
န၀တ၊ နယက ခေတ်က ထုတ်ပြန်ခဲ့တဲ့ နာမည်ပျက် စာရင်းတွေကို သမ္မတက ရှင်းနေတာလို့ ဆိုပါတယ်။
နဝတ၊ နယက ခေတ်က နာမည်ပျက်စာရင်း ထည့်သွင်းခြင်း ခံရတဲ့သူတွေကို သမ္မတ ဦးသိန်းစိန်ရဲ့ လမ်းညွှန်မှုနဲ့ နာမည်ပျက်စာရင်းထဲကနေ ပယ်ဖျက်ပေးလိုက်ပြီးနောက် ဒီကနေ့မှာတော့ သမ္မတရုံး ဝက်ဘ်ဆိုက်ကနေ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ခေတ်အဆက်ဆက်က နာမည်ပျက်စာရင်းထဲ ထည့်ခဲ့တာပဲ ရှိတယ်၊ ပြန်ပြီး ပယ်ဖျက်တာ မရှိခဲ့ဘူး။ အခုတော့ သမ္မတကလည်း ပြည်ပရောက်နေတဲ့ မြန်မာတွေကို ပြည်တော်ပြန်ဖို့ ခေါ်ထားခဲ့တာမို့ တချို့လည်း ပြန်လာကြလို့ ပြည်တွင်းမှာ ရှိနေတာတောင် နာမည်ပျက်စာရင်းထဲ ပါနေဆဲ ဖြစ်တာမို့ မသင့်မတော် ဖြစ်နေလို့ အခုလို စာရင်းကနေ ပယ်ဖျက်တာပါလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။
အခု ထုတ်ပြန်လိုက်တဲ့ စာရင်းထဲမှာ စုစုပေါင်း ၂၀၈၂ ဦးရဲ့ အမည်တွေ ပါ၀င်ပါတယ်။ သံတမန်တွေ၊ သတင်းစာဆရာတွေလည်း ပါဝင်သလို ခေတ်စနစ်နဲ့အညီ ဆက်လက် ထုတ်ပြန်သွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။
စာရင်းထဲ မပါသူတွေကလည်း စောင့်ကြည့်စာရင်းထဲ ရှိနေမှာဖြစ်ပြီး၊ နာမည်ပျက် စာရင်းကနေ ပယ်ဖျက်လိုက်တဲ့ စာရင်းထဲ ကိုယ့်နာမည် မပါသေးဘူး ဆိုပါရင်လည်း သမ္မတရုံးကို ဆက်သွယ် ပြောလာမယ်ဆိုရင် အကြောင်းချင်းရာလိုက်ပြီး ဆက်လက် ပယ်ဖျက် ပေးသွားမှာ ဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ဆိုပါတယ်။
သမ္မတက မြန်မာ့နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်မှာ အားလုံးပါဝင်ဖို့ကို အတိအလင်း ပြောထားပြီး ဖြစ်သလို ပြည်ပရောက်နေတဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကလည်း ပြောင်းလဲနေတဲ့ ခေတ်စနစ်နဲ့ အညီ ပြည်တော်ပြန် ဝင်ရောက်နေကြပါတယ်။
အထူးအားဖြင့်ဆို ၈၈ မျိုးဆက် ကျောင်းသားတွေထဲက တချို့လည်း ပညာရှင်တွေ အနေနဲ့ ပြန်ဝင်ရောက်ကြသလို၊ တချို့လည်း အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ပြန်ဝင်ရောက် လာကြတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
မြန်မာ့နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်မှာ ၈၈ မျိုးဆက် ကျောင်းသားတွေ ပါမှ ရမယ်ဆိုတာ သမ္မတကလည်း ပြောထားတာ ရှိတယ်၊ ဒါပေမဲ့ ပြန်လာတဲ့ သူတွေရဲ့ အနာဂတ် ဘယ်လိုရှိမယ် ဆိုတာကတော့ သူတို့ရဲ့ စိတ်ဝင်စားမှုပေါ် မူတည်နေပါတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးက သုံးသပ် ပြောကြားပါတယ်။












