
ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီး စပြီ
ကော့မှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဟာ အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ ကို ကနေ့ ရောက်မှာပါ။ မနက်ဖန် မှာတော့ United State of Institute of Peace က ချီးမြှင့်မယ့် Asia Society Vision Award ဂုဏ်ထူးဆောင် ဆု ကို လက်ခံယူမှာ ဖြစ်တဲ့ အကြောင်း ဝါရှင်တန်ဒီစီ ကို ကြိုတင်ရောက် နေပြီဖြစ်တဲ့ ဘီဘီစီ မြန်မာဌာန ဝိုင်းတော်သား ကိုဘမော် က ပြောပါတယ်။
စက်တင်ဘာလ ၁၉ ရက်နေ့မှာတော့ အမေရိကန် ကွန်ဂရက်လွှတ်တော် ရဲ့ အကြီးအကျယ်ဆုံး အခန်းအနား လို့ ပြောရမယ့် Congressional Gold Medal Award ကို လက်ခံယူမှာပါ။ ဒီဆု ကို ဒေါ်အောင်ဆန်းစုကြည် ကို ၂ဝဝ၈ ခု နှစ်တုန်းက ချီးမြှင့်ခဲ့တါပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဟာ အခုမှ ပြည်ပ ထွက်လာခွင့် ရတဲ့ အတွက် ကိုယ်တိုင် ဆုတက်ယူမှာပါ။
စက်တင်ဘာလ၂ဝ ရက်နေ့ မှာတော့ အမေရိကန် ယူနီဗာစီတီ မှာ ဝါရှင်တန်ဒီစီ တဝိုက်မှာ နေကြတဲ့ မြန်မာတိုင်းရင်းသားလူထု တွေနဲ့ တွေ့ဆုံ စကားပြောမှာပါ။ ဒါ့အပြင် NED လို့ ခေါ်တဲ့ အမျိုးသား ဒီမိုကရေစီ ဖွံ့ဖြိုးရေး ဆိုင်ရာ ထောက်ပံ့ကူညီရေး အဖွဲ့က ဆုချီးမြှင့်ပွဲ ကို တက်ရောက်ယင်း ဆုရရှိသူ တွေ ဖြစ်ကြတဲ့ ခွန်ထွန်းဦး၊ ဦးကျော်သူ၊ ကိုမင်းကိုနိုင်၊ ဒေါက်တာ စင်သီယာမောင် နဲ့ ဦးအောင်ဒင် တို့ကို ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးစကား ပြောမယ့် အကြောင်း၊ NED အာရှ ဌာန က ကိုအောင်မော်ဇင် က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကို အမေရိကန် အစိုးရ ခေါင်းဆောင်ပိုင်း နဲ့ လွှတ်တော် နှစ်ရပ်လုံး က ခေါင်းဆောင်တွေ တွေ့ဖို့ရှိရာမှာ သမ္မတ အိုဘားမား နဲ့ တွေ့မယ် ဆိုတဲ့ သတင်း ထွက်နေပေမယ့် ဘယ်နေ့ ဆိုတာ မသိရသေးကြောင်း ဘီဘီစီ မြန်မာဌာန ဝိုင်းတော်သား ကိုဘမော် က ပြောပါတယ်။












