ဟားခါးကမြို့ပေါ်ပြောက်ကျားတိုက်ပွဲများ

ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ထောက်ခံသူလူငယ်များ
ဓာတ်ပုံ ပုံစာ, ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ထောက်ခံသူလူငယ်များ

နေ့အချိန်မှာ ဟားခါးမြို့ဟာ ဘာမှမဖြစ်သလို ပုံမှန်သွားလာလှုပ်ရှားနေပါတယ်။ စျေးတွေ၊ ဆိုင်တွေလည်း ဖွင့်မြဲဖွင့်နေကြတဲ့အတွက် ၃ ရက်အတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်ဆိုတာ အမှတ်တမဲ့ကြည့်ရင် သိတောင် သိဖို့မလွယ်ပါဘူး။

ဒါပေမဲ့ ညမှောင်ပြီဆိုတာနဲ့ သေနတ်သံတွေကို ဟိုနားသည်နားက ကြိုကြားကြိုကြား ကြားနေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ဘာအကြောင်းကြောင့် ပစ်နေတယ်ဆိုတာ မသိရသလို တစ်ခါတစ်ရံမှာ စစ်ကောင်စီတပ်သားတွေက ပစ်နေသလား၊ အရပ်သားတော်လှန်ရေးသမားတွေက ပစ်ခတ်နေသလားဆိုတာတောင် ကွဲကွဲပြားပြား မသိဘူးလို့ဆိုပါတယ်။

မတ်လ ၄ ရက်ညတုန်းကတော့ သေနတ်သံတွေနဲ့အတူ စစ်ဖိနပ်ခြေသံတဒုန်းဒုန်းနဲ့ ပြေးလိုက်ကြတဲ့ စစ်သားတွေကို ချောင်းကြည့်နေသူတွေက မြင်လိုက်ရတယ်လို့ဆိုပါတယ်။ ဘယ်သူ့နောက်ကို ဘာအတွက် လိုက်တယ်ဆိုတာ သေသေချာချာမသိပေမဲ့ ဘယ်သူမှလမ်းပေါ်ထွက်မကြည့်ရဲကြပါဘူး။

မေလ ၂ ရက်

ဟားခါးမြို့ပေါ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြလာကြတာ ရက်ပေါင်း ၄၀ ကျော်ကြာခဲ့ပါပြီ။ နောက်ဆုံးဆန္ဒပြခဲ့တာက မေလ ၂ ရက် တနင်္ဂနွေနေ့က ဖြစ်ပါတယ်။ ရက်ပေါင်း ၄၀ ကျော်ဆန္ဒပြပွဲတွေအတွင်းမှာ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရပ်သားအရေအတွက်ကလည်း ၆၀ နည်းပါးရှိနေခဲ့ပါပြီ။ မေလ ၂ ရက်ညနေ ၄ နာရီနောက်ဆုံးထားပြီး ဖမ်းဆီးထားတဲ့ အရပ်သားတွေကို ပြန်လွှတ်ပေးဖို့ ဟားခါးပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီကို တောင်းဆိုထားပါတယ်။ တောင်းဆိုထားတာကို မလိုက်လျောဘူးဆိုရင်တော့ စစ်ဆင်ရေး တစ်ခုခုလုပ်ဖို့ အစီအစဥ်ဆွဲထားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF ကပြောထားကြောင်း အဖွဲ့ဝင်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီက ဟားခါးပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တောင်းဆိုချက်ကို အမှုမထားဘဲ လျစ်လျူရှုခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက နေရာအနှံ့အပြားမှာ ရဲနဲ့ စစ်သားလုံခြုံရေးတွေတိုးချဲ့ချထားခဲ့ပါတယ်။ အဲသလို လုံခြုံရေး တိုးချဲ့ချထားတဲ့အထဲမှာ ဟားခါးဆေးရုံ၊ ဟားခါးတက္ကသိုလ်၊ BOC ကုန်း၊ မတူပီအထွက် ကားလမ်းဂိတ်တွေလည်း အပါအဝင်ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ အရပ်ဝတ်နဲ့လက်နက်ကိုင်ဆောင်တာတွေ၊ အရပ်ကားတွေနဲ့ ပုံဖျက်သွားလာတာ၊ အရပ်ကားတွေနဲ့ လက်နက်သယ်ဆောင်တာတွေလုပ်ခဲ့သလို အများပြည်သူကို အကြမ်းဖက်မှုတွေလုပ်တယ်လို့ ဟားခါးပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF _Hakha က ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။

ဟားခါးပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ Chinland defence force နဲ့လည်းချိတ်ဆက်ပြီး ကာကွယ်ရေးလုပ်ငန်တွေ လုပ်ဆောင်နေကြတယ်လို့လည်း ဆိုပါတယ်။

