လိင်အမြတ်ထုတ်တယ်လို့ တိုင်ကြားခံထားရတဲ့ ရဲမှူးချုပ်အမှု ဂယက်၊ ကုလရဲ့အပစ်ရပ်ရေးပန်ကြားချက် မြန်မာဘာကြောင့်လက်မှတ်မထိုးလဲ အပါအဝင် တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်

ဓာတ်ပုံ ရင်းမြစ်, SOE THAN WIN / AFP / Getty Images
ပြီးခဲ့တဲ့တစ်ပတ်အတွင်း ထိပ်တန်း ရောက်သတင်းတွေ ထဲက ရာထူးပြောင်းရွှေ့ရေးအတွက် အမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေ အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တယ်ဆိုပြီး ရဲမှူးချုပ်တစ်ဦးကို စစ်ဆေးနေတဲ့အကြောင်း ဖြစ်စဉ် အပေါ် ရှုထောင့်စုံက သုံးသပ်ချက်နဲ့ ကုလသမဂ္ဂ အကြီးအကဲရဲ့အပစ်ရပ်ရေး ပန်ကြားချက်ကို ထောက်ခံတဲ့ နိုင်ငံ ၁၇၀ မှာ မြန်မာနိုင်ငံမပါဝင်တာ အပေါ် သုံးသပ်ချက် တွေကို တင်ဆက် ပေးထားပါတယ်။
လိင်အမြတ်ထုတ်မှု စွပ်စွဲချက်ကြောင့် လှုပ်ခတ် သွားခဲ့တဲ့ ရဲ ယန္တရား
အမျိုးသမီးရဲတပ်ဖွဲ့ဝင်တချို့အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲမှူးချုပ်တစ်ဦးကို ဌာနတွင်း စစ်ဆေးနေတာပါ။
စစ်ဆေးခံနေရတဲ့ ရဲမှူးချုပ်ဟာ ရာထူးခန့်ထားရေး စီမံခန့်ခွဲရတဲ့ တာဝန်ရှိသူတစ်ဦး ဖြစ်ပြီး လက်အောက်က ရဲမေတစ်ဦးကို ရာထူးတိုးပေးဖို့ အတွက် အပေးအယူအနေနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တယ်ဆိုပြီး တိုင်ကြားခံထားရတာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကို ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် နိုင်ငံတော်အကြီးအကဲတွေဆီ လာရောက်တင်ပြထားပြီး စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေတယ်လို့ အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇွန် ၂၆ ရက်သတင်းစာရှင်းလင်းပွဲ အပြီးမှာ မီဒီယာတွေကို ပြောကြားထားပါတယ်။
ဒီဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာအကြီး အကျယ်ထိခိုက်တယ်ဆိုပြီး အငြိမ်းစားရဲအရာရှိကြီးတွေနဲ့ ရဲဝန်ထမ်းဟောင်းတွေ၊ လက်ရှိ ရဲတပ်ဖွဲ့ဝင်တွေက ကန့်ကွက်မှုတွေ ရှိလာပါတယ်။
ဒီဖြစ်စဉ်ဟာ မှန်ကန်မယ်ဆိုရင် တရားဥပဒေစိုးမိုးရေးကို အဓိက တာဝန်ယူကာကွယ်ရတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထဲက အဆင့်မြင့်အရာရှိကြီးတစ်ဦး လုပ်ပိုင်ခွင့်ကို ခုတုံးလုပ်ပြီး အာဏာကို အလွဲသုံးစားတဲ့လုပ်ရပ် ဖြစ်လာဖွယ်ရှိပါတယ်။
ဒီဖြစ်စဉ်က အောက်ခြေရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ အပေါ် ရိုက်ခတ်မှု ရှိတယ်လို့ သုံးသပ်ကြသူတွေ ရှိပါတယ်။
ရဲတပ်ဖွဲ့တွင်း ဆယ်စုနှစ်ကျော်ကြာ တာဝန်ထမ်း ဆောင်ခဲ့တဲ့ ဒုရဲမှူးဟာင်း မိုးရန်နိုင်ကတော့ ရဲဌာန အရေးယူမှု အဆင့်တွေကို အခုလို ရှင်းပြပါတယ်။
