
သမ္မတ အိုဘားမားနဲ့ နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်
သမ္မတ အိုဘားမားရဲ့ အရှေ့တောင် အာရှ ခရီးမှာ မြန်မာနိုင်ငံ ပါမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန် လိုက်ပါပြီ။
သမ္မတ သက်တမ်း ပူပူနွေးနွေးမှာ အခုလို သွားတာဟာ မြန်မာနဲ့ သံတမန် ဆက်ဆံရေး ပိုကောင်းအောင် လုပ်ဖို့ အရေးကြီးကြောင်း အချက်ပြ တာလို့ ဘီဘီစီ သတင်းထောက် ဒေးဗစ် ဘရမ်းဖို့က ပြောပါတယ်။
နောက်ပြီး ဒေသတွင်း တရုတ်သြဇာ ကြီးထွား လာနေတာကို တစိတ်တဒေသ ချိန်ခွင်ညှာ ညှိဖို့ အမေရိကန်ရဲ့ ဒေသတွင်း ပိုပြီး ပါဝင် ဆောင်ရွက်တဲ့ အခွင့်အရေး တရပ်လည်း ဖြစ်ပါတယ်။
မြန်မာအစိုးရက စီးပွားရေး နိုင်ငံရေး ပြုပြင် မှုတွေ လုပ်ပြတဲ့ အတွက် အရင်က စဉ်းစားလို့ မရတဲ့ သမ္မတ အဆင့် ချစ်ကြည်ရေး ခရီး အကောင်အထည် ပေါ်တော့မှာ ဖြစ်ပါတယ်။
အထီးကျန် ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံ အပေါ် အပြောင်းအလဲတွေ လုပ်ဖို့ သမ္မတ အိုဘားမားက ထက်သန်စွာ ထောက်ခံ အားပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ပထမဆုံး မြန်မာနိုင်ငံကို သွားပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန် ပြန်ရောက်ဖို့ ကြိုးစားမှုတွေ အတော် လျင်မြန် လာတယ်လို့ ပြောနိုင်ပါတယ်။
မြန်မာအစိုးရက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်ခွင့် ရအောင် လုပ်ပေးတာတွေကို ကြိုဆိုတဲ့ အနေနဲ့ အမေရိကန် ဘက်က သံအမတ်ကြီး အဆင့် ပြန်ခန့်ပြီး စီပွားရေး ပိတ်ဆို့ ထားတာတွေ ဆိုင်းငံ့ ခဲ့ပါတယ်။
နောက်ပြီး မြန်မာနိုင်ငံက ပို့ကုန် တင်သွင်းဖို့ တားမြစ်ချက်တွေ ကို ပြန်ခွင့်ပြုဖို့လည်း အမေရိကန်က စီစဉ်နေ ပါတယ်။
ဒါပေမယ့် နိုင်ငံရေးအရ နောက်ထပ် ပြုပြင် ပြောင်းလဲစရာ တွေ ရှိသေးတယ်၊ ပြီးတော့ ရခိုင်မှာ ပဋိပက္ခတွေ ဆက်ဖြစ် နေသေးလို့ သမ္မတ အိုဘားမား ခရီးစဉ် သွားဖို့ အချိန်စော သေးတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန် နေပါတယ်။












