အာဖဂန်မှာ စားနပ်ရိက္ခာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီလို့ ကုလပြော

အာဖဂန်၊ စားနပ်ရိက္ခာ အကျပ်အတည်း
ဓာတ်ပုံ ပုံစာ, နေရာ‌ရွှေ့ပြောင်းလာတဲ့ ကန်ဒါဟာမြို့က အမျိုးသမီး

အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်တာမျိုး မလုပ်ရင် ဒီဆောင်းရာသီမှာ အာဖဂန်ကလူ သန်းနဲ့ချီ အစာရေစာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံရလိမ့်မယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က သတိပေးလိုက်ပါတယ်

အာဖဂန်နစ္စတန်နိုင်ငံရဲ့ လူဦးရေ ထက်ဝက်ကျော် ၂၂.၈သန်း လောက်ဟာ ကြီးမားတဲ့ အစာရေစာ ပြတ်လပ်နေမှုနဲ့ ရင်ဆိုင်နေရသလို အသက် ၅ နှစ်အောက် ကလေးငယ် ၃.၂ သန်းဟာလည်း အာဟာရချို့တဲ့မှုနဲ့ ကြုံနေရတယ်လို့ WFP က ဆိုပါတယ်။

"အဆိုးဆုံး မဟုတ်ရင်တောင် ကမ္ဘာ့ အဆိုးဆုံး လူသားချင်းကူညီမှုဆိုင်ရာ အကျပ်အတည်းတွေ ကြုံနေရတဲ့ နိုင်ငံတွေထဲမှာ အာဖဂန်နစ္စတန် ပါနေပါပြီ။ အငတ်ဘေး ဆိုက်နိုင်တဲ့ အခြေအနေဘက် ကို သွားနေပါတယ် "လို့ WFP ညွှန်ကြားရေးမှူး ‌ဒေးဗစ် ဘာဆလေ ကလည်း ထုတ်ပြောပါတယ်။

အမေရိကန်တပ်တွေ အားလုံး အပြီးထွက်သွားပြီးနောက် သြဂုတ်လအတွင်းမှာ တာလီဘန်တွေ လက်ထဲကို အာဖဂန်နစ္စတန်နိုင်ငံ အချုပ်အခြာ အာဏာ ကျရောက်ခဲ့သလို တစ်နိုင်ငံလုံးမှာလည်း သူတို့တပ်တွေကို ဖြန့်ကြက် တပ်စွဲထားပါတယ်။

နိုင်ငံခြား အကူအညီကို အကြီးအကျယ် မှီခိုနေရတဲ့ နဂိုကတည်းက ပျက်စီးနေတဲ့ အာဖဂန် စီးပွားရေးဟာ တာလီဘန်တွေလက်ထဲမှာ ပိုဆုတ်ယုတ်လာပါတယ်။

ကမ္ဘာ့ဘဏ်က အချက်အလက်တွေအရ အာဖဂန်နစ္စတန်နိုင်ငံရဲ့ GDP ၄၀% ဝင်ငွေက နိုင်ငံတကာ အကူအညီ အထောက်အပံ့က လာတာ ဖြစ်တယ်လို့ သိရပါတယ်၊

အာဖဂန် အများစုဟာ အစားအစာဝယ်ဖို့ သူတို့ပိုင်တဲ့ ပစ္စည်းတွေကို ရောင်းချနေကြရပါတယ်။

ပြီးတော့ တာလီဘန် အစိုးရသစ်ရဲ့ နိုင်ငံရပ်ခြားက ပိုင်ဆိုင်မှုတွေကို ပိတ်ပင်ခံထားရသလို ပြည်တွင်းမှာလည်း အရပ်သားဝန်ထမ်းတွေနဲ့ အခြားအလုပ်သမားတွေ လစာမရတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

"ပြီးခဲ့တဲ့ ၅ လကျော် ကတည်းက လစာမရတော့ဘူး။ အဲ့ဒါကြောင့် အိမ်မှာ ရှိတာတွေ ထုတ်ရောင်းနေရတယ်။ အိမ်မှာရှိတဲ့ တိရစ္ဆာန်တွေအပြင် အပင်တွေခုတ်ပြီး ရောင်းစားနေရတယ်" လို့ ဟီရတ်မြို့က ကျောင်းဆရာတစ်ယောက်က ဘီဘီစီကိုပြောပါတယ်။

