
သတင်းမီဒီယာ ပိုင်းမှာ လည်း ရင်းနှီးမြှုပ်နှံမယ် လို့ ဆို
ဥဇဘက်ကစ္စတန်မှာ မွေးဖွားပြီး ကိုလံဘီယာနဲ့ အောက်စဖို့ တက္ကသိုလ်တွေမှာ ပညာသင်ယူခဲ့တဲ့ လုပ်ငန်းရှင် Alisher Ali က မြန်မာနိုင်ငံမှာ investment banking လို့ခေါ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဘဏ်လုပ်ငန်း ကို ပထမဆုံး စတင်ထူထောင် လိုက်ပါတယ်။
မွန်ဂိုလီးယားနိုင်ငံမှာ အလားတူ လုပ်ငန်းမျိုးနဲ့ အောင်မြင်ခဲ့တဲ့ Alisher Ali က Mandalay Capital လို့ အမည်ပေးထား တဲ့ အဲဒီဘဏ်လုပ်ငန်းဟာ ပြည်ပကနေ မြန်မာ နိုင်ငံ မှာ လာပြီး ရင်းနှီး မြှုပ်နှံလိုသူ တွေ နဲ့ ပြည်တွင်းက လုပ်ငန်းရှင်တွေကြား ပေါင်းကူးပေးမယ့် အစီအစဉ်ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် သူတို့ လုပ်ငန်းဟာ ပညာရေး၊ ကျန်းမာရေး၊ သတင်းမီဒီယာ စတဲ့ လူသားစွမ်းအင် ဖွံ့ဖြိုးရေး အပိုင်းတွေမှာ လုပ်ကိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ လန်ဒန်မြို့ကို သူရောက်နေခိုက် ဘီဘီစီ စတူဒီယိုမှာ သူ့ကိုဖိတ်ခေါ်ပြီး ဘာကြောင့် မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်သလဲ ဆိုတာ မေးကြည့်တော့ ခုလို စပြောပါတယ်။
ဖြေ။ မြန်မာနဲ့ မွန်ဂိုလီးယားနိုင်ငံတို့မှာ တူညီချက်တွေ အများကြီး ရှိပါတယ်။ မွန်ဂိုလီးယားမှာ ငွေကြေးဆိုင်ရာကျွမ်းကျင်တဲ့ လုပ်ငန်းရှင်အဖြစ် အောင်မြင်ပြီးတဲ့နောက်မှာ ဒီနှစ်အတွင်း လမ်းပွင့်လာတဲ့ မြန်မာနိုင်ငံကို ကျွန်တော့် အနေနဲ့တကယ့် အခွင့် အလမ်းကောင်းအဖြစ်နဲ့ မြင်ပါတယ်။ အလားတူပြောင်းလဲမှု တွေ ဖြစ်ခဲ့တဲ့နိုင်ငံတွေ က ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကို ယူလာပြီး ဒီနိုင်ငံရဲ့ အပြောင်းအလဲထဲမှာ ကျွန်တော်လည်း ပါဝင်ချင်လို့ပါ။
Alisher Ali ။ ခင်ဗျားက ဒီနိုင်ငံကို အခွင့်အလမ်းကောင်း အနေနဲ့မြင်တယ်လို့ ပြောနေပေမယ့် တကယ်တမ်း ရင်းနှီးမြှုပ်နှံမှု ဥပဒေ လည်း ထွက်မလာသေး သလို အခြေခံအဆောက်အဦပိုင်း မှာလည်း ဘာမှမရှိသေး တဲ့ အခြေအနေမှာ တကယ်ရော စီးပွားရေး လုပ်လို့ ရမှာလား။
