မဟာဆွေနဲ့ ခင်ဆွေဦး၊ ကျောင်းသားလူငယ်တွေဘက်က စာရေးဆရာများ

- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
စာရေးဆရာကြီး မဟာဆွေနဲ့ သမီး ခင်ဆွေဦးတို့ဟာ ထင်ရှားတဲ့ စာရေးဆရာ သားအဖ ဖြစ်ပါတယ်။
သူတို့သာမက မဟာဆွေရဲ့ ဇနီး ဒေါ်ကြည်ကြည်ကလည်း ဒေါ်မဟာဆွေ အမည်နဲ့ စာရေးခဲ့တာမို့ စာရေးဆရာ မိသားစုလို့ ခေါ်နိုင်ပါတယ်။
သူတို့သားအဖနဲ့ ခေတ်အဆက်ဆက် မြန်မာ ကျောင်းသား လှုပ်ရှားသူတွေ ခင်မင်ရင်းနှီးခဲ့ကြပြီး ဒီအကြောင်းတွေကို သူတို့စာတွေမှာ ဖတ်ရှုနိုင်ပါတယ်။
အဖေခေတ်
မဟာဆွေကို မျိုးချစ် အစွန်းရောက် စာရေးဆရာကြီးလို့လည်း ရှုမြင်ခဲ့ကြပါတယ်။
ဒါပေမဲ့ သူ့ရဲ့ အကြမ်းပတမ်း စွန့်စားတဲ့နည်းတွေနဲ့ လွတ်လပ်ရေး ယူဖို့ ရေးသားတဲ့ ဝတ္ထုတွေကြောင့် လူငယ်တွေရဲ့ စိတ်ကို နိုးကြားစေတယ်လို့လည်း လက်ခံသူတွေ ရှိပါတယ်။
မြန်မာပြည်ကြီး လွတ်လပ်တာ မဟာဆွေရဲ့ ညာလက်ရုံးတဘက်ပါတယ် ဆိုပြီး ဝန်ကြီးဟောင်း အမရပူရ ဦးဘသီက ပြောခဲ့ဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Seikkuchocho
သူရေးတဲ့ သူပုန်ကြီး၊ သူပုန့်အိမ်၊ ဒို့မေမေ ဝတ္ထုရှည်တွေဟာ ၁၉၃ဝ ကျော်က နိုင်ငံရေးတက်ကြွသူတွေကြား ခေတ်စားရုံမက အဲဒီဝတ္ထုထဲက အရပ် ခြောက်ပေကျော် ဇာတ်လိုက်ကြီးတွေရဲ့ ဝတ်စားပုံ သူရသတ္တိရှိပုံတွေကို အတုခိုးလိုတဲ့ လူငယ်တွေ ပေါ်လာခဲ့ပါတယ်။
ဒို့မေမေဟာ မြန်မာပြည်ကို မိခင်သဖွယ် တင်စားပြီး ပထွေးလက်က လွတ်ဖို့ သားတွေက ကြိုးစားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
ဒီဝတ္ထုဇာတ်ကောင်တွေဟာ ဓနရှင် ပညာတတ် လူတန်းစားကို အမွှမ်းတင်လွန်းတယ် ဆိုပြီး ဒဂုန်တာရာ စတဲ့ လက်ဝဲစာရေးဆရာတွေက ဝေဖန်ခဲ့ပါတယ်။
ဘန်ကောက်လုံချည်ဝတ်၊ ဓာတုဗေဒ ဘွဲ့ရတဲ့ သူဌေးသား ပညာတတ် လူငယ်တွေက ဗုံးလုပ်တာ၊ အင်္ဂလိပ် အာဏာပိုင်တွေကို လုပ်ကြံသတ်ဖြတ်တာ စတဲ့ အကြမ်းပတမ်း နည်းတွေ သုံးတာကို အသားပေးတဲ့ ဒီဝတ္ထုတွေဟာ နိုင်ငံရေးအရ တကိုယ်တော် စွန့်စားခန်းကို အသားပေးတယ်၊ နဟီးလစ်ခေါ် အကြမ်းဖက်ဝါဒကို အားပေးတယ်လို့ ဝေဖန်ခဲ့ကြတာပါ။
ဒီဝတ္ထုတွေ ထွက်လာပြီးနောက် ရေနံမြေ သပိတ်မှာ မီးရှို့၊ ဗုံးနဲ့ပစ်တာတွေ ဖြစ်ခဲ့ပါတယ်။
မဟာဆွေဟာ ဒီဝတ္ထုတွေအပြင် ကလောင်ဝှက်နဲ့ နိုင်ငံရေးဆောင်းပါးတွေ ရေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
