
ပါတီ ဥက္ကဌ ဦးသိန်းစိန် သမ္မတတာဝန် ထမ်းဆောင်နေတဲ့ အတွက် ပါတီဥက္ကဌ ရာထူးနေရာ လစ်လပ်နေပါတယ်။
နေပြည်တော်မှာ တနင်္ဂနွေနေ့က စလို့ ၄ရက်ကြာ ကျင်းပနေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ညီလာခံအတွင်းမှာ ပါတီ ဥက္ကဌ ရာထူးနေရာအတွက် ရွေးချယ် တင်မြှောက်ဖို့ ရှိတယ်လို့ ပါတီ အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးလှသိန်းဆွေက ဘီဘီစီကို ပြောပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ လက်ရှိ ဥက္ကဌက သမ္မတ ဦးသိန်းစိန် ဖြစ်ပြီး သူဟာ သမ္မတတာ၀န် ထမ်းဆောင်နေတဲ့အတွက် ပါတီ ဥက္ကဌတာဝန်ကို ရပ်ဆိုင်းထားရပါတယ်။
ပါတီ ဥက္ကဌ ရာထူးနေရာအတွက် ညီလာခံ တတိယနေ့မှာ ရွေးချယ် တင်မြှောက်မှာ ဖြစ်ကြောင်းနဲ့ ညီလာခံ ကိုယ်စားလှယ်တွေက ဗဟို ကော်မီတီဝင်တွေကို ရွေး၊ ဗဟို ကော်မီတီဝင်တွေက ဗဟို အလုပ်အမှုဆောင်ကို ရွေး၊ ဗဟို အလုပ်အမှုဆောင်က နေ ထိပ်ပိုင်း ခေါင်းဆောင်တွေကို အဆင့်ဆင့် ရွေးချယ် တင်မြှောက်ဖို့ စီစဉ်ထားကြောင်း ဦးလှသိန်းဆွေက ပြောပါတယ်။
ညီလာခံ အဖွင့် မိန့်ခွန်းမှာ ပါတီ ဒုတိယ ဥက္ကဌ သူရ ဦးရွှေမန်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဟာ အတွင်းကနေ အခြေခံပြီး စဖွဲ့ခဲ့တဲ့အတွက် အမြုတေ ပါတီအဆင့်ပဲ ရှိနေသေးကြောင်း ဒါ့ကြောင့် ပြည်သူ့ပါတီအဖြစ် ကူးပြောင်း ဖွဲ့စည်းဖို့ စီစဉ်ထားကြောင်း ပြောသွားပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့ပေမယ့် ၂၀၁၂ ဧပြီလ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲမှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။












