ဆီတိုး ခေတ် ပြန်ရောက်ပြီလား

ဓာတ်ပုံ ရင်းမြစ်, STR/Getty Image
စားအုန်းဆီ တစ်ပိဿာ ထုတ်စျေး ၅၀၀၀ ကျပ်နဲ့ ရဖို့ လေးနာရီကြာအောင် မိုးရွာထဲမှာ ထီးဆောင်းပြီး မတ်တပ်ရပ်စောင့်ခဲ့ရတယ်လို့ ရန်ကုန်မြို လှိုင်မြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့မှာတော့ စားအုန်းဆီ အပြင်စျေးက တစ်ပိဿာကို ကျပ် တစ်သောင်းကျော် ဖြစ်နေတာပါ။
မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက စားအုန်းဆီတွေကို တင်သွင်းပြီး လူတစ်ဦးကို ငါးဆယ်သား တစ်ပိဿာ စသဖြင့် ခွဲတမ်းနဲ့ ရောင်းချပေးပါတယ်။
ဒီဆီကို ရဖို့လူတွေက လူတန်းရှည်ကြီးကို တန်းစီပြီး နေပူမိုးရွာ တန်းစီကြရပါတယ်။
ဒီလိုခေတ်ကာလက အရင် ၁၉၉၀ နောက်ပိုင်း စစ်အစိုးရခေတ်ကပုံစံ ဆီကိုယ်စားလှယ်တွေဆီမှာ လူတွေတန်းစီကြရသလို ပြန်ပြီး တန်းစီနေကြရတာဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယပတ်ကစလို့ လူသုံးများတဲ့ စားအုန်းဆီတွေကို ရန်ကုန်အပါဝင်နယ်က လူတွေ အပြင်စျေးထက် သက်သာတဲ့ ဆီကိုယ်စားလှယ်ဆိုင်တွေမှာ အရင်ကထက် ပိုပြီး တိုးဝှေ့ဝယ်လာကြပါတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်းက မိထ္ထီလာမြို့မှာတော့ ဆီတိုးတဲ့လူတွေ များလွန်းလို့ ရောင်းသူနဲ့ ဝယ်သူကြား စကားများရန်ဖြစ်တာတွေ အထိ ဖြစ်ကြတာကို လူမှုကွန်ရက်မှာ တွေ့ရပါတယ်။
မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်အသင်းက ရောင်းချပေးတဲ့ လက်လီရည်ညွှန်းစျေးနှုန်းက သြဂုတ်လဆန်းက တစ်ပိဿာကို (၃၇၀၀)ကျပ်စျေး ၊ သြဂုတ် (၁၅)ရက်မှာ တစ်ပိဿာကို (၄၃၀၀)ကျပ်စျေးအထိ ပြောင်းလဲရောင်းချခဲ့ပြီး ဒီကနေ့မှာ(သြဂုတ် ၂၂ ရက်) စတင်ပြီး တစ်ပိဿာကို ၅၀၀၀ ကျပ်အထိ စျေးမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာငွေလဲနှုန်း မတည်ငြိမ်တာနဲ့ မြန်မာငွေတန်ဖိုး မြင့်တက်လာတာတွေကြာင့် အခြေခံစားသောက်ကုန်ဖြစ်တဲ့ စားအုန်းဆီစျေးနှုန်းတွေဟာ ပြင်ပစျေးကွက်မှာတော့ တစ်ပိဿာကို ကျပ် တစ်သောင်းကျော်ဝန်းကျင်အထိ စျေးမြင့်တက်လာနေတယ်လို့ စျေးကွက်အတွင်းက သိရပါတယ်။
ဗဟိုဘဏ်က တစ်ဒေါ်လာ ၂၁၀၀ ကျပ် သတ်မှတ်ပေမယ့် အပြင်မှာ သြဂုတ်လ ၂၂ ရက်နေ့ မှာ တစ်ဒေါ်လာ ကျပ် ၂၈၄၀ ဝန်းကျင် အထိ စျေးပေါက်နေခဲ့ပါတယ်။
