
အမေရိကန်အစိုးရက ၁၀နှစ်နီးပါး မြန်မာ နိုင်ငံက ပို့ကုန် အများစု ပိတ်ပင် ထားတာကို နိုဝင်ဘာလ ၁၆ ရက် သောကြာနေ့က ပြန်ဖွင့်ပေး လိုက်ပါတယ်။
အမေရိကန်သမ္မတ အိုဘားမားရဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ မြန်မာနိုင်ငံ ခရီးစဉ် မတိုင် အခုလို ပိတ်ဆို့မှုကို ပြန်ဖွင့်ပေး လိုက်တာ ဖြစ်ပါတယ်။
ဆယ်နှစ်ကြာ ပိတ်ဆို့မှုတွေကို ပြန်ဖွင့်ပေး လိုက်တာဟာ မြန်မာအစိုးရ နိုင်ငံရေး ပြုပြင် မှုကို အားပေးဖို့၊ နောက်ထပ် အပြောင်းအလဲတွေကို တွန်းပေးဖို့နဲ့ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းတွေ အတွက် အခွင့်အရေး သစ်တွေ ရစေချင်လို့ ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးနဲ့ နိုင်ငံခြားရေး ဌာန ပူးတွဲ ကြေညာချက်မှာ ဖေါ်ပြပါတယ်။
နောက်ပြီး ဒီလို ရုတ်သိမ်းတာဟာ နှစ်နိုင်ငံ အပြန်အလှန် စီးပွားရေး ဆက်ဆံမှုတွေ ပုံမှန်ဖြစ်လာဖို့ အတွက်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက ပို့ကုန် အများစု တင်သွင်းခွင့် ပြုလိုက်ပေမယ့် မြန်မာ့တွင်းထွက် ကျောက်မျက် ရတနာတွေ တင်သွင်းခွင့်ကို ဆက်ပြီး ပိတ်ထားအုံးမှာ ဖြစ်ပါတယ်။
ပို့ကုန် ပိတ်ဆို့မှု လျှော့ပေါ့ ပေးလိုက်ရင် မြန်မာ နိုင်ငံ ကမ္ဘာ့ စီးပွားရေး နဲ့ အမြန် ချိတ်ဆက်မိဖို့ တွန်းအားသစ် ဖြစ်လာမယ်လို့ မြန်မာ အစိုးရက ပြောကြား ခဲ့ပါတယ်။
အခုလို ပို့ကုန် ပိတ်ဆို့မှု လျှော့ပေါ့တာဟာ လောလောဆယ် မှာတော့ ပြည်သူတွေထက် စစ်အစိုးရ ခေတ်က ခုထိ ရှိနေတဲ့ ခရိုနီတွေနဲ့ စစ်တပ် ဦးပိုင်ကုမ္ပဏီဘဲ အကျိုးရှိမယ်လို့ စီးပွားရေး သုတေသီ ဦးစိန်ဌေးက သုံးသပ်ပါတယ်။
အစိုးရက ခရိုနီတွေနဲ့ စစ်တပ်ဦးပိုင် ကုမ္ပဏီ ကြီးစိုးထားတဲ့ စီးပွားရေးကို တနည်းတဖုံ ပွင့်လင်းအောင် လုပ်ပေးရင်တော့ ပြည်သူနဲ့ နိုင်ငံအတွက် အကျိုးရှိမယ်လို့ ဆိုပါတယ်။
တဆက်ထဲ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက စီးပွားရေး မဆက်ဆံဖို့ ပိတ်ထားတဲ့ မြန်မာကုမ္ပဏီတွေ စာရင်းမှာ စတီဗင်လောနဲ့ ဦးတေဇပိုင် ကုမ္ပဏီ ၇ ခုအမည်ကို ထပ်ပြီး ထည့်သွင်းပါတယ်။
တနင်္လာ နေ့မှာ တော့ မြန်မာ နိုင်ငံကို အမေရိကန် သမ္မတ အိုဘားမား သွားမှာ ဖြစ်ပါတယ်။
ဆက်ဆံရေး တွေ ပုံမှန် ပြန်စရေးမှာ အမေရိကန် ဘက်က ချဉ်းကပ်ပုံက သိပ်မြန်လွန်း နေတယ်လို့လဲ နိုင်ငံရေး လှုပ်ရှားသူ တချို့က ဝေဖန် နေကြပါတယ်။












