
ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းကို အများပြည်သူ အားထားနေကြရ
မြန်မာနိုင်ငံမှာ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းဖို့ အစိုးရက ပြင်ဆင်နေပါတယ်။
နိုင်ငံတော် ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အရ အစုရှယ်ယာတွေကို လာမယ့် ဘတ်ဂျက် အစ ဧပြီလမှာ စတင်ရောင်းချဖို့ ရည်ရွယ်ထား ပေမယ့် အစုရှယ်ယာတွေ ရောင်းဖို့ အချိန်ယူ လုပ်ဆောင်ရမယ့် အနေအထားမှာ ရှိနေတယ်လို့ ပြည်တွင်း ရေကြောင်း ဌာနက တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးထိန်လင်းက ဘီဘီစီကို ပြောပါတယ်။
အခု အစိုးရသစ် သွားနေတဲ့ စီးပွားရေး ပုံစံသစ်က ပုဂ္ဂလိက လုပ်ငန်းတွေကို ဦးစားပေးတဲ့ လမ်းကြောင်း ဖြစ်တာကြောင့် အခုလို ပြည်တွင်း ရေကြောင်းလုပ်ငန်းကို အများပိုင် ကုမ္ပဏီ ပြောင်းဖို့ လုပ်တာလို့ ဆိုပါတယ်။
ကုန်ကျ စားရိတ်တွေ တက်လာပေမယ့် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းအနေနဲ့ ကာလ အစဉ်အဆက်ကတည်းက သတ်မှတ်ထားတဲ့ နှုန်းထားတွေ အတိုင်းပဲ ပြည်သူတွေကို ဝန်ဆောင်မှုတွေ ပေးနေတာကြောင့် နစ်နာမှုတွေ ရှိနေကြောင်း၊ အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းသွားရင် လျင်လျင်မြန်မြန် ပြေးဆွဲနိုင်မယ့် သင်္ဘောသစ် တွေ၊ လိုင်းသစ်တွေ တိုးချဲ့ လုပ်လာနိုင်မှာ ဖြစ်တယ်လို့ ဦးထိန်လင်းက ပြောပါတယ်။
ဒါပေမယ့် အများပြည်သူအတွက် ဝန်ထုပ် ဝန်ပိုး ဖြစ်စေမယ့် ဝန်ဆောင်ခမျိုး မဖြစ်အောင် အစိုးရက စဉ်းစား သုံးသပ်နေတယ်လို့ ဆိုပါတယ်။
အစုရှယ်ယာ ထည့်ဝင်မှုမှာ ဝန်ထမ်းတွေလည်း ပါဝင်နိုင်တယ်လို့ သိရပါတယ်။