"ပထမ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးမှုနဲ့ စတင်ပြီး၊ အဲဒီအဆင့်ပြီးရင် သက်ချုပ် အဆင့် (သက်သေခံ အထောက်အထား အကျဉ်းချုပ်)ကို စစ်ဆေးကာ နောက်ဆုံးအဆင့်မှာတော့တာ့ ရဲတရားရုံးမှာ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် စစ်ဆေးပြီး အမှုပေါ်ပေါက်ရင် ထောင်ချ အမိန့်ချ မှတ်ခံရမှာ ဖြစ်တယ်" လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီလုပ်ရပ် ကြောင့် ရဲ လုပ်ငန်းစဉ် နဲ့ တရားဥပဒေ စိုးမိုးရေး အပေါ် ထိပါး နိုင်တယ်လို့လည်း ဒုရဲမှူးဟာင်းမိုးရန်နိုင်က သုံးသပ်ပါတယ်။
"ကျွန်တော်တို့ကြားရသလောက် ရဲမှူးချုပ်ကို ရဲတရားရုံးအဆင့်ထိ စစ်ဆေးနေတယ်လို့သိရတယ်။ ခေါင်းဆောင်ပိုင်းက ထိပ်တန်းအဆင့်ရှိတဲ့ ရဲမှူးချုပ်တစ်ယောက်က ကျူးလွန်တယ်ဆိုတော့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ရဲမေတွေဟာ ပြည်သူနဲ့ဆက်ဆံတဲ့အခါမှာ အရမ်းမျက်နှာငယ်ရမယ်။ အရမ်းသိမ်ငယ် သွားကြမယ်။ အဲဒီရဲ့နောက်ဆက်တွဲက ရဲလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ အားနည်းချက်တွေအများကြီး ဖြစ်ပေါ်လာနိုင်ပြီးတော့ တရားဥပဒေစိုးမိုးမှုပါ ပိုပြီးတော့ ယိုယွင်းပျက်စီးလာနိုင်တယ်လို့ ကျွန်တော်က မြင်တယ်။ ဒါမျိုးမဖြစ်သင့်ဘူး။ " လို့ ဒုရဲမှူးဟာင်းမိုးရန်နိုင်က ပြောပါတယ်။
တကယ်လို့ ဖြစ်စဉ်က ထင်ရှားပေါ်ပေါက်တယ်ဆိုရင် ရဲတရားရုံးကနေ ထောင်ဒဏ် ၃ နှစ်အထိ ချနိုင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, May Soe
အခု စွပ်စွဲခံရသူ ရဲမှူးချုပ်နဲ့ပတ်သက်လို့ စွပ်စွဲမှုတွေ ကိုတော့ သေချာမသိထားပေမယ့် ရာထူးတိုး ခန့်ထားရေးတွေမှာတော့ နာမည်ထွက်ခဲ့တာမျိုး ကြားဖူးခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနမှာ ဒုတိယရဲအုပ်အဖြစ် သူတာဝန်ထမ်းဆောင်စဉ်က အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီး လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေစိုးကလည်း ပြောပါတယ်။
အခုဖြစ်စဉ်က ရဲတပ်ဖွဲ့အတွင်းက ဘယ်လိုအားနည်းချက်တွေကို မီးမောင်းထိုးပြရာ ရောက်သွားပါသလဲ။ ရဲတပ်ဖွဲ့တွင်း ရာထူးပြောင်း ရွှေ့စီမံခန့်ထားမှုနဲ့ပတ်သက်တာတွေကို ဒေါ်မေစိုးက အခုလိုပြောပါတယ်။
"အမျိုးသမီး ရဲမေတွေဆိုတာ ကျွန်မတို့ ပြည်ထဲရေးမှာ လုပ်ခဲ့တုန်းကတည်းက လူကြီးအခန်းထဲ သွားမယ်ဆိုရင် တစ်ယောက်တည်းမသွားရဘူး။ အဖော်နဲ့လာပါဆိုတာ အမြဲရေးထားတာရှိတယ်။
ကျွန်မတို့ခေတ်တုန်းကဆို လူကြီးတွေက ဆူလိုက်ပြောလိုက်တာရှိတယ်။ တချို့က အားငယ်တတ်တော့ အခန်းထဲက ငိုပြီးထွက်လာတာမျိုး ရှိတော့ အများအမြင်မှာမတင့်တယ်ဘူး။
