တပ်အတွင်း မဲဆွယ်ခွင့်မပြုဘူးလို့ တပ်မတော်ပြော

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်း ရွေးကောက်ပွဲဆိုင်ရာ ဟောပြောမှုတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Shwe InnThar

ဓာတ်ပုံ ပုံစာ, ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်း ရွေးကောက်ပွဲဆိုင်ရာ ဟောပြောမှုတစ်ခု

တပ်ရင်းတပ်ဖွဲ့တွေအတွင်းမှာ နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးခွင့်ပြုမှာမဟုတ်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇွန်လ ၂၃ ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တပ်မတော်ဟာ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သလို ဝန်ထမ်းအဖွဲ့အစည်းဖြစ်ကြောင်း၊ တပ်တွင်းမှာ နေထိုင်ပြီးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းလည်း ဖြစ်တာကြောင့် ခွင့်မပြုတာလို့လည်း သူက ပြောပါတယ်။

လွတ်လပ်ရေးရပြီးခေတ်က မြန်မာ့သမိုင်းမှာ နိုင်ငံရေးအယူအဆတွေ ကွဲပြားတာကြောင့် လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးမူဝါဒ ကွဲပြားမှုတွေ နိုင်ငံရေးပေါ်မှာ ပါဝင်ဆောင်ရွက်မှုတွေကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ ရှိခဲ့တာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

လွတ်လပ်ရေး ကြိုးပမ်းစဥ်ကာလကလည်း တပ်မတော်မှာ နိုင်ငံရေးအယူအဆတွေ ကွဲပြားခဲ့ကြပြီး တပ်မတော်မှာ တပ်ရင်းတပ်ဖွဲ့လိုက် တောခိုကြတာတွေ ရှိကြောင်းလည်း သူက ပြောပါတယ်။

မဲပေးနေသူတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Shwe InnThar

ဒီအချက်တွေကြောင့် လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေကို တပ်ရင်းတပ်ဖွဲ့တွေ အတွင်းမှာ မဲဆွယ်စည်းရုံးဖို့ ခွင့်ပြုဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

တပ်အပြင် ရပ်ထဲရွာထဲမှာတော့ လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်ပြီး တပ်မတော်သားများကိုလည်း ဘယ်ပါတီကို မဲပေးပါ၊ ဘယ်ပါတီကို မဲမပေးပါနဲ့ ပြောဆိုထားတာ မရှိကြောင်းနဲ့ လွတ်လပ်စွာ မဲပေးနိုင်ခွင့် ပေးထားကြောင်းတို့ကိုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ကိုကိုးကျွန်း မြို့နယ်မှာ ဝင်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းတွေ အဲဒီမှာ မဲဆွယ် စည်းရုံးရေး သွားလာရာမှာ အခက်အခဲ ရှိခဲ့ဖူးပါတယ်။

ရန်ကုန်တိုင်းထဲမှာပါတဲ့ ကိုကိုးကျွန်းမြို့နယ်ဟာ ရေတပ်စခန်း ဌာနချုပ် ဖြစ်ပြီး အရပ်သား နေထိုင်တာ မရှိသလောက် နည်းပါးတဲ့နေရာလည်း ဖြစ်ပါတယ်။

အဲဒီ မြို့နယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနှစ်ခုထဲသာ အဓိက ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

သင်္ဘောငှားသွားဖို့အတွက် ကုန်ကျစရိတ်က အရမ်းကြီးလွန်းသလို ဟိုင်းကြီးကျွန်းကနေ ကိုကိုးကျွန်းကို သွားတဲ့ စက်လှေသမားတွေကိုလည်း NLD အဖွဲ့ဝင်တွေနဲ့ အဆက်အသွယ် မလုပ်ကြဖို့ ပြောထားတာကြောင့် သူတို့ကို ဘယ်စက်လှေကမှ မတင်ရဲကြဘူးလို့ ကိုကိုးကျွန်းမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ဦးဝင်းကိုကိုဝင်းက ဘီဘီစီကို ပြောခဲ့ပါတယ်။

၂၀၁၅ မဲရုံ တစ်ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၅ ရွေးကောက်ပွဲ မဲရုံ တစ်ခု

