
ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဌ ဦးနန္ဒကျော်စွာ က စစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဖြစ်ပါတယ်
ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးအဖွဲ့ကို စုံစမ်း စစ်ဆေးဖို့ အတွက် ပြည်သူ့လွှတ်တော်က အဖွဲ့ဝင် ၁၅ ဦးပါ အဖွဲ့ တဖွဲ့ကို ဗုဒ္ဓဟူးနေ့မှာ ဖွဲ့စည်း လိုက်ပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီ ကော်မရှင်တွေဟာ ပြည်ထောင်စု အဆင့် မဟုတ်ဘူးလို့ အခြေခံဥပဒေ ခုံရုံးက ဆုံဖြတ်ချက် ချခဲ့တာ မှာယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ အမျိုးသား လွှတ်တော်က သောကြာနေ့ တုန်းက စွပ်စွဲ ပြစ်တင်ပြီး ဆုံးဖြတ်ချက် ချခဲ့ပါတယ်။
ဒီစွပ်စွဲ ပြစ်တင်ချက်နဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကို ပေးပို့ခဲ့လို့ စုံစမ်းစစ်ဆေးရေး ကော်မတီကို ဖွဲ့စည်း လိုက်တာ ဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဌ ဦးနန္ဒကျော်စွာက စစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဖြစ်ပါတယ်။
"ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာ မထမ်းတာရယ်၊ လုပ်ခွင့်ကို ကျော်ပြီး လုပ်တာရယ် နှစ်ချက်ကို မေးမြန်းစစ်ဆေးမှာ"
စစ်ဆေးရေးအဖွဲ့ဝင် ဒေါက်တာ စိုးရင်
အခြေခံ ဥပဒေ ခုံရုံးရဲ့ တာဝန် မကျေပွန်မှုနဲ့ လုပ်ခွင့် မရှိတာကို လုပ်ဆောင်တယ် ဆိုတဲ့ အချက် ၂ ချက်ကို စုံစမ်း စစ်ဆေးရေး အဖွဲ့က ဆန်းစစ်မှာ ဖြစ်ပါတယ်။
အဖွဲ့အနေနဲ့ လုပ်ထုံးလုပ်နည်း အတိုင်း စစ်ဆေးတာတွေ၊ လူခေါ်တွေ့တာတွေ ပြုလုပ်ရမှာ ဖြစ်ပြီး၊ သိရှိရတာတွေကို လွှတ်တော်ကို ပြန်တင်ပြရမှာ ဖြစ်တယ်လို့ အဲဒီအဖွဲ့မှာ ပါတဲ့ အဲဒီအဖွဲ့မှာ ပါတဲ့ ဒေါက်တာ စိုးရင်က ပြောပါတယ်။
အခြေခံ ဥပဒေ ခုံရုံး ဥက္ကဌ ဦးသိန်းစိုး ကတော့ ဖွဲ့စည်းပုံ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အတည်ဖြစ်တယ်၊ တရားစီရင်ရေး အဖွဲ့ကို လွှတ်တော်က လွမ်းမိုးဖို့ ကြိုးစား နေတယ်လို့ ခုခံ ပြောဆိုနေပါတယ်။