စားအုန်းဆီ အပြင်စျေးတွေလည်း တက်လာခဲ့လို့ ဆီအသင်းက ရောင်းချပေးနေတဲ့ နေရာတွေမှာ လူအများစု တိုးကြိတ်ပြီး စားအုန်းဆီရရှိရေး ဝယ်ယူတာတွေ များလာကြတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံဆီကုန်သည်များနဲ့ ဆီလုပ်ငန်းရှင်းများ
ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ စားအုန်းဆီ တပိဿာကို ကျပ် ကိုးထောင်နဲ့ တစ်သောင်းကြားကို ရောင်းချနေကြရသလို၊ အိမ်တွင်း လက်လီသုံးစျေးနှုန်းကတော့ ကျပ် ၁၂၀၀၀ ကနေ ကျပ် ၁၅၀၀၀ အထိကို ဒီရက်ပိုင်းမှာ စျေးတက်လာတာ ဖြစ်တယ်လို့ စျေးကွက်သတင်းတွေ အရသိရပါတယ်။
မြန်မာနိုင်ငံဆီကုန်သည်များနဲ့ ဆီလုပ်ငန်းရှင်းများအသင်းကတော့ အိမ်ထောင်စုစာရင်းနဲ့ စာရင်းလာပေးထားသူတွေကို ရောင်းချပေးနေပါတယ်၊ ဒေသအလိုက်ကွဲပြားတဲ့ ပုံစံမျိုးစုံနဲ့ ရောင်းချပေးနေတာလို့လည်း ဆိုပါတယ်။
ပြင်ပစားအုန်းဆီစျေးတွေ မြင့်တက်နေရတဲ့ အကြောင်းအရင်းအချို့ကို ဘုရင့်နောင်ကုန်စည်ဒိုင်က မီးဖိုချောင်သုံး ပစ္စည်းတင်သွင်းရောင်းချနေသူ ကုန်သည်တစ်ဦးပြောပြတာက ဆီကိုအကန့်အသတ်နဲ့ ဆိပ်ကမ်းကနေ ထုတ်နေရတာကြောင့်လို့ ဆိုပါတယ်။
စားအုန်းဆီတွေ တင်းသွင်းမှုကို မကန့်သတ်မီက တစ်လကို စားအုန်းဆီတန်ချိန် ၅သောင်း နဲ့ ၇သောင်း ကြား ပြည်ပကနေ တင်သွင်းပြီး သုံးစွဲခဲ့တာလို့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီ ခေါင်းဆောင်ရဲ့ ဆီသုံးစွဲမှု လျော့ရမယ်လို့ ပြောဆိုပြီးနောက်ပိုင်း ကစလို့ တစ်လတန်ချိန် သုံးသောင်းကနေ သုံးသောင်းခွဲ အထိသာ တင်သွင်းဖြန့်ဖြူးတာတွေအထိ လုပ်ဆောင်လာတာကြောင့် ပြည်တွင်းဝယ်လိုအား အလွန်များပြီး အခုလို ဆီစျေးတွေ ဆက်တိုက်တက်နေတာလို့ ဆီကုန်သည်အချို့ထံ ကသိရပါတယ်။
မြန်မာနိုင်ငံအတွက် စားအုန်းဆီကို အဓိကဝယ်ယူနေတဲ့ အင်ဒိုနီးရှားအပါအဝင် စားအုန်းဆီထုတ်လုပ်တဲ့ နိုင်ငံတွေရဲ့ စျေးနှုန်းတွေနဲ့ နိုင်ငံတကာစျေးနှုန်းတွေအရ ဆိုရင်လည်း လက်ရှိမှာ ဆီတပိဿာ တန်ဖိုးက ကျပ်ငွေ ၅၀၀၀ ကနေ ၆၀၀၀ကြား သာရှိနေတယ်လို့ သိရပါတယ်။
"အပြင်စျေးနဲ့ တပိဿာ ငါးထောင်လောက် ကွာနေတော့ အခုလို အကုန် ရှားပါးနေတဲ့ အချိန်မှာ မိုးထဲ ရေထဲလည်း တန်းစီရတာပဲ တစ်ထောင်လေး သက်သာ၊ နှစ်ထောင်လေးသက်သာ တန်းစီရတာပေါ့ " လို့ ရန်ကုန်မြို့က အိမ်ရှင်မတစ်ဦးကပြောပါတယ်။








