဝ ရာခိုင်နှုန်း ရှိတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် တချို့ ပါတီတွေကတော့ လက်ရှိ မြန်မာ့ လူ့အဖွဲ့အစည်းဟာ အမျိုးသား ကြီးစိုးတဲ့ အဖွဲ့အစည်း ဖြစ်တာကြောင့် အမျိုးသမီး ကိုယ်စားလှယ်တွေ ထည့်သွင်းတဲ့ အခါ မဲရချင်မှ ရလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ အနိုင်အရှုံးအတွက် မစွန့်စားချင်ဘူးလို့ ဆိုကြောင်း သူက ရှင်းပြပါတယ်။
အမျိုးသမီး နဲ့ လူငယ်တွေကို လူတွေက မဲပေးဖို့ အသင့်ရှိတဲ့ အတွက် နိုင်ငံရေး ပါတီတွေ အနေနဲ့ အကောင်အထည် ဖော်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။
လူထု အနေနဲ့လည်း မဲသွားပေးတာ သက်သက်ထက် ဒီမိုကရေစီ စံနစ် ကြံ့ခိုင် ကျန်းမာလာအောင် လုပ်တာဟာ မလုံလောက်နိုင်တဲ့ အတွက် ကိုယ်စားလှယ်လောင်းကို ဘယ်လောက်ဘဲ ကြိုက်ပါစေ ၊ အဲဒီ ပါတီကို မျက်စေ့ စုံမှိတ်ပြီး မဲပေးတာထက် သူတို့ဆီသွား မေးခွန်းတွေမေး ၊ ကိုယ်စားလှယ်လောင်းတွေနဲ့ ရင်ဆိုင် ထိတွေ့ ဆက်ဆံဖို့ လိုတယ်လို့ Pace Myanmar ရွေးကောက်ပွဲ ဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှု အဖွဲ့ အမှုဆောင် ဒါရိုက်တာ စိုင်းရဲ ကျော်စွာမြင့်က တိုက်တွန်း ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Pace Myanmar
Pace Myanmar ရွေးကောက်ပွဲ ဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှု အဖွဲ့ အနေနဲ့ ကျပန်း နည်းစံနစ်နဲ့ ကောက်ယူရမယ့် စစ်တမ်း နေရာ နမူနာတွေကို ရွေးထုတ်ပြီး ပြည်နယ်နဲ့ တိုင်း ဒေသကြီး ၁၄ခုမှာ စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။
လူမှု စီးပွား အခြေအနေ သိသိသာသာ ကွာခြားမှု ရှိတဲ့ ရန်ကုန် မြို့တော်မှာတော့ စည်ပင် သာယာ နယ်နမိတ် အတွင်းရှိ မြို့နယ် ၃၃ခုမှာ တွေ့ဆုံ မေးမြန်းမှု အရေအတွက်ကို ပိုမို ပြုလုပ်ခဲ့တယ်လို့ ရေးသား ထားပါတယ်။
ဒါပေမယ့် လက်နက်ကိုင် ပဋိပက္ခ ဒေသတွေ ဖြစ်တဲ့ မိုင်းမော ၊ ပန်ဆန်း ၊ ပန်ဝိုင် ၊ နားဖန်း နဲ့ မိုင်းလား တို့ကို ထည့်သွင်း နိုင်ခဲ့ခြင်း မရှိတဲ့ အပြင် တခြား ၃၅ နေရာလောက်မှာလည်း လုံခြုံရေး အရ သွားရောက် စစ်တမ်း ကောက်ယူနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။








