အိုင်စီဂျေအမှု - ရခိုင်မှာ အကြမ်းဖက်မှုတွေမရှိ အေးချမ်းနေပြီ၊ ဂမ်ဘီယာရဲ့ လျှောက်ထားချက်ကိုပယ်ဖို့ မြန်မာတုံ့ပြန်

ဓာတ်ပုံ ရင်းမြစ်, UN Photo/ICJ-CIJ/Frank van Beek
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုပြီး မြန်မာကို ဂမ်ဘီယာက အိုင်စီဂျေမှာ တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး အမှုကိုလက်ခံသင့်မသင့် မြန်မာဘက်က ဒီကနေ့ အပြီးသတ် တန်ပြန်လျှောက်လဲချက်ပေးရာမှာ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ မရှိတော့ဘဲ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်အေးချမ်းနေပြီ ဆိုတဲ့အချက်အပါအဝင် ဂမ်ဘီယာဘက်က တရားစွဲဆို လျှောက်ထားချက်ကို တရားရုံးဘက်က လက်မခံသင့်ဘူးဆိုတာကို မြန်မာဘက်က တုံ့ပြန်လျှောက်လဲသွားပါတယ်။
မြန်မာဘက်က စစ်ကောင်စီ ကိုယ်စားလှယ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် နဲ့ ခရစ်စတိုဖာ စတိတ်ကာအပါအဝင် ဥပဒေ ပညာရှင် သုံးဦးက ပြီးခဲတဲ့ ဗုဒ္ဓဟူးနေ့က ဂမ်ဘီယာဘက်က လျှောက်လဲချက်တွေကို တန်ပြန်လျှောက်လဲသွားတာ ဖြစ်ပါတယ်။
ဒီကနေ့ အဓိက လျှောက်လဲချက်က ဂမ်ဘီယာဘက်က ပထမအကြိမ် လျှောက်လဲသွားစဥ်က မရှင်းပြခဲ့တဲ့အချက်တွေ၊ ငြင်းပယ်မသွားခဲ့တဲ့ အချက်တွေကို ထောက်ပြ လျှောက်လဲခဲ့တာအပြင် ဂမ်ဘီယာက ဒီအမှုကို အိုအိုင်စီ အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အဆိုပြုချက်နဲ့မှ စတင်ခဲ့တာ ဆိုတာကို မငြင်းခဲ့ကြောင်း၊ ဂမ်ဘီယာက နစ်နာသူကိုယ်တိုင် မဟုတ်ဘဲ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအရေး ဆောင်ရွက်ခွင့်မရှိဘူးဆိုတာနဲ့ ပတ်သက်တဲ့ အချက်အလက် လျှောက်လဲချက်တွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကာကွယ်တားဆီးရေးဆိုင်ရာ ပဋိဉာဉ်ရဲ့ ပုဒ်မ ၈ ကို မြန်မာက ချွင်းချက်ထားခဲ့တာ ဥပဒေအရ သက်ရောက်မှု ရှိသင့်တဲ့ လျှောက်လဲချက်တွေကို အဓိက လျှောက်လဲခဲ့ပါတယ်။
ဦးကိုကိုလှိုင်က အခုတရားရုံးက ဒီအဆင့် ကြားနာမှုဟာ အမှုကိုလက်ခံသင့်မသင့်ဆိုတဲ့ အပိုင်းကိုပဲ နှစ်ဘက်တင်ပြလျှောက်လဲနေကြတာဖြစ်တဲ့အတွက် မြန်မာဘက်က ဥပဒေပြဋ္ဌာန်းချက်တွေကို အဓိက ကိုးကားတင်ပြနေတာဖြစ်ပြီး ဂမ်ဘီယာကတော့ အချက်အလက်အရရော နိုင်ငံရေးအရပါစွပ်စွဲချက်တွေကို တရားရုံးကို တင်ပြနေတယ်လို့ အပြီးသတ်တင်ပြချက်မှာ ပြောသွားပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်က ဘာတွေ လျှောက်လဲထားပြီးကြလဲ