မေလ ၂ ရက် ည ၇ နာရီအချိန်မှာ လက်နက်ကိုင် အရပ်သားတွေက ကျောဘုတ်ရပ်ကွက်မှာ တိုက်ခိုက်မှု စတင်လိုက်ပါတယ်။ သူတို့ဟာ စစ်ကောင်စီရဲ့ အားနည်းပျော့ညံ့တဲ့နေရာတွေကို ရွေးချယ်ရှာဖွေတိုက်ခိုက်ခဲ့တယ်လို့ ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ Chinland defence force ကပြောရေးဆိုခွင့်ရှိသူ ဂျွန်ကဆိုပါတယ်။ လက်နက်ကိုင် အရပ်သားတွေ ဝင်ရောက်တိုက်ခိုက်တဲ့နေရာဟာ ဟားခါး ၂၆၆ ဗျူဟာက လုံခြုံရေးချထားတဲ့နေရာလို့ဆိုပါတယ်။ အဲဒီမှာ စစ်သား ၇ ယောက်ပဲရှိပါတယ်။ အဲဒီနေရာကို လက်နက်ကိုင်အရပ်သား သာလွန်အင်အားနဲ့ ရှေ့နောက်ညှပ်ပြီး ဝင်ရောက်တိုက်ခိုက်လိုက်ရာမှာ စစ်သား ၄ ယောက်သေဆုံးခဲ့တယ်လို့ ဂျွန်ကဘီဘီစီကို ပြောပါတယ်။

no caption
ဓာတ်ပုံ ပုံစာ, no caption

မေလ ၃ ရက်

မေလ ၃ ရက်နေ့ညပိုင်းမှာလည်း နောက်ထပ်စီးနင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဟားခါးမြို့ ၆ လမ်းဆုံမှာရှိတဲ့ စစ်သားအနည်းငယ်စောင့်ကြပ်နေတဲ့ ကင်းစခန်းကို အငိုက်ဖမ်းတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုမှာလည်း စစ်ကောင်စီတပ်က စစ်သား ၄ ယောက်ထပ်မံကျဆုံးခဲ့ပြီး ၁၀ ယောက်ဒဏ်ရာရသွားတယ်လို့ ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန်ရေးသားခဲ့ပါတယ်။

မေလ ၄ ရက်

မေလ ၄ ရက်ညနေ ၅ နာရီအချိန်မှာတော့ ထန်တလန်ကနေ ဟားခါးဘက်ကို စစ်ကူပေးဖို့ရောက်လာတဲ့ကားကို လမ်းကနေ ကြားဖြတ်ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။

“ကားတစ်စီးမှောက်နေတာတွေ့ရတယ်။ လူတွေလည်း လဲနေတယ်။ သေဆုံးတာတွေရှိမယ်လို့ထင်တာပဲ။ ငါလည်း ရပ်မကြည့်ရဲလို့ ဆိုင်ကယ်နဲ့ဖြတ်မောင်းခဲ့တယ်။” လို့ အနီးနားက ဖြတ်သွားရင်း မြင်ခဲ့ရတဲ့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရသူဂျွန်ကို ဘီဘီစီကို မေးရာမှာတော့ “ကျွန်တော်တို့က လမ်းကနေ ချုံခိုတိုက်လိုက်တာ။ အဲဒါကျွန်တော်တို့ပစ်တော့ ကားဆရာကလန့်ပြီး လုပ်လိုက်တာမှာ ကားမှောက်သွားတာပါ။ နောက်ကလိုက်လာတဲ့ဆိုင်ကယ်ပေါ်က လူတွေကို ကျွန်တော်တို့ပစ်တာ ၂ ယောက်ထိသွားတယ်။ တော်တော်ဒဏ်ရာပြင်းတယ်။ သေနိုင်တယ်ပေါ့ဗျာ။” လို့ ဘီဘီစီကို ပြောပါတယ်။

မေလ ၄ ရက်နေ့ပဲ ည ၈ နာရီခွဲ အချိန်မှာတော့ ဟားခါးမြို့ အင်းဝဘဏ်ရှေ့က BOC ဂိတ်ကို လက်နက်ကိုင် အရပ်သားတွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

“အဲဒီနေရာက ကင်းစောင့်တယ်။ လူတွေကိုစစ်ဆေးတယ်။ ဖမ်းဆီးတယ်။ ရိုက်နှက်တယ်။ ပြည်သူကို နှောင့်ယှက်တဲ့နေရာပါ။ အဲဒီနေရာမှာ ကင်းစောင့်တဲ့သူတွေကို ကျွန်တော်တို့ ညဘက်ဝင်စီးပြီးတိုက်ခိုက်လိုက်တာပါ။ ၁ ယောက်က အဲဒီနေရာမှာပဲ ချက်ချင်းသေပြီး ၁ ယောက်ဒဏ်ရာရသွားပါတယ်။”

