တာလီဘန်တွေ သိမ်းပိုက်ပြီးနောက်ပိုင်း အာဖဂန်က ကျန်ခဲ့တဲ့လူတွေရဲ့ ဘဝအခြေအနေ

အာဖဂန်နစ္စတန်ကနေ နိုင်ငံခြားတပ်တွေ အားလုံးထွက်ခွာသွားပြီးနောက်ပိုင်း တာလီဘန်တွေလက်ထဲမှာ ကျန်နေခဲ့တဲ့ လူတွေရဲ့ ဘဝကဘယ်လို အခြေအနေရှိပါသလဲ။
ပြည်နယ်နဲ့ မြို့ကြီးတွေမှာ နေထိုင်နေတဲ့ လူလေးယောက်က သူတို့ရဲ့ အခြေခံလွတ်လပ်ခွင့်တွေ ဆုံးရှုံးနေရတာ၊ အသက်ရှင်နေထိုင်ဖို့အရေး ရုန်းကန်နေရတဲ့ အကြောင်းတွေကို ဘီဘီစီကို ပြောပြကြပါတယ်။
အဲ့ဒီထဲက တချို့လူတွေရဲ့ နာမည်တွေကိုတော့ သူတို့ရဲ့ လုံခြုံရေးအခြေအနေ အရ ပြောင်းပေးထားရပါတယ်။
မာဇာရီရှာရိဖ်မြို့
အာဖဂန်နိုင်ငံမြောက်ပိုင်းမှာတည်ရှိတဲ့ မာဇာရီရှာရိဖ်က မြို့ကြီးတမြို့ဖြစ်ပြီး အဲ့ဒီဒေသရဲ့ စီးပွားရေး ဗဟိုအချက်အချာ နေရာဖြစ်သလို ဥဇဘက်ကစ္စတန်နဲ့ တာဂျစ်ကစ္စတန်နိုင်ငံတွေနဲ့လည်း နီးပါးတယ်။
တစ်ချိန်က အာဖဂန်အစိုးရရဲ့ အမာခံနယ်မြေတစ်ခုဖြစ်ပေမယ့် အခုတော့ သြဂုတ်၁၄ရက်ကစပြီး တာလီဘန်တွေလက်ထဲကို ရောက်သွားပါပြီ။
မာဂျစ်ဟာ စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ခဲ့တဲ့သူ တစ်ယောက်ပါ။ အခုတော့ သူ့အနေနဲ့ အစားအစာရဖို့အတွက်တောင် ကြိုးစားရုန်းကန်နေရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
မာဇာရီရှာရိဖ်မြို့မှာနေထိုင်နေတဲ့ သူနဲ့ ဗီဒီယိုကောလုပ်တဲ့အချိန်မှာ စွန့်ပစ်ထားတဲ့ အဆောက်အအုံတစ်ခုရဲ့ ညစ်ပတ်နေတဲ့ ကြမ်းပြင်ပေါ်က စောင်ပုံကြီးတစ်ခုကို လက်ညှိးထိုးပြပြီး အဲ့ဒီနေရာက သူ့နေနေရတဲ့ အိမ်သစ်လို့ ပြောပါတယ်။
မာဂျစ် အဲ့ဒီမြို့ကိုရောက်လာတာ ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်ကပါ။ အဲ့ဒီမြို့ဟာ တာလီဘန်နဲ့ အာဖဂန်အစိုးရတပ်ဖွဲ့တွေတိုက်ပွဲဖြစ်လို့ အာဖဂန်သန်းတစ်ဝက် အိုး အိမ်စွန့်ပြေးရတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၀နှစ် ကျော်တုန်းက သူ့အဖေကို တာလီဘန်တွေက သတ်ခဲ့ကြတယ်လို့ သူကပြောပါတယ်။ အခုဆို တာလီဘန်တွေက လူတွေကို ရိုက်နှက်တာတွေ နေ့တိုင်းလိုလို လုပ်နေလို့ အပြင်ထွက်ဖို့တောင် ကြောက် နေရတယ်လို့ ဆိုပါတယ်။