ဒါကြောင့် အဖော်နဲ့ပဲ သွားလာဖို့ လူကြီးတွေက စာကိုထုတ်ထားတာ။ အခု စွပ်စွဲခံရတဲ့ ရဲမှူးချုပ်နဲ့ ပတ်သက်လို့ကတော့ နည်းနည်းမောက်မာတယ်။ လက်အောက်ငယ်သားတွေကိုဆက်ဆံမှုတွေမှာ တင်းတင်းမာမာရှိတယ်ဆိုတာ ကြားဖူးတယ်။
ဒီလို အမျိုးသမီးတွေအပေါ် လိင်အမြတ်ထုတ်တယ်တော့ တိတိကျကျ မကြားခဲ့ဖူးဘူး။
နောက်ပြီးတော့ အပြောင်းအရွှေ့နဲ့ ပတ်သက်ရင်လည်း ရဲမှူးချုပ်ဆီ ဝင်ရထွက်ရတယ်ဆိုတာမျိုးတွေကြားဖူးပါတယ်။
အခုဖြစ်တဲ့ကိစ္စကိုမှန်တာမှားတာတော့မသိဘူး။ ဒါပေမဲ့ ဒီကိစ္စကြောင့် ရဲတပ်ဖွဲ့ဝင် အားလုံးကိုသိမ်းကျုံးပြောတာတော့ လုံးဝလက်မခံပါဘူး။
ရဲထဲမှာ အမျိုးကောင်းသား ၊ အမျိုးကောင်းသမီးတွေအများကြီးရှိပါတယ်။ တကယ့်ကို ပြုပြင်ပြောင်းလဲချင်စိတ်နဲ့ ရိုးရိုးသားသား ကြိုးစားနေတဲ့သူတွေ ရာထူးမမက်ဘဲ တကယ့်ကိုအလုပ်ကြိုးစားတဲ့သူတွေအများကြီးရှိပါတယ်။
ရာထူးမရချင်နေ ဘာမှအစွန်းအထင်းမခံနိုင်ဘူးဆိုတဲ့ အမျိုးသမီးတွေအများကြီးရှိပါတယ်။
ခုလို အမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေကို လှောင်ပြောင်ရှုတ်ချနေတာကို ကန့်ကွက်ရှုတ်ချပါတယ်" လို့ ရဲဝန်ထမ်းဟောင်း လက်ရှိ လွှတ်တော် အမတ် ဒေါ်မေစိုးက ပြောပါတယ်။
လက်ရှိမှာတော့ ရာထူးတိုးရေး လိင်အမြတ်ထုတ် ခံရဖို့ နည်းလမ်းကိုရွေးချယ်တယ်ဆိုပြီး အမျိုးသမီး ရဲတပ်ဖွဲ့ဝင် တွေအပေါ် ပြစ်တင်ပြောဆိုတာတွေ တစ်ဖက်၊ အမျိုးသမီးတွေကို ဝေဖန်ပြစ်တင် တာ မလုပ်ဖို့ တန်ပြန်ပြောဆိုတာတွေက တစ်ဖက်နဲ့ ငြင်းခုန်မှုတွေလည်း ဆက်ရှိနေပါတယ်။
အမျိုးသမီးအရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေကတော့ ဒီဖြစ်စဉ်ကို ရှုတ်ချထားပြီးရဲတပ်ဖွဲ့တွင်းသာမက တခြားလုပ်ငန်းခွင်တွေအဖွဲ့အစည်းတွေအတွင်း ဘယ်နေရာမှာမဆို အမျိုးသမီးတွေကို လိင်အမြတ်မထုတ်ရေး စတစ်ကာ ကမ်ပိန်း လှုပ်ရှားမှုတွေစတင်ဖို့ ပြင်ဆင်နေကြတာလည်းရှိလာနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုဗစ်ကြား မငြိမ်းချမ်းသေးတဲ့ မြန်မာ့ ငြိမ်းချမ်းရေး
တစ်ပတ် အတွင်း နောက်ထပ် သုံးသပ် ဝေဖန် စိတ်ဖြာ စရာ ဖြစ်တဲ့ နောက် သတင်းတစ်ပုဒ်ကတော့ ကိုဗစ်ကပ်ရောဂါကြား တစ်ကမ္ဘာလုံးအပစ်ရပ်ထားဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ပန်ကြားချက်ကို နိုင်ငံပေါင်း ၁၇၀ က ထောက်ခံခဲ့တဲ့အကြောင်းပါ။
ကုလအကြီးအကဲရဲ့ အဲဒီပန်ကြားချက်ကို အဖွဲ့ဝင် နိုင်ငံပေါင်း ၁၇၀ က လက်ခံကြောင်း လက်မှတ်ရေးထိုးပြီး ဇွန် ၂၂ ရက် က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလိုလက်မှတ်ရေးထိုးတဲ့နိုင်ငံတွေစာရင်းမှာတော့ ကမ္ဘာ့ သက်တမ်း အရှည်ဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံတော့ ပါဝင်ခြင်းမရှိတာကို တွေ့ရပါတယ်။
ကုလအအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ကပ်ရောဂါကြားမှာ တစ်ကမ္ဘာလုံး အပစ်ရပ်ထားဖို့ မတ် ၂၃ မှာ ပန်ကြားချက်ထုတ်ပြန်ခဲ့တာပါ။
အဲဒီလို ထုတ်ပြန်ခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာ့တပ်မတော်က အကြမ်းဖက်အဖွဲ့တွေရှိတဲ့ ဒေသကလွဲလို့ ကျန်ဒေသတွေမှာ တစ်ဖတ်သတ်အပစ်ရပ်တယ်လို့ ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီထဲမှာရခိုင်နဲ့ ချင်းပြည်နယ်တို့ မပါရှိခဲ့သလို ကပ်ရောဂါကာလအတွင်းမှာကို အဲဒီဒေသတွေမှာ စစ်ရှိန်က မြင့်တက်နေတာပါ။

ဓာတ်ပုံ ရင်းမြစ်, Phyo Hein Kyaw / AFP / Getty Images
ဒီလက်မှတ်ထိုးတဲ့အထဲ မြန်မာနိုင်ငံမပါဝင်ရတဲ့ အကြောင်းအရင်းနဲ့ ကပ်ရောဂါကာလ စစ်ရေးအရှိန်လျှော့ချဖို့ ဘာတွေက ခက်ခဲနေသလဲဆိုတာနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ သဘောထားကို ဘီဘီစီက မေးမြန်းရာမှာတော့ "ပြည်တွင်းရေး ကိစ္စတွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူဘဲ နိုင်ငံ အသီးသီးရဲ့ ပကတိ အခြေအနေ အပေါ် မူတည်နေတယ်"လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ပြန်လည် ဖြေကြားပါတယ်။
"ကုလအတွင်းရေးမှူးချုပ်ရဲ့ ပဋိပက္ခများရပ်တန့်ရေး လျှော့ချရေးပြောတဲ့အခါမှာ အကုန်လုံး မပါပါဘူး။
အမေရိကန်ဆိုလည်း အကြမ်းဖက်သမားတွေ အိုင်အက်စ်တို့ တာလီဘန်တို့ကို ချန်လှပ်ထားတာရှိပါတယ်။
ဒါတွေကတော့ နိုင်ငံတွေရဲ့ ပကတိဖြစ်ပေါ်နေတဲ့အနေအထားတွေနဲ့ပဲ ဆိုင်ပါလိမ့်မယ်။
ကျွန်တော်တို့နိုင်ငံမှာလည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးဆိုင်ရာ ကြေညာချက် ထုတ်ထားတာရှိတယ်။
အကြမ်းဖက်ဒေသများမပါ အကြမ်းဖက်သမားတွေရှိတဲ့နေရာမပါလို့ ထုတ်ပြန်ထားပါတယ်။
ဒီလိုခြွင်းချက် ရှိတဲ့အတွက် အားလုံးလက်မှတ်ရေးထိုးတဲ့အခါမှာ အကြွင်းမဲ့ဆိုတာကို လက်မှတ်ထိုးဖို့ မပါဝင်ရခြင်းဖြစ်တယ်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေး ကြေညာချက်ထုတ်ပြီးတဲ့အခါမှာလည်း လက်တွေ့အခြေအနေက ချောင်းမြောင်း တိုက်ခိုက်တာတွေရှိလာတယ်။
ပြည်သူလူထုကို အကာအကွယ်ယူပြီး တိုက်ခိုက်တာဖြစ်လာတယ်။ လမ်းမကြီးပေါ်တွေ တက်ပြီးတော့ မိုင်းထောင်မိုင်းခွဲတာတွေဖြစ်လာတယ်။
ဒါတွေကတော့ ကျွန်တော်တို့က စစ်ဆင်ရေးအရ ဆောင်ရွက်ရမှာဖြစ်တယ်" လို့ တပ်မတော်ရဲ့ ရပ်တည်ချက်ကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, HEIN HTET