ဒါပေမဲ့လည်း ပြိုင်ဘက် ပါတီဝင်တွေကတော့ တပ်မတော် လေယာဉ်တွေ၊ တပ်မတော် စစ်သင်္ဘောတွေနဲ့ သွားခွင့်ရကြတယ်လို့ ဦးဝင်းကိုကိုဝင်းက ပြောခဲ့ပါတယ်။

NLD ကိုယ်စားလှယ်တွေရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဥ်ဟာ နိုဝင်ဘာလ ၈ ရက် ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် အောက်တိုဘာ ၂၂ ရက်မှ အစိုးရ စီစဥ်တဲ့ သင်္ဘောနဲ့ ရောက်ရှိနိုင်ခဲ့ပါတယ်။

ကိုကိုးကျွန်းမြို့နယ်က ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်တို့မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ နှစ်ခုတည်း ထိပ်တိုက် တွေ့ခဲ့ကြပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ်( ရေ )သူရဦးသက်ဆွေနဲ့ ရန်ကုန်တိုင်း နယ်လုံဝန်ကြီး ( ငြိမ်း ) ဦးတင်ဝင်းတို့က တိုင်းဒေသကြီး လွှတ်တော်တို့က အနိုင်ရခဲ့ကြပါတယ်။

နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်လို့လည်း တပ်မတော်က ဘယ်သူ့ကို ထောက်ခံပေးမယ် ဘယ်သူ့ကို မထောက်ခံဘူးဆိုတာမျိုး မရှိဘူးလို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"ကျွန်တော်တို့မှာ သီးခြားမူဝါဒ မရှိပါဘူး။ နိုင်ငံရေးပါတီတွေကို သဘောထားတစ်ခုတည်း ရှိပါတယ်"လို့လည်း သူက ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လုံခြုံရေးပိုင်းအပြင် လိုအပ်ချက်မှန်သမျှ တပ်မတော်က ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာမယ်လို့လည်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်မှုတစ်ခု

ဓာတ်ပုံ ရင်းမြစ်, She InnThar

ဓာတ်ပုံ ပုံစာ, ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်မှုတစ်ခု

တပ်တွင်းမဲရုံတွေကို တပ်ရင်းတပ်ဖွဲ့ပြင်ပ သင့်တော်တဲ့နေရာမှာ ထားဖို့ပါဝင်တဲ့အချက် အပါအဝင် ရွေးကောက်ပွဲ နည်းဥပဒေတွေကို ပြင်ဆင်တဲ့အချက်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ခုနှစ် အတွင်း လွှတ်တော်ကို တင်သွင်းနိုင်ခဲ့ပါတယ်။

နည်းဥပဒေ ပြင်ဆင်ချက်ကတော့ ကော်မရှင်ရဲ့ တာဝန်ပေးချက်နဲ့အညီ တပ်မတော်သားတွေနဲ့ သူတို့နဲ့ အတူ နေထိုင်ကြတဲ့ အိမ်ထောင်စုဝင်တွေ နေထိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် မဲရုံနေရာ သတ်မှတ်ရာမှာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုထဲက မဲဆန္ဒရှင်တွေနဲ့အတူ ဆန္ဒမဲပေးနိုင်ဖို့ ၊ ပွင့်လင်းမြင်သာမှုရှိစေဖို့၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်မယ့် အဲဒီ တပ်ရင်း တပ်ဖွဲ့ရဲ့ အပြင်ဘက် သင့်တော်တဲ့ နေရာမှာ သတ်မှတ်ပေးရမယ်လို့ဖော်ပြပြီး အစားထိုး လိုက်တာပါ။

တပ်မတော်ကတော့ အခုအခါ မှာ မဲပေးနိုင်တဲ့ မဲဆန္ဒရှင်စာရင်းကို ပြုစုနေဆဲဖြစ်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေး လိုအပ်ချက်မှန်သမျှကို ဆောင်ရွက်ပေးသွားမယ်လို့လည်း ဇွန်လ ၂၂ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းစာရှင်လင်းပွဲမှာ ပြောခဲ့ပါတယ်။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို အရင် ရွေးကောက်ပွဲများနည်းတူ နိုဝင်ဘာ လမှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ဖော်ပြောဆို ထားပါတယ်။