ကျောင်းပြန်မတက်ရန် တိုက်တွန်းနှိုးဆော်မှုများပြုလုပ်
ဓာတ်ပုံ ပုံစာ, ကျောင်းပြန်မတက်ရန် တိုက်တွန်းနှိုးဆော်မှုများပြုလုပ်

မြို့ပြပြောက်ကျားနည်းကိုသုံးခဲ့တယ်လို့ဆို

ဟားခါးမြို့ပေါ်ကတိုက်ခိုက်မှုအားလုံးဟာ စစ်ကောင်စီစစ်သားတွေက မထင်မှတ်တဲ့အချိန်မှာ အလစ်အငိုက်ဖမ်းတိုက်ခိုက်ခဲ့တာတွေဖြစ်ပါတယ်။ တိုက်ခိုက်မှုအားလုံးဟာ အရပ်သားလက်နက်ကိုင်တွေဘက်က လက်ဦးမှုယူပြီး စတင်ခဲ့တာချည်းဖြစ်ပါတယ်။ စစ်ကောင်စီက လာတိုက်လို့ ခုခံကာကွယ်တာတွေ မဟုတ်ပါဘူး။ အားလုံးဟာတိုက်စစ်ဖြစ်ပါတယ်။ တိုက်ခိုက်မှုအားလုံးဟာ စစ်ကောင်စီစစ်သား အနည်းငယ်သာရှိတဲ့ အားပျော့တဲ့နေရာတွေဖြစ်ပြီး တိုက်ခိုက်သူအရပ်သားတွေက အရေအတွက် အမြဲတန်းသာလွန်ပါတယ်။ အဲဒါကြောင့် လက်နက်အင်အားကိုယ့်ဘက်က နိမ့်ကျပေမဲ့ အနိုင်ရခဲ့တာလို့ ဟားခါးပြည်သူ့ကာကွယ်ရေးအဖွဲ့က အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

“ကျွန်တော်တို့က နေရာတိုင်းမှာ သေသေချာချာကြိုတင်ပြင်ဆင်တွက်ချက်ပြီး ကိုယ်သေချာပေါက်နိုင်မဲ့ နေရာတွေကိုတိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့မှာ အမြဲတန်း plan ရှိပါတယ်။ မြို့ပြပြောက်ကျားဗျူဟာတွေသုံးပြီး ကျွန်တော်တို့ကသူတို့ကို တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲတစ်ပွဲချင်းမှာ ကျွန်တော်တို့ကချည်းပဲ တိုက်စစ်စခဲ့တာဆိုတာဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့က ပြည်သူတွေကိုနှိပ်စက်နေလို့ ကျွန်တော်တို့က အခုလိုလုပ်ရတာပါ။ ကျွန်တော်တို့ပြည်သူ ၆၀ ကျော်ဖမ်းထားတာကို ပြန်လွှတ်ပေးပါလို့ ကျွန်တော်တို့က ကောင်းကောင်းမွန်မွန်ပြောပါတယ်။ လွှတ်မပေးရင် စစ်ဆင်ရေးတွေစတော့မယ်လို့လည်း ကျွန်တော်တို့က သတိပေးထားပြီးသားပါ။”

၃ ရက်ကြာအောင် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီဘက်က လူသေပျောက်မှုတွေရှိခဲ့ပေမဲ့ အရပ်သားတွေဘက်က သေဆုံးမှုမရှိဘူးလို့ဆိုပါတယ်။ တိုက်ပွဲချိန်တွေကလည်း တိုတောင်းပါတယ်။ ဒါ့ကြောင့် နေ့ခင်းအချိန်မှာ ဟားခါးမြို့ဟာ ဘာမှမဖြစ်သလို ပုံမှန်သွားလာလှုပ်ရှားနေကြပါတယ်။ ညအချိန်မှာတော့ စစ်တပ်က ဖမ်းဆီးတာတွေ၊ သေနတ်ပစ်ဖောက်တာတွေရှိပြီး လူတွေဟာ စစ်သားတွေလာတဲ့အချိန်၊ သေနတ်ပစ်ဖောက်ချိန်တွေမှာ ထွက်မကြည့်ရဲကြဘူးလို့ဆိုပါတယ်။

