
ဒုရဲမှူးကြီး သူရ သွင်ကိုကို
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက် ဆန့်ကျင်တဲ့ သပိတ်စခန်းတွေကို အစိုးရက အင်အားသုံး ဖြိုခွင်းမှုတွေအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး သူရသွင်ကိုကိုက ဖြိုခွင်းမှုတွေအတွင်း အင်အား အလွန်အကျွံ မသုံးခဲ့ဘူးလို့ ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဒုရဲမှူးကြီးကို မေးမြန်းပြီး မြန်မာအစိုးရ ရုပ်မြင်သံကြားနဲ့ မီဒီယာတွေမှာ ထုတ်လွှင့် ပြသခဲ့ပါတယ်။
အကြိမ်ကြိမ် သတိပေးတဲ့ကြားက သပိတ်စခမ်းတွေ နောက်မဆုတ်လို့ မလွှဲသာ မရှောင်သာ ဆောင်ရွက်ခဲ့ရတဲ့ နေရာမှာ ''ကျွန်တော်တို့ အသင့်အတင့်သော အင်အားကိုသာ'' သုံးစွဲခဲ့တယ်လို့ ဒုရဲမှူးကြီး သူရ သွင်ကိုကိုက ပြောပါတယ်။
သပိတ်စခမ်းတွေကို ဖြိုခွင်းတဲ့ နေရာမှာ နိုင်ငံတကာ စံချိန် စံညွှန်းတွေအတိုင်း ဆောင်ရွက်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
ရုပ်မြင်သံကြားမှာ မုံရွာဆေးရုံအုပ်ကြီးအပါအဝင် ဆရာဝန်တွေနဲ့ မေးမြန်းခန်းလည်း ပါဝင်ပြီး မီးလောင်ဒဏ်ရာတွေမှာ ထူးထူးခြားခြား အနံ့အသက် မတွေ့ရကြောင်း၊ အက်စစ်လိုမျိုးကြောင့် ရတဲ့ ဒဏ်ရာတွေ မဟုတ်ကြောင်း ရှင်းလင်းချက်တွေ ပြောတာလည်း တွေ့ရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ အာဏာပိုင်တွေအနေနဲ့ သံဃာတော်တွေကို အကြမ်းဖက် နှိမ်နင်းခဲ့မှုကို တောင်းပန်ဖို့ လိုကြောင်း သောကြာနေ့က ပြောခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ အမြန်ဆုံး ဖွဲ့ပြီး စစ်ဆေးနိုင်ဖို့ လုပ်ဆောင်မယ်လို့လည်း သူက ပြောပါတယ်။