မာဇာရီရှာရိဖ်မမြို့ကနေ ပြီးခဲ့တဲ့တစ်ပတ်က ထွက်လာတဲ့ ဗီဒီယိုတွေထဲမှာလည်း အာဖဂန် ဒါ ဇင်ပေါင်းများစွာဟာ ခရီးဆောင်လက်ဆွဲသေတ္တာတွေ၊ ပလပ်စတစ်အိတ်တွေ ဆွဲပြီး မြို့ တော် ကာဘူးလ်မြို့ဆီကို ထွက်ခွာနေတာကို တွေ့ရပါတယ်။
ဒါပေမယ့် အမေရိကန်တပ်တွေ ထွက်သွားပြီးနောက်ပိုင်း ရက်အနည်းငယ်အတွင်းမှာတော့ ကာဘူးလ်မြို့ကလူတွေ ဥဇဘက်ကစ္စတန်နယ်စပ်ကိုသွားမယ့် ခရီးတစ်ထောက်အဖြစ် မာဇာရီရှာရိဖ်မြို့ကို ပို ရောက်လာကြတယ်လို့ မာဂျစ်ကပြောပါတယ်။
မာဂျစ်ကိုယ်တိုင်လည်း အဲ့ဒီနေရာကနေ ထွက်ပြေးချင်နေပေမယ့် သူပြေးနိုင်ပါ့မလားဆိုတာ သူကိုယ်တိုင်မသေချာဘူး ဖြစ်နေပါတယ်။
"တာလီဘန်တွေက ဒီမှာရောက်နေပြီ။ ဒီကလူတွေ နိုင်ငံထဲက ထွက်သွားတာကို သူတို့ မလိုချင်ကြဘူး။ "
ဟဲမန်ခရိုင် လက်ရှ်ကာဂါမြို့
ဟဲမန်ပြည်နယ်ဟာ အာဖဂန်နစ္စတန်တောင်ပိုင်းက ပြည်နယ်တစ်ခုပြီး သြဂုတ်လ ၁၃ရက် တာလီဘန်တွေ ဝင်သိမ်းတဲ့အချိန် နှစ်ဖက် တိုက်ပွဲဖြစ်တုန်းက အဲ့ဒီမှာ ဗြိတိသျှတပ်တွေ တပ်စွဲထားပါတယ်။
ပြီးတော့ ခရိုင်မြို့တော် လက်ရှ်ကာဂါမှာလည်း သီတင်းပတ်တွေချီ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေါက်တာ ဗစ်တာယူရိုဆီဗစ်ရဲ့ ရုံးခန်းထဲက ပလပ်စတစ်အိတ်တွေထဲမှာ ကျည်ဆန်ထိပ်ဖူးတွေကို တွေ့ရပါတယ်။
"ဒါကကျွန်တော်တို့ ဆီမှာ လက်ရှိဖြစ်နေတဲ့အခြေအနေပါ" လို့ ကျည်ဆန်ထည့်ထား တဲ့ အိတ်တအိတ်ထဲက ကျည်ဆန်ကို ကိုင်ပြပြီး ဗီဒီယိုအင်တာဗျုးတစ်ခုမှာ ပြော ပြပါတယ်။
အဲ့ဒီကျည်ဆန်အများစုဟာ အသက်ငယ်ရွယ်တဲ့လူနာတွေကိုယ်ထဲက ခွဲစိတ်ထုတ်ယူခဲ့ရတာလို့ လည်း သူက ရှင်းပြပါတယ်။
ဒေါက်တာယူရိုဆီဗစ်က လာကာဂါမြို့မှာရှိတဲ့ စိတ်ရောဂါ ကုဆေးရုံမှာ အလုပ်လုပ်နေတဲ့သူပါ ။ အခု တိုက်ပွဲတွေရပ်သွားတဲ့ အချိန်မှာတော့ ဆေးရုံအဆော င်တွေကလည်း အရင်တုန်းက လိုအခြေအနေမျိုးမဟုတ်တော့ပါဘူး။
ဗုံးတွေကျတာ သေနတ်တွေပစ်ခတ်တာတွေ ရပ်သွားပေမယ့် လမ်းတွေပေါ်မှာ တော့ တိတ်ဆိတ် ငြိမ်သက်နေပါတယ်။