ဟားခါးမှာ စစ်ကောင်စီတပ်တွေ နေရာယူထား

ဓာတ်ပုံ ရင်းမြစ်, Chin world

ဓာတ်ပုံ ပုံစာ, ဟားခါးမှာ စစ်ကောင်စီတပ်တွေ နေရာယူထား

အဖမ်းဆီးခံအရပ်သားများ

ဆန္ဒပြပွဲတွေအတွင်းမှာ အဖမ်းဆီးခံထားရတဲ့ အရပ်သားတွေဟာ အခုချိန်အထိ လွတ်မြောက်မလာကြသေးပါဘူး။ ရဲစခန်းအချုပ်ထဲမှာ လူ အယောက် ၂၀ လောက်ရှိပြီး တချို့က ထောင်ထဲမှာ ဖမ်းဆီးချုပ်နှောင်ခံနေရတယ်လို့ ဆိုပါတယ်။ အဖမ်းဆီးခံရတဲ့အထဲက တချို့ကို ကိုယ်တိုင်ကျင်းတူးခိုင်းပြီး မျက်နှာကို အဝတ်နဲ့စည်းနှောင်ထားကာ နဖူးကို ပစ္စတိုသေနတ်နဲ့ချိန်ရွယ် ခြိမ်းခြောက်ခံကြရတယ်လို့ ဂျွန်ကဆိုပါတယ်။ တချို့ကိုတော့ ကြိမ်ဒဏ် ၁၀ ချက်စီရိုက်တာကိုလည်း ခံကြရတယ်လို့ဆိုပါတယ်။

ဒလန်နှိမ်နင်းရေး

ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့က ဒလန်နှိမ်နင်းရေးအတွက် နာမည်ပျက်စာရင်းတစ်ခုကို ပြုစုထားတယ်လို့ဆိုပါတယ်။

“ချင်းအမျိုးသားအချင်းချင်း ပြန်လည်အရေးယူတာမျိုးမလုပ်သင့်ဘူးလို့ တချို့က စောဒကတက်ကြပါတယ်။ ဒါပေမဲ့ ပြည်သူတွေကို ဖမ်းဆီးအောင် သူတို့ကတိုင်တန်းတာ သတင်းပေးတာတွေရှိတယ်။ သူတို့ကြောင့် ပြည်သူတွေဒုက္ခရောက်ရတာ မနည်းတော့ဘူး။ တစ်ရက်ကဆိုရင် အိမ်တစ်အိမ်ကိုဝင်ဖမ်းတာ လာဖမ်းတဲ့ရဲက အဲဒီအိမ်မှာ လူဘယ်နှစ်ယောက်လာပုန်းနေတယ်။ နာမည်တွေက ဘယ်သူဆိုတာက အစ အတိအကျသိနေပါတယ်။” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ယောက်ကဆိုပါတယ်။

ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကတော့ သူတို့ဆယ်ဦးအဖွဲ့ အစည်းအဝေးထိုင်ပြီးမှ နာမည်ပျက်စာရင်းကို သေသေချာချာစိစစ် အတည်ပြုခဲ့တာလို့ ဆိုပါတယ်။ နာမည်ပျက်စာရင်းထဲက လူတွေကိုလည်း အနီရောင် အဆင့်၊ အဝါရောင်အဆင့် စသည်ဖြင့် ခွဲခြားသတ်မှတ်ထားပြီး အနီရောင် အဆင့်လူတွေကိုတော့ မကြာခင်မှာ အရေးယူတော့မှာပါလို့လည်း ဆိုပါတယ်။ ဘယ်လိုအရေးယူမှုမျိုးတွေ လုပ်မယ်ဆိုတာကိုတော့ သူကမပြောပါဘူး။

ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့

ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ကို မတ်လ ၂၅ ရက်နဲ့ ဧပြီလ ၄ ရက်တို့မှာ အစည်းအဝေးခေါ်ယူပြီး ဖွဲ့စည်းခဲ့တာလို့ ဂျွန်ကပြောပါတယ်။

“လုံခြုံရေး တာဝန်ယူထားတဲ့လူငယ်တွေက အခုချိန်မှာ စုစည်းမှုတစ်ခုတော့လိုအပ်နေပြီ။ အနုနည်းနဲ့ မဖြေရှင်းနိုင်တော့ဘူး။ လက်နက်ကိုင်မှရတော့မယ်ဆိုပြီးဖွဲ့တာပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံပံ့ပိုးဖို့ပါ။”

ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းဖို့ဆိုရင် တခြားဒေသတွေက လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မဟာမိတ်ပြုဖို့လိုအပ်တယ်လို့ ယူဆတဲ့အတွက် တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ဖို့လည်း ပြင်ဆင်နေတယ်လို့ဆိုပါတယ်။