
တက်ကြွလှုပ်ရှားသူလူငယ်တွေနဲ့ ဒေါ်စုတွေ့ဆုံ
မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာချိန်မှာ နိုင်ငံတကာ ကုမ္ပဏီကြီးတွေက ဝင်ရောက် လုပ်ကိုင်ဖို့ ဆန္ဒရှိနေကြသလို ဒေါ်အောင်ဆန်းစုကြည်က ဒီလို လာလုပ်ကြမယ့် လုပ်ငန်းတွေအနေနဲ့ ပွင့်လင်း မြင်သာမှု ရှိဖို့ လိုတယ်လို့ ပြောပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီး ဖြစ်တဲ့ Amnesty International အဖွဲ့ရဲ့ ဝါရှင်တန် ဒီစီရုံးကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ အခန်းအနားတစ်ခုမှာ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေဟာ လူထုကို အကျိုးပြုဖို့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတန်ဖိုးတွေ မြှင့်တင်နိုင်မှုကို အထောက်အကူဖြစ်ဖို့ ဆိုရင် အရင်ဆုံး ပွင့်လင်း မြင်သာမှု ရှိဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဝါရှင်တန်ဒီစီက Newseum သတင်းပြတိုက် ခန်းမမှာ ပြုလုပ်တဲ့ Amnesty International ရဲ့ ပွဲမှာ လူ ၆၀၀ လောက် တက်ရောက်ကြပြီး အများဆုကတော့ လူငယ်နဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။
ဒီပွဲ နာမည် ကိုတော့ 'လူ့အခွင့် အရေးမျိုးဆက်သစ်ကို စိတ်ခွန်အားတွေ ပေးနိုင်တဲ့ ဒေါ်အောင်ဆန်း စုကြည်' လို့ နာမည်ပေးထားတာပါ။ အမေရိကန်က မျိုးဆက်သစ်လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ သူတို့ရဲ့ သူရဲကောင်းတို့ တွေ့ဆုံတဲ့ ပွဲလို့လည်း ဆိုနိုင်ပါတယ်။
''ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျစဉ်က သူလွတ်မြောက်ဖို့ နိုင်ငံတကာမှာ လှုပ်ရှားခဲ့ကြတဲ့ Amnesty International အဖွဲ့သားတွေက သူ့ကို တွေ့ချင်ကြတယ်။ နောက်ပြီး ဒေါ်စုက လူငယ်တွေအရေးနဲ့ ပညာရေးကို စိတ်ဝင်စားသူမို့ လူငယ်တွေနဲ့ အပြန်အလှန် စကားပြောနိုင်၊ မေးမြန်း နိုင်အောင် စီစဉ်ခဲ့တာပါ''လို့ Amnesty International အဖွဲ့ရဲ့ ဝါရှင်တန်ဒီစီ ရုံး ဒါရိုက်တာ မစ္စတာ Frank Jannuzi က ဘီဘီစီကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအဖွဲ့က ပေးအပ်တဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Ambassador of Conscience ဆု ရရှိဖူးသူလည်း ဖြစ်ပါတယ်။
ရရှားအဆိုတော်တွေ လွှတ်ပေးစေလို
အဲဒီပွဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်က ရုရှားမှာ အကျဉ်းကျနေတဲ့ မိန်းကလေး ပန့်ရော့ခ်ဂီတ အဖွဲ့ဝင် သုံးဦးထဲက တဦးရဲ့ ခင်ပွန်းနဲ့ သမီးငယ်က ဒေါ်အောင်ဆန်းစုကြည်ကို ပန်းစည်း လက်ဆောင် လာပေးခဲ့ပါတယ်။
ဒီအဆိုတော် မိန်းကလေးတွေ အားလုံး အမြန်ဆုံး လွတ်စေချင်တဲ့အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
အစိုးရတွေအနေနဲ့ သူတို့အပေါ် ဘယ်လို ဝေဖန်မှုမျိုးကိုမဆို လက်ခံနိုင်ဖို့ အဆင်သင့် ဖြစ်သင့်တယ်လို့လည်း သူက ထောက်ပြ ပြောဆိုခဲ့ပါတယ်။
ဒီပွဲမှာ လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းတွေ မေးကြပြီး သူ နေအိမ်အကျယ်ချုပ်ကျစဉ် အတွေ့အကြုံတွေ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အမြင်တွေ နဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို မေးကြပါတယ်။