ပြီးတော့ ကန်ဒါဟာမြို့က လူတစ်ယောက်ကလည်း "ဒီကလူတွေ အရမ်း ဆင်းရဲကုန်ကြပြီ။ မနေ့ကဆို ဟိုတယ်တစ်ခုက အမှိုက်ပုံးတွေကြားထဲ အစားအစာ လိုက်ရှာနေတဲ့ အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်တယ်"လို့ ပြောပါတယ်။

လာမယ့် ဆောင်းတွင်းမှာ အာဖဂန်တွေ ရှင်သန်နိုင်ဖို့ ဆိုတာက လူသားချင်းဆိုင်ရာ အကူအညီ အထောက်အပံ့တွေ ရမရ အခြေအနေပေါ် မူတည်တယ်လို့ WFP က သတိပေးထားတာပါ။ ဒါ့အပြင် အာဖဂန်နစ္စတန်မှာ ပထမဆုံးအကြိမ်အဖြစ် မြို့ပြနေသူတွေဟာ ကျေးလက်လူထုတွေလိုပဲ စားနပ်ရိက္ခာ မလုံလောက်မှုကို ခံစားနေရတယ်လို့ WFP က ပြောပါတယ်၊

"ခိုက်ခိုက်တုန်ချမ်းတဲ့ ဆောင်းရာသီမှာ အသက်ကြီးတဲ့သူတွေ၊ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ လယ်သမားတွေ အငတ်ပြဿနာ ရင်ဆိုင်ရတော့မှာ ဖြစ်လို့ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက် မယ့် ဆောင်းရာသီ မတိုင်မီ ကျွန်တော်တို့ ပို့စရာရှိတာတွေကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး ပို့ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်"လို့ ကုလသမဂ္ဂ အစားအစာနဲ့ စိုက်ပျိုးရေးအဖွဲ့ ညွှန်ကြားရေးမှူး ကျူဒေါင်ယူက ပြောပါတယ်။

နေ့စဉ်စားဖို့ အစားအစာ အလုံလောက် ရှိတဲ့ အာဖဂန်က မိသားစု အရေအတွက်ဟာ ၅ ရာခိုင်နှုန်းပဲ ရှိတယ်လို့ WFP ကလည်း စက်တင်ဘာလတုန်းက သတိပေး ပြောကြားထားတာ ရှိပါတယ်။ချက်ပြုတ်တဲ့ ဆီတွေနဲ့ ဂျုံတို့လို အခြေခံစားကုန်တွေဟာလည်း စျေးတွေ အဆမတန် တက်နေပါ တယ်။

သူတို့အတွက် ချက်ခြင်း ကယ်ဆယ် ကုသမှုတွေ မလုပ်ရင် အာဖဂန် ကလေး တစ်သန်းအငတ်ဘေးနဲ့ သေဖို့ ရှိတယ်လို့လည်း WFPက အောက်တိုဘာလတုန်းက ထပ်သတိပေးထားပါတယ်။

WFP အတွက် တတိယ လျာထားချက် ထောက်ပံ့ငွေနဲ့ အာဖဂန်တွေကို ကူညီထောက်ပံ့ဖို့ ဒေါ်လာ တစ်ဘီလီယံကျော် ထည့်ဝင်မယ်လို့ ဂျီနီဗာမှာ လုပ်တဲ့ ကွန်ဖရန့်တစ်ခုမှာ နိုင်ငံတကာ အသိုင်းအဝန်း က ကတိပြုထားပါတယ်။ ဒါပေမဲ့ ဒါဟာ ကုလသမဂ္ဂ လူသားဆိုင်ရာ ကူညီထောက်ပံ့ရေး အစီအစဉ်ရဲ့ လိုအပ်ချက် ရံပုံငွေ သုံးပုံတစ်ပုံပဲ ရှိသေးတယ်လို့ တနင်္လာနေ့က WFP ကဆိုပါတယ်။

လိုအပ်ချက်ကို ပြည့်မီဖို့ ဆိုရင် တစ်လကို ဒေါ်လာ ၂၂၀ သုံးနိုင်ဖို့ လိုပြီး ပေးမယ်လို့ ကတိပြုထားတဲ့ ငွေက သမုဒ္ဒရာထဲကို ရေတစ်စက် ကျသလိုမျိုး ဖြစ်နေတယ်လို့ WFPက ထောက်ပြပါတယ်။

လေးနှစ်အတွင်း ဒုတိယအကြိမ် ဖြစ်ခဲ့တဲ့ မိုးခေါင်ရေရှားတဲ့ ကိစ္စဟာလည်း အာဖဂန်နစ္စတန်နိုင်ငံရဲ့ အစားအစာ လိုအပ်ချက် အကျပ်အတည်းတွေကို ပိုဆိုးလာအောင် လုပ်ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။