"အရမ်းအံ့အားသင့်စရာကောင်းတယ်။ ဒီကို ကျွန်တော်ဒီကိုရောက်တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဒီလိုပုံစံမျိုးငြိမ်သက်နေတာမျိုးကို မတွေ့ဖူးဘူး။ မုန်တိုင်းမလာခင် ငြိမ်သက်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ကျွန်တော်ထင်သလိုတော့ မဟုတ်လောက်ဘူးလို့ မျှော်လင့်ပါတယ်။ အခြေအနေကို စောင့်ကြည့်ရတော့ မှာပေါ့ဗျာ "
ဗုံးဒဏ်ကြောင့် လက်ရှ်ကာဂါမြို့က အိမ်တော်တော်များများဟာ ပျက်စီးပြိုလဲကုန်ပါတယ်။ ပြီးတော့ တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်မှာ ထွက်ပြေးရတဲ့ မိသားစုတွေ သူတို့ ပြန်ရောက်လာတဲ့အချိန်မှာ သူတို့အိမ်တွေ ပျက်စီးကုန်ပြီလို့ ဒေါက်တာယူဆိုဗစ်ကက ပြောပါတယ်။
"ဗလီရှေ့တွေ လမ်းတွေပေါ်မှာ သူတို့ အိပ်နေကြရတယ်။ အိမ်ပြန်ဆောက်ဖို့ ငွေဆိုတာလည်း သူတို့လက်ထဲမှာမရှိဘူး။ ဒါကြောင့် သူတို့အများစုဟာ ဆွေမျိုးတွေအိမ်သွားနေရင်နေ ဒါမှမဟုတ်ရင် အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်ကြတယ်။"
သူနေတဲ့နေရာက မိသားစုအများစုဟာ ဆင်းရဲသားတွေဖြစ်ပြီး တစ်နေ့ထမင်း တနပ်စားရဖို့ တောင် မနည်းကြိုးစားရုန်းကန်နေကြရတယ်လို့ သူက ပြောပါတယ်။
ဘဏ်တွေကလည်း ရက်ပေါင်းများစွာပိတ်ထားရလို့ ငွေထုတ်မရဖြစ်နေပြီး အခြေအနေကို ပိုဆိုး ရွားစေခဲ့ပါတယ်။
သူတို့ကို အစားအစာတွေဖြန့်ဖြူး အကူအညီတွေပေးနေတဲ့ နိုင်ငံခြားသား ကယ်ဆယ်ရေး လုပ်သားအများစုဟာလည်း တာလီဘန်တွေဝင်လာလို့ တိုင်းပြည်ထဲကနေ ထွက်သွားကြပါပြီ။
ဒါပေမယ့် ဒေါက်တာယူရိုစီဗစ် အပါအဝင် တစ်ချို့လူတွေကတော့ အာဖဂန်နိုင်ငံထဲမှာ ဆက်နေဖို့ ဆုံးဖြတ်ထားကြပါတယ်။
"ကျွန်တော်တို့မှာတာဝန်ရှိတယ်။ ဒီခရိုင်ထဲမှာက စိတ်ရောဂါကုဆေးရုံက တစ်ခုတည်းရှိတာ။ ဒီက လူတွေ ငွေလိုနေကြတယ်။ အစားအစာလိုနေကြတယ်။ ဆေးဝါးလိုအပ်နေကြတယ်" လို့ သူကပြောပါတယ်။"
ဘတ်အာရှန် ပြည်နယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဖဂန်နစ္စတန်ရဲ့ အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်တဲ့ ဘတ်အာရှန် ပြည်နယ်ဟာ အာဖဂန်နစ္စတန် အရှေ့မြောက်ပိုင်းမှာတည်ရှိပြီး တာဂျစ်ကစ္စတန်နယ်စပ်နဲ့လည်း နီးကပ်နေပါတယ်။ တာလီဘန်တွေက ဘဒက်ကစ္စတန် ပြည်နယ် မြို့တော်ကို သြဂုတ်လ ၁၁ရက်တုန်းက သိမ်းပိုက်ခဲ့ပါတယ်။