ဒီ ကိုဗစ်၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာပဲ တပ်မတော်ဟာ အပစ်ရပ် ကာလရှည်ကြာ ထိန်းထားနိုင်ခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး ကေအန်န်ယူ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အေတို့နဲ့ လည်း စစ်ရေးတင်းမာမှုတွေ ပြန် ရှိလာနေပါတယ်။
လက်ရှိ အန်အယ်လ်ဒီအစိုးရသက်တမ်းက ကုန်ဆုံးဖို့ ဆယ်လခန့်သာ ကျန်ရှိတော့တတဲ့ အချိန်မှာ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံ နောက်တစ်ကြိမ် ကျင်းပဖို့ကိုလည်း ဒီရက်ပိုင်းအတွင်း အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ် လက်မှတ်ထိုးအဖွဲ့တွေ အသည်းအသန် ကြိုးစားနေရပါတယ်။
လက်ကျန်သက်တမ်းအတွင်း စစ်ရေးအရှိန်လျှော့ချရေးနဲ့ ပြည်တွင်း ငြမ်းချမ်းရေးဖြစ်စဉ်က ကိုဗစ်နဲ့အတူ အစိုးရဖြေရှင်းရမယ့် စိန်ခေါ်ချက်ကြီးတစ်ခု ဖြစ်လာနေပါတယ်။
စစ်ရေးနဲ့ တိုင်ရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးကတော့ လက်ကျန် အစိုးရ သက်တမ်း အတွင်း လုံးဝအပစ်ရပ်သွားဖို့ကတော့ ခက်ခဲနေဦးမယ် လို့ သုံးသပ်ပါတယ်။
ကပ်ရောဂါကာလမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာ ကပ်ရောဂါထက်ပိုပြီး တစ်ဖက်နဲ့တစ်ဖက် အာဃာတတွေ ပိုကြီးနေကြလို့လို့ သူက ဆိုပါတယ်။
"အခု ရခိုင်မှာတိုက်ပွဲတွေပြင်းထန်နေသလို ရှမ်းမြောက်မှာလည်း ကေအိုင်အေတို့၊ တီအန်အယ်လ်အေတို့၊ ကိုးကန့်တို့နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေတာတွေ့ရတယ်။
တကယ်တော့ ကေအန်န်ယူနဲ့ရော မြောက်ပိုင်းလေးဖွဲ့နဲ့ရော တိုက်ပွဲတွေပြန်ဖြစ်နေတာက ကပ်ရောဂါမတိုင်ခင်တည်းက ဖြစ်နေတာ။
ကပ်ရောဂါကာလမှာ (တိုက်ပွဲ) လျှော့ချဖို့ဆိုတာကလည်း သဘောတူညီချက်မရရင် လျှော့ချလို့ မရဘူး။
အဲဒီတော့ နောက်လထဲမှာ JMC (အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးကော်မတီအစည်းအဝေး) ကျင်းပမယ်ပြောတာကိုး။
အဲဒီမှာ ကေအန်န်ယူနဲ့ တိုက်ပွဲတွေလျှော့ချနိုင်မလားစောင့်ကြည့်ရမယ်။ အစိုးရသက်တမ်း ဆယ်လအတွင်းမှာ လုံးဝအပစ်ရပ်သွားဖို့ကတော့ ခက်ခဲနေဦးမယ်ထင်တယ်။
ဒီမြောက်ပိုင်းလေးဖွဲ့နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမယ်ဆိုရင်လည်း တကယ်တမ်းက ဆွေးနွေးနိုင်မယ့် အခြေအနေမရှိဘူး" လို့ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။
လက်ရှိအစိုးရ အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ပြောရရင်တော့ NCA ထိုးထားတဲ့အဖွဲ့တွေနဲ့ ရွေးကောက်ပွဲမကျင်းပခင် ညီလာခံကျင်းပရေးကိုပဲ လုံးပမ်းနေပုံရတယ်လို့လည်: ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို အစဉ်တစိုက် လေ့လာပြီး စာအုပ်တွေ ရေးသားနေသူ ဦးမောင်မောင်စိုးကို မှတ်ချက်ပြုပါတယ်။










