
အရင်က ပညာရပ်စုံကို တက္ကသိုလ် တခုထဲက ဘွဲ့နှင်း
ရန်ကုန် တက္ကသိုလ်ကို ၁၉၆၄ ခုနှစ် မတိုင်ခင် ပုံစံ မဟာ ဌာနကြီး ၇ ခုနဲ့ ပြန်ပြီး ဖွဲ့စည်း တော့မယ်လို့ အငြိမ်းစား ပါမောက္ခ တဦးက ဘီဘီစီကို ပြောကြား ပါတယ်။
အစိုးရ လက်အောက် မရောက်ခင်က ရန်ကုန် မန္တလေး တက္ကသိုလ်ကြီး နှစ်ခုကို ဆေး၊ စက်မှု၊ ပညာရေး၊ စိုက်ပျိုးရေး၊ ဥပဒေ၊ လူမှုရေး သိပ္ပံ စတဲ့ မဟာ ဌာနကြီး တွေနဲ့ ဖွဲ့စည်းခဲ့ပြီး နောက်မှ သီးခြား တက္ကသိုလ်တွေ ဖြစ်လာတယ်လို့ နည်းပညာ ပညာရှင်များ အဖွဲ့ အမှုဆောင် ရူပဗေဒ ပါမောက္ခဟောင်း ဒေါက်တာ တင်လှိုင်က ဆိုပါတယ်။
ပင်မ တက္ကသိုလ် တွေမှာ ဝိဇ္ဇာနဲ့ သိပ္ပံ၊ ဥပဒေ မဟာဌာန တွေပဲ ကျန်ခဲ့ပါတယ်။
အခု ပြန်ဖွဲ့မယ့် မဟာဌာနကြီးတွေ စာရင်းမှာ သဘာဝနဲ့ ရူပ သိပ္ပံ၊ ဇီဝသိပ္ပံ၊ အဏ္ဏဝါ သိပ္ပံ၊ ကွန်ပျူတာ၊ ဝိဇ္ဇာနဲ့ လူမှုရေး၊ လူမှုသိပ္ပံ၊ ဥပဒေ မဟာဌာနတွေ ပါတယ်လို့ ဒေါက်တာ တင်လှိုင်က ရှင်းပြ ပါတယ်။
ပြင်ဖွဲ့ဖို့ လျာထား ဆွေးနွေးနေပြီး မကြာခင် အကောင်အထည် ဖော်နိုင်တယ်လို့ လဲ သိရပါတယ်။
တခြား တိုင်းနဲ့ ပြည်နယ် တက္ကသိုလ် တွေကိုလဲ ဒီလို ပြင်ဆင် ဖွဲ့စည်း လာနိုင်ပါတယ်။
ဌာန ဖွဲ့ပုံ ပြင်တာထက် လူနဲ့ စနစ် တခုလုံးကို အဓိကထား ပြုပြင်ရမယ်လို့ ဒေါက်တာ တင်လှိုင်က ဆိုပါတယ်။