ဖြေ။ ကျွန်တော်ကတော့ အများကြီး ယုံကြည်မှုရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်အနေနဲ့ ခုလို ပွင့်လာစ စျေးကွက်သစ် တွေမှာ နှစ်ပေါင်း ၂၀ လောက် အလုပ်လုပ်ခဲ့တဲ့ အတွေ့အကြုံ ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက အရှေ့ဥရောပနိုင်ငံ တွေဟာအခုတော့ ဥရောပသမဂ္ဂအဖွဲ့ဝင်တွေဖြစ်နေပါပြီ။ သူတို့နောက်မှာရုရှ၊ ပြီးတော့အာရှအလယ်ပိုင်းဒေသတွေဟာလွန် ခဲ့တဲ့ ၁၀ နှစ်အတွင်း ပြောင်းလဲခဲ့ပါတယ်။ မွန်ဂိုလီးယား ကတော့ လွန်ခဲ့တဲ့ ငါးနှစ်မှာ ပြောင်းခဲ့ပါတယ်။ ဒါတွေကိုကြည့်ရင် ဒီအပြောင်းအလဲတွေမှာ ဆင်တူတာတွေကိုတွေ့နိုင်ပါတယ်။ လွန်ခဲ့တဲ့သုံးပတ်က ပဲ ကျွန်တော်တို့ရဲ့ပင်မကုမ္ပဏီ Silk Road Management ကနေ မြန်မာနိုင်ငံ အတွက် သီးသန့်ရည်ရွယ်ထားတဲ့ ငွေပင်ငွေရင်း ဒေါ်လာ ၂၅ သန်းကို ရင်းနှီး မြှုပ်နှံ သူတွေဆီ ကနေ ရယူပြီး မတည်နိုင် ခဲ့ပါတယ်။ Myanmar Human Capital Fund မြန်မာလူသား ရင်းမြစ်ရံပုံငွေ လို့ ခေါ်ပါတယ်။ ဒီငွေတွေကို ရေနံနဲ့သဘာဝဓါတ်ငွေ့လို သယံဇာတပိုင်းမှာ ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘဲ၊ သတင်းမီဒီယာ၊ ပညာရေး၊ ကျန်းမာရေး၊ တယ်လီဖုန်းနဲ့အင်တာနက် ဆက်သွယ်ရေးစတဲ့ Knowledge Industry လို့ ခေါ်တဲ့ အသိပညာဆိုင်ရာ လုပ်ငန်းတွေမှာ ရင်းနှီး မြှုပ်နှံမှာ ဖြစ်ပါတယ်။
ဘီဘီစီ ။ ဒါဆိုရင် အဲဒီလိုလုပ်ငန်းတွေမှာ အကျိုးအမြတ်ရအောင်ကော ဘယ်လိုရင်းနှီးမြှုပ်နှံမှာလဲ။
Alisher Ali ။ တကယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်တဦးက ဆေးခန်းထောင်ချင်တယ် ဆိုပါတော့၊ ကျွန်တော်တို့ လုပ်ငန်း အနေနဲ့ အဲဒီ ဆေးခန်းမှာပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားပါတယ်။ ဒါမှမဟုတ် ပုဂ္ဂလိကကျောင်း တည်ထောင်ချင် တဲ့သူရှိတယ်ဆိုရင်လည်း တက္ကသိုလ်ဆောက်တာဘဲ ဖြစ်ဖြစ် ကောလိပ်ဆောက်တာဘဲ ဖြစ်ဖြစ် ကျွန်တော်တို့ ပါဝင်ရင်းနှီး မြှုပ်နှံချင်ပါတယ်။ တခြားအပိုင်း တွေမှာလည်း အလားတူ ပါဝင်ချင် ပါတယ်။
ဘီဘီစီ ။ ဒါဆိုရင် မွန်ဂိုလီးယားမှာ အလားတူ အောင်မြင်ခဲ့တဲ့ ဥပမာတွေကိုရော ပြောပြနိုင်မလား။
Alisher Ali ။ မွန်ဂိုလီးယားမှာတော့ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ်ကို ဟိုးအစကနေစပြီး ကျွန်တော်တို့တည်ထောင်ခဲ့ပါတယ်။ အခု လေးနှစ်ကြာ သွားပါပြီ။ အဲဒီဘဏ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ မွန်ဂိုလီးယားမှာရှိတဲ့ လုပ်ငန်း အတော်များများအတွက် အောင်မြင်ရေးမှာ အဓိကကျပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့မှာ မြန်မာနိုင်ငံအတွက် မှန်ကန်တဲ့ စီမံခန့်ခွဲမှု အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေ ရှိတယ် လို့ ယုံကြည်တာပါ။