ဒီထဲက အထင်ရှားဆုံးက နေသူရိန်ရဲ့ မကြောက်တရား ဆောင်းပါးတွေ ဖြစ်ပါတယ်။
ဒီဆောင်းပါးတွေကို ဘယ်သူတွေ ရေးသလဲ သခင်အောင်ဆန်းနဲ့ တခြား ထင်ရှားတဲ့ သခင်ခေါင်းဆောင် လူငယ်တွေက မေးမြန်း ခဲ့ကြတယ် လို့လည်း မဟာဆွေက ရေးသား ခဲ့ပါတယ်။
သခင်အောင်ဆန်းကို သူက ထုတ်ဖော်ဝန်ခံခဲ့လို့ နောက်ပိုင်းမှာ နေသူရိန် လူထုစည်းဝေးပွဲကြီး ဆိုတာမျိုးတွေ ဖြစ်လာတယ် လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
နောက်ပြီး မဟာဆွေဟာ မြန်မာ့လွတ်လပ်ရေးနဲ့ နယ်ချဲ့ဆန့်ကျင်ရေး အရေးတော်ပုံအတွက် "သေရဲ သတ်ရဲသော လူငယ်များ အလိုရှိသည်" ဆိုတဲ့ ကြော်ငြာကို သူအယ်ဒီတာလုပ်တဲ့ ရဲသတင်းစာကနေ ဖြန့်ဝေခဲ့ပါတယ်။
ဒီမှာ အာဇာနည် ဗိုလ်အောင်ကျော် ဖြစ်လာမယ့် ကျောင်းသား ကိုအောင်ကျော်က သူ့ဆီ လာဆက်သွယ်တယ်လို့ ဗိုလ်အောင်ကျော် ကျဆုံးစဉ်က မဟာဆွေက ရေးပါတယ်။
သူချစ်တဲ့ မောင်အောင်ကျော်အတွက် ရုပ်တုလုပ်ဖို့ အောင်ကျော် စာအုပ်ရေးပြီး ရောင်းတဲ့အခါမှာ အုပ်ရေ တသောင်းကျော် ရောင်းရပေမယ့် အင်္ဂလိပ်အစိုးရက စာအုပ်တွေ သိမ်းခဲ့ပါတယ်။

တခြားခေတ်ပြင်ဝတ္ထုတွေကို ရေးရာမှာ စျေးချိုသူ ဝတ္ထုကြောင့် သံဃာတွေ အစည်းအဝေးကျင်းပပြီး သိန်းဖေရဲ့ တက်ဘုန်းကြီး ဝတ္ထုနဲ့အတူ ရှုတ်ချတာ မဟာဆွေ ကြုံခဲ့ရပါတယ်။
သူ့ကို သတ်ဖို့ လူမိုက်ကို ငွေပေးခိုင်းတဲ့ ဓမ္မကထိကတောင် ရှိတယ်လို့ မဟာဆွေက ရေးခဲ့ပါတယ်။
အမျိုးသမီး လွတ်လပ်မှုကို ဖော်ထုတ်ဖို့ တင်းတင်းကျပ်ကျပ် ရင်စည်းတာတွေကို ဆန့်ကျင်ပြီး ရဲသတင်းစာကနေ ကိုယ်လုံးတီး အမျိုးသမီးပုံတွေ ဖော်ပြခဲ့ပါတယ်။
လူသန်မာ ထွားကျိုင်းမှုကို အသားပေးတဲ့ မဟာဆွေရဲ့ အရေးအသားတွေဟာ လက်ယာစွန်း အမျိုးသားရေး အမြင်ဆန်တယ်လို့လည်း သုံးသပ်ကြပါတယ်။
နောက် သူရေးတဲ့ နတ်ရွာစံ နဲ့ အချစ်ပြဿနာ စာအုပ်တွေကို ညစ်ညမ်းတယ် ဆိုပြီး အင်္ဂလိပ်အစိုးရက ရုံးတင်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ သူ နတ်ရွာစံအမှုမှာ တရားနိုင်ပြီး ဒဏ်တပ်တာလောက်ပဲ ကြုံခဲ့ပါတယ်။
နတ်ရွာစံမှာ သူ့ဘက်က သက်သေလိုက်ပေးသူက ယုဒသန်ကောလိပ် ကထိက ဖြစ်ခဲ့တဲ့ ဦးတင်မောင်ပါ။
နောင်မှာ ဘီဘီစီ ဦးတင်မောင်လို့ ထင်ရှားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Simon HT
မဟာဆွေလို့ သူ့ကလောင်နာမည် ယူထားတဲ့အတိုင်း တိုင်တားမင်းကြီးနဲ့ လှေသင်းအတွင်းဝန်လို တန်ခိုးထွားတဲ့ မှူးမတ်ကြီးတွေက ဆင်းသက်လာသူမို့ ဇာတိမာန် ကြီးသလို နယ်ချဲ့ဆန့်ကျင်စိတ် လည်း များပါတယ်။
သူကိုယ်တိုင် လျှို့ဝှက်အသင်းထောင်ပြီး နိုင်ငံရေး လုပ်ကြံမှုတွေ လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။
အနောက်နိုင်ငံသားတယောက် စီးလာတဲ့ ကားကို ဗုံးနဲ့ပစ်တာမျိုးတွေ သူလုပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kaung Thar
နောက် ၁၃ဝဝ ပြည့်အရေးတော်ပုံအတွင်း ဂဠုန်ဦးစောတို့နဲ့ ပေါင်းပြီး အာဏာဖီဆန်တာ၊ သတင်းစာဆရာတွေနဲ့ ရာထူးလက်မခံရေးအဖွဲ့ ဖွဲ့ပြီး နိုင်ငံရေးသမားတွေ ဗြိတိသျှ ပေးတဲ့အုပ်ချုပ်ရေးကို လက်မခံဖို့ ကြိုးစားတာတွေ လုပ်ခဲ့ပါတယ်။
ဒီအတွက် သူရတဲ့ စာမူခတွေ ကုန်ပြီး ကွယ်လွန်ချိန်မှာ ဆင်းဆင်းရဲရဲနဲ့ နိဂုံးချုပ်ရတယ် လို့လည်း သမီးဖြစ်သူက ပြန်ပြောင်းရေးခဲ့ပါတယ်။
ဂျပန်ခေတ် စာအုပ်တွေ မထွက်နိုင်တဲ့ခေတ်မှာ ရဲဘော်သုံးကျိပ်ဝင် လူငယ်တယောက်က သူ့လစာထဲက ငွေတထောင်နဲ့ မဟာဆွေကို ထောက်ပံ့ခဲ့ဖူးပါတယ်။
တူလိုသားလိုနေတဲ့သူလို့လည်း ဆိုပါတယ်။
ဒါနဲ့လည်း မလောက်လို့ သမီးတွေကို ထိုးမုန့်လည်ရောင်းခိုင်းရတယ်လို့ သိရပါတယ်။
သမီးတွေကို အငတ်ခံနိုင်အောင် ချာပါတီကျွေးပြီး လေ့ကျင့်ပေးတဲ့ အကြောင်းကိုလည်း ချပါတီမလေး ဆိုပြီး မဟာဆွေက ရေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပိတောက်ပွင့်သစ်
သမီးခေတ်
ခင်ဆွေဦးဟာ ဖခင်လေ့ကျင့်ပေးခဲ့တဲ့ သမီးဖြစ်လို့ ငယ်ကတည်းက အကြောက်အလန့်မရှိ ကြီးပြင်းလာခဲ့ပါတယ်။
ဂျပန်ခေတ်မှာ သူတို့ ညီအစ်မနှစ်ယောက်ကို သင်္ချိုင်းကို ညသန်းခေါင်မှာ သွားခိုင်းပြီး အဖေက သတ္တိစမ်းခဲ့တယ်လို့လည်း ပြန်ပြောင်းရေးခဲ့ပါတယ်။
နောက် ငယ်စဉ်ကတည်းက ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ ရင်းနှီးခဲ့ပါတယ်။
ရဲဘော်သုံးကျိပ် ဗိုလ်ကျော်ဇောကို သူက ကိုကိုရွှေလို့ ခေါ်လေ့ရှိပါတယ်။
သူရေးတဲ့ ပထမဆုံး ဝတ္ထုရှည်ဟာလည်း ဗိုလ်ချုပ်ကျော်ဇောရဲ့ ဖြတ်သန်းမှုတွေကို နောက်ခံထားတဲ့ ဝတ္ထုပါ။

ဓာတ်ပုံ ရင်းမြစ်, Kaung Thar
ဗိုလ်ချုပ်ကျော်ဇော ရာထူးကျပြီးမှ ရေးတဲ့ ဒီဝတ္ထုကို စာပေဆု ပေးဖို့ ပယ်ချခံရတယ် လို့လည်း သိရပါတယ်။
ခင်ဆွေဦးရဲ့ ဒို့တိုင်းဌာနီ ဟာ မဟာဆွေရဲ့ ဒို့မေမေ အဆက်ဖြစ်တယ်လို့ အဲဒီအချိန်က ထင်ရှားတဲ့ ငွေတာရီ မဂ္ဂဇင်းမှာ ဝေဖန်ချက်ပေးခဲ့ပါတယ်။
ခင်ဆွေဦးဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ တယောက်နဲ့ လက်ထပ်ခဲ့ဖူးသလို လွတ်လပ်ပြီး နောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုတွေမှာလည်း တက်ကြွသူ ဖြစ်ပါတယ်။
ဒီအတွေ့အကြုံတွေကနေပြီး နှင်းဆီကမွှေး ဆိုတဲ့ ဝတ္ထုကို ရေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nyein Htat
ဒီလို နိုင်ငံရေးနောက်ခံတွေပါလို့ သူ့ဝတ္ထုတချို့ ပြီးခဲ့တဲ့ စစ်အစိုးရခေတ်မှာ ထုတ်ဝေခွင့် မရ ဖြစ်ခဲ့ပါတယ်။
သူ့ဖခင် လက်ထက်က ဗိုလ်ကျော်ဇောနဲ့ ရင်းနှီးသလို ခင်ဆွေဦးလက်ထက်မှာလည်း သားဖြစ်သူတွေနဲ့ ခင်မင်ပါတယ်။
ဒါကြောင့် ဦးကျော်ဇောဦးနဲ့ ဆက်စပ်ပြီး လက်ဝဲစာပေ ဖတ်ရှုတဲ့ နိုင်ငံရေး အသိုင်းအဝိုင်းတွေနဲ့ ခင်ဆွေဦး နီးစပ်ခဲ့ပါတယ်။
ဒါပေမဲ့ ခင်ဆွေဦးရဲ့ စာတွေဟာ သူ့ဖခင်လို နိုင်ငံရေးကို အတင်းအကြမ်းနည်းနဲ့ ပြောင်းဖို့ အားပေးတာထက် သွယ်ဝိုက်ပြီး စည်းရုံးတာ များပါတယ်။
တည်ကြည် မွန်ရည်တဲ့ သရုပ်ဆောင်တွေ၊ သတ္တိရှိတဲ့ အမျိုးသား အမျိုးသမီး လူငယ် ဇာတ်ရုပ်တွေနဲ့ သူ့ဝတ္ထုတွေကို ရေးဖွဲ့တတ်ပြီး ခေတ်ပြိုင် နိုင်ငံရေး စီးပွားရေးတွေကို ပုံဖော်တတ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sarpay Lawka
နောက်ပြီး အမျိုးသမီး မဂ္ဂဇင်းတခုကို သူဦးစီးထုတ်ဝေခဲ့ပါတယ်။
စံပယ်ဖြူ ဟာ ငွေကြေးအရ မအောင်မြင်ပေမယ့် အနုပညာအရ ထင်ရှားတဲ့ မဂ္ဂဇင်းတစောင် ဖြစ်ပါတယ်။
ခင်ဆွေဦးအိမ်ရောင်းပြီး စံပယ်ဖြူကို ထုတ်ခဲ့လို့ မဟာဆွေ သမီးပီသတယ်လို့လည်း ပြောစမှတ် ဖြစ်ခဲ့ပါတယ်။
အမျိုးသမီး စာရေးဆရာအနေနဲ့ ခင်ဆွေဦးဟာ ကျားမတန်းတူရေးကို ထောက်ခံသလို အမျိုးသမီးနဲ့ အမျိုးသား တဘက်နဲ့ တဘက် အနိုင်မလုဘဲ လူလူချင်း အနေနဲ့ လေးစားစွာ ဆက်ဆံကြဖို့ကို လိုလားကြောင်း ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း အယ်ဒီတာ တင်တင်ဦးနဲ့ မေးမြန်းခန်းမှာ ဖြေကြားခဲ့ပါတယ်။
ဒါကြောင့် သူ့ရဲ့ ဝတ္ထုတွေမှာ သဘောထားပြည့်ဝတဲ့ အမျိုးသားဇာတ်လိုက်တွေကို သရုပ်ဖော်ရေးသားလေ့ရှိတယ် လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tint Swe