ဒီတစ်ကြိမ်မှာ မြန်မာဘက်က ကနဦး ကန့်ကွက်လွှာကို အရင် ပြောခဲ့ရတာ ဖြစ်ပြီး ဂမ်ဘီယာက မြန်မာကို တရားစွဲဆိုခွင့် မရှိကြောင်းအပါအဝင် အချက်လေးချက်ကို လျှောက်လဲခဲ့ပါတယ်။
ဂမ်ဘီယာဘက်ကတော့ ဂမ်ဘီယာအနေနဲ့ ဘယ်အဖွဲ့အစည်းရဲ့ ကြားခံမှ မဟုတ် ဂမ်ဘီယာနိုင်ငံ ကိုယ်တိုင် မြန်မာနိုင်ငံကို တရားစွဲဆိုခွင့်ရှိကြောင်းနဲ့ မြန်မာဘက်က လျှောက်လဲခဲ့တာတွေ အားလုံးကို တရားရုံးက ငြင်းပယ်ဖို့ကို အဓိက လျှောက်လဲခဲ့ပါတယ်။
၂၀၁၉ ခုနှစ်တုန်းကလည်း ဂမ်ဘီယာက မြန်မာကို တရားစွဲဆိုခွင့် မရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံကိုယ်တိုင် ဦးဆောင်ပြီး အိုင်စီဂျေမှာ လာရောက် တရားရင်ဆိုင်ခဲ့ပေမဲ့ အခုအခါမှာ စစ်ကောင်စီ ကိုယ်စားလှယ်တွေက လာရောက် တရားရင်ဆိုင်နေတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အန်ယူဂျီကတော့ အိုင်စီဂျေမှာ မြန်မာဘက်က အရင်တစ်ကြိမ်က ကနဦး ကန့်ကွက်ချက်တွေအားလုံးကို ရုပ်သိမ်းကြောင်း ကြေညာထားပါတယ်။
ဒုတိယ အကြိမ် အိုင်စီဂျေမှာ ကြားနာမှု
မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်မှာ ပထမဆုံးအကြိမ် ကြားနာပြီးနောက် အခု ဒုတိယအကြိမ် ကြားနာမှုကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ ၂၈ အထိ ကြားနာနေတာ ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာ မြန်မာဘက်က ကနဦး ကန့်ကွက်လွှာ လျှောက်လဲမှုတစ်ကြိမ်၊ ဂမ်ဘီယာဘက်က လျှောက်လဲမှု တစ်ကြိမ် ပြုလုပ်ခဲ့ကြပြီး ဖြစ်ပါပြီ။ အခုက မြန်မာဘက်က ဂမ်ဘီယာဘက်က လျှောက်လဲချက်ကို တန်ပြန်ပြီး အပြီးသတ် လျှောက်လဲတာ ဖြစ်ပါတယ်။
နောက်ဆုံးနေ့ ၂၈ ရက်မှာ ဂမ်ဘီယာဘက်က အပြီးသတ် လျှောက်လဲမှာ ဖြစ်ပါတယ်။
ကြားဖြတ်အစီအမံလေးချက်
ဂမ်ဘီယာက မြန်မာကို စွပ်စွဲထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲထားတဲ့ အမှုကြီးတစ်ခုလုံး အပြီးသတ်အမိန့်မချခင်မှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးဖို့အပါအဝင် မြန်မာက လိုက်နာက လိုက်နာဆောင်ရွက်ရမယ့် ကြားဖြတ်အစီအမံလေးချက်ကို ပြီးခဲ့တဲ့ ပထမဆုံးအကြိမ် ကြားနာမှုအပြီးမှာ ၂၀၂၀ ပြည့်နှစ်မှာ အိုင်စီဂျေက ချမှတ်ထားခဲ့ပါတယ်။