အက်ဗ်ဒူလ်က ဘာဒက်ရှန်မြို့က ဆရာဝန်တစ်ယောက်ပါ။ တာလီဘန်တွေ အာဖဂန်နစ္စတန်ကို နောက်ဆုံးအုပ်ချုပ်ခဲ့တဲ့ အချိန်တုန်းက သူဟာ ကျောင်းသားတစ်ယောက် အဖြစ်ပဲ ရှိပါသေးတယ်။
"အဲ့ဒီတုန်းက အခြေအနေက တအားဆိုးရွား တာ။ အခုလည်း သူတို့လုပ်နေတဲ့ပုံက အရင်တုန်းက လိုပါပဲ။ ပြောင်းလဲလာတာတွေ မမြင်မိပါဘူး " လို့ သူက ပြောပါတယ်။
အခုတာလီဘန်တွေ စောင့်ကြပ်နေတဲ့ သူတို့ဒေသထဲက ဆေးရုံတစ်ရုံကပုံတွေ အများကြီးကို အက်ဗ်ဒူလ်က ဘီဘီစီကို ပို့ပေးပါတယ်။ ပုံတစ်ပုံထဲမှာဆိုရင် ပိန်ချုံးချည့်နဲ့နေတဲ့ ၁၈လအရွယ် ကလေးလေး တစ်ယောက် ကုတင်ပေါ်မှာလဲနေပြီး သူ့အမေက သူ့သားကို ကယ်ဖို့ ဝန်ထမ်းတွေကို အကူအညီ တောင်းနေတာတွေ့ရပါတယ်။ သူ့သားကို စားစရာဝယ်ကျွေးဖို့ သူ့မှာပိုက်ဆံမရှိဘူးလို့ အက်ဗ်ဒူက ပြောပြပါတယ်။
"တစ်နေ့တခြား ကလေးတွေ အာဟာရမပြည့်ဖြစ်လာကြတယ်" လို့ သူက ထပ်ပြောပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းဇယားတွေအရဆိုရင်လည်း လာမယ့်နှစ်အတွင်းမှာ အာဖဂန်နစ္စတန်က အသက် ၅ နှစ် အောက်ကလေး တစ်ဝက်ကျော်ကျော် ဆိုးဆိုးရွားရွား အာဟာရမပြည့်တာမျိုးနဲ့ ကြုံလာရနိုင်တယ်လို့ သိရပါတယ်။
ဆင်းရဲမွဲတွေမှုက ဒီပြည်ထဲမှာ ရှိနေပြီးသားဆိုပေမယ့် တာလီဘန်တွေလက်ထဲ အာဏာရပြီးသွားကတည်းက အစားအစာတွေနဲ့ စက်သုံးဆီစျေးတွေလည်းမြင့်တက်လာတဲ့အပြင် အစိုးရဝန်ထမ်းတွေလည်း အလုပ်တွေ ပြုတ်ကုန်ပါတယ်။
တချို့ဆို ပြီးခဲ့တဲ့လတွေက အလုပ်လုပ်ထားခဲ့ရတာတွေအတွက် လစာငွေ အခုထိ မရကြသေးပါဘူး။
ဒါ့အပြင် ပြည်နယ်ထဲက အမျိုးသမီးအခွင့်အရေးတွေ ချိုးဖောက်ခံလာရမှာကိုလည်း အက်ဗ်ဒူလ် စိုးရိမ်နေပါတယ်။ တာလီဘန်တွေလက်အောက်မှာ အမျိုးသမီး ဆေးဝန်ထမ်းတွေ အလုပ်လုပ်ခွင့်ရပေမယ့် တခြားအမျိုးသမီးတွေ အလုပ်ဆက်လုပ်ခွင့်မရတာကြောင့် ရှေ့ဖြစ်လာမှာတွေအတွက် စိတ်ပူနေပါတယ်။








