
နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ခဲ့ပါတယ်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကထဲက လက်နက် စွဲကိုင် တော်လှန်နေကြတဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေဟာ အစိုးရက ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို ပထဆုံးအကြိမ် တက်ရောက်ခဲ့ပြီး သမ္မတရဲ့ တည်ခင်းတဲ့ ညစာ စားပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။
ဒါကို ကောင်းတဲ့ အမှတ်လက္ခဏာအဖြစ် တိုင်းရင်းသား အများစုက ရှုမြင်ကြပေမယ့် လမ်းကြောင်းမှန်အတိုင်း ဆက်လျှောက်ရဦးမယ်လို့ ပြောပါတယ်။
ပြည်ထောင်စုနဲ့ပတ်သက်ပြီး နိုင်ငံရေးအရ ဆွေးနွေးတာ မရှိသေးဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တိုင်းရင်းသားတွေက လက်မခံကြဘူး၊ တိုင်းရင်းသားတွေ လက်ခံနိုင်မယ့် ပြည်ထောင်စုပုံစံကို အစိုးရနဲ့ နှစ်ဘက် ညှိုနှိုင်း၊ ပြင်ဆင်၊ ဆွေးနွေး၊ သဘောတူတဲ့ အသစ်ပြဌာန်းတဲ့ ဥပဒေတခု ပီပြင်မှသာ ပြည်ထောင်စုကို ဖော်ဆောင်နိုင်မယ်လို့ နေပြည်တော်ရောက် ကရင်အမျိုးသားအစည်းအရုံး ကေအင်န်ယူ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ပဒို မန်းငြိမ်းမောင်က ဘီဘီစီကို ပြောပါတယ်။
အစိုးရက လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၆ ဖွဲ့ကို ပြည်ထောင်စုနေ့ အခမ်းအနားတက်ဖို့ ဖိတ်ကြားခဲပေမယ့် ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို အပါအဝင် ခုနစ်ဖွဲ့က မတက်ရောက်ဘဲ ကိုးဖွဲ့သာ တက်ရောက်ကြပါတယ်။ သမ္မတဦးသိန်းစိန်က ပြည်ထောင်စုနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာဟာလည်း စစ်အစိုးရခေတ်က သဝဏ်လွှာတွေအတိုင်း မနီးရိုးစွဲ ရှိပေမယ့်လို့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ထည့်သွင်း ပြောကြားလာတာ ထူးခြားမှုအဖြစ် တွေ့ရပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအရေး ဆောင်ရွက်ချက်တွေကို ကြိုဆိုသူတွေထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အက်စ်အင်န်အယ်လ်ဒီ ဥက္ကဌ ဦးခွန်ထွန်းဦးလည်း ပါဝင်ပါတယ်။
ကချင်ကလွဲလို့ အားလုံးကိုတော့ တဖြည်းဖြည်းချင်း သွားနေတယ်၊ အရင်လို ခြိမ်းခြောက်တာ ဟန့်တားတာတွေ မရှိတော့ဘဲ လွတ်လပ်လာတယ်လို့တော့ ခံစားရတယ်၊ ကောင်းတဲ့ဘက်ကို ခြေဦးလှည့်လာတယ်လို့ သူ ထင်မြင် ယူဆကြောင်း ဦးခွန်ထွန်းဦးက ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းစဉ်ရဲ့ အယ်ဒီတာ ဦးခွန်ဆိုင်းကတော့ သံသယနဲ့ အကောင်းမြင်သူပါ။ သူက အစိုးရရဲ့ အခုလို ဆောင်ရွက်ချက်တွေဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပေမယ့် မီဒီယာ အသားယူတာမျိုးလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားတွေ တောင်းဆိုတဲ့ ပင်လုံစာချုပ် ဖော်ဆောင်ရေးမှာ အရေးကြီးတဲ့ ကိုးချက်ထဲက လေးချက်ဟာ အသက်ဖြစ်တယ်၊ တိုင်းရင်းသားရေးရာတွေကို တိုင်းရင်းသားတွေကသာ တာ၀န်ယူ ဆောင်ရွက်ဖို့၊ ကိုယ်ပိုင်အုပ်ချုပ်ရေးကို တင်းပြည့်ကျပ်ပြည့်ပေးဖို့၊ ဒီမိုကရေစီ နိုင်ငံတွေမှာ ရတဲ့ အခြေခံ အခွင့်အရေးတွေ အပြည့်အဝရဖို့နဲ့ ကိုယ့်ပြည်နယ်ရဲ့ ဘဏ္ဍာရေး လိုအပ်ချက်ကို လွတ်လပ်စွာ စီမံခန့်ခွဲနိုင်ဖို့ ကိစ္စတွေကို ဆောင်ရွက်ဖို့ လိုတယ်၊ အဲဒီလို ဆောင်ရွက်မှသာ တိုင်းရင်းသားတွေက လက်ခံ ကျေနပ်ကြမှာ ဖြစ်တယ်လို့ ဦးခွန်ဆိုင်းက သုံးသပ်ပါတယ်။
၁၉၆၂ အာဏာသိမ်း စစ်တပ်ရဲ့ ဝါဒဖြန့်မှုကြောင့် ပြည်ထောင်စု မပြိုကွဲအောင် စစ်တပ်က ကာကွယ်လိုက်ရတာ ဖြစ်တယ်၊ ဖက်ဒရယ်ဆိုတာ ခွဲထွက်တဲ့ မူဖြစ်တယ် စတဲ့ စစ်တပ်အာဏာပိုင်တွေမှာ စွဲကပ်နေဆဲ ဖြစ်တဲ့ အရိုးစွဲမှုတွေကိုလည်း ကုစားဖို့ လိုတယ်လို့ သူက ဆိုပါတယ်။
ပင်လုံလို ညီလာခံတခုကို ပြန်ကျင်းပဖို့ရယ်၊ ကျင်းပတဲ့အခါမှာလည်း ပါသင့်တဲ့ ခေါင်းစဉ်တွေနဲ့ မူတွေကို တဘက်သတ် မဟုတ်ဘဲ နှစ်ဘက် သဘောတူတာမျိုးနဲ့ ဆောင်ရွက်ခြင်းနဲ့သာ တိုင်းရင်းသားတွေ လိုချင်တဲ့ ပြည်ထောင်စု စစ်စစ်ဆီ သွားနိုင်မယ်လို့ ဦးခွန်ဆိုင်းက ဘီဘီစီကို ပြောပါတယ်။












