မန္တလေး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် သွေးကင်ဆာ ကုသမှုခံယူ၊ ပါတီတာဝန်နေရာအစားထိုးဖို့ မရှိ

"အခုကို ဆေးသွင်းထားတယ်၊ နောက်ဆုံးအခြေအနေကို ကျွန်တော်တို့ မသိပါဘူး၊ နောက်ဆုံးအခြေအနေကတော့ ဆေးကုသမှုပြီးရင် သူက နာလန်ပြန်ထူလာပြီး တာဝန်တွေ ပြန်ထမ်းဆောင်နိုင်မှာပါ"

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, "အခုကို ဆေးသွင်းထားတယ်၊ နောက်ဆုံး အခြေအနေကို ကျွန်တော်တို့ မသိပါဘူး၊ နောက်ဆုံးအခြေအနေကတော့ ဆေးကုသမှုပြီးရင် သူက နာလန်ပြန်ထူလာပြီး တာဝန်တွေ ပြန်ထမ်းဆောင်နိုင်မှာပါ"

ကျန်းမာရေး အခြေအနေကြောင့် ထိုင်းနိုင်ငံမှာ သွားရောက် ဆေးကုသခံနေတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါ ခံစားနေရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က ပြောလိုက်ပါတယ်။

ဆေးကုသမှုခံယူနေပြီး စိုးရိမ်ရတဲ့ အနေအထား မရှိတဲ့အတွက် ဒေါက်တာဇော်မြင့်မောင်ရဲ့ ပါတီတာဝန်တွေကို အစားထိုးဖို့မရှိဘူးလို့ သူက ပြောပါတယ်။

ဝန်ကြီးချုပ်ဟာ နိုဝင်ဘာ ၁၀ရက်နေ့မှာ ဆေးကုသမှုပြီးဆုံးရင် မြန်မာနိုင်ငံကို ပြန်လာဖို့ စီစဉ်ခဲ့ပေမယ့်လည်း အခြေအနေအရ လက်ရှိအချိန်အထိ ဆေးