
ဒေသခံ ကျေးရွာသူ ရွာသားများ
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အတွက် မြေယာ လျော်ကြေးငွေ ကို မတ်လ ၁၆ ရက်နေ့ မှ စတင် ပေးအပ်တဲ့ အကြောင်း မုံရွာ ခရိုင် ဆားလင်းကြီး မြို့နယ်၊ မြို့နယ် အုပ်ချုပ်ရေး မှူးရုံးမှာ မနက် ၈နာရီ မှ ညနေ ၆နာရီ အထိ ဖြစ်ပုံ ကို မြို့နယ် အုပ်ချုပ်ရေး မှူးရုံးမှ ဘီဘီစီ ကို ပြောပါတယ်။
လျော်ကြေး အနေနဲ့ မြေ တဧက ကို ကျပ်ငွေ ၁၀ သိန်းမှ စပြီး ၁၅ သိန်း အထိ ပေးအပ်တဲ့ အကြောင်း သိရပေမယ့်၊ ရွာသစ် တွေ ကို ရွှေ့ပြောင်း သွားကြသူ တွေ သာ ယူကြတဲ့ အကြောင်း ဆည်တည်း ရွာသား တယောက် က ဘီဘီစီ ကို ပြောပါတယ်။
လျော်ကြေးငွေ မယူကြတဲ့ အကြောင်းရင်း က လည်း၊ ဒီတောင်ယာ မြေတွေ ဟာ ဒေသခံ တောင်သူတွေ အတွက် မိသားစု လုပ်ကိုင် စားသောက် ကြတဲ့ အတွက် လျော်ကြေးငွေ အနည်းအများ က အကြောင်း မဟုတ်တဲ့ အကြောင်း ဒေသခံ ရွာသားက ရှင်းပြပါတယ်။
လျော်ကြေးငွေ မှာလည်း လက်ရှိ ပေါက်စျေး မဟုတ်တဲ့ အတွက် တချို့ ရွာခံတွေ က မကျေနပ် ကြပါ။ အထူး သဖြင့် လျော်ကြေး ယူတဲ့ ဖေါင်းကား၊ ဝက်မှေးရွာ မှ ရွာသား တချို့ ကတော့ ဦးပိုင်မှာ အလုပ် ဝင်လုပ် နေသူတွေ ဖြစ်တဲ့ အကြောင်း ဆည်တည်း ရွာသား က ပြောပါတယ်။
အခြား ကျေးရွာ မှ ရွာခံ တွေ ကတော့ လက်ပံတန်းတောင် ကို ရှိစေ ချင်သေး သလို၊ မိမိတို့ ရွာမှသာ အေးအေး ဆေးဆေး လုပ်ကိုင် စားသောက် လိုပုံ ကို ရှင်းပြ ပါတယ်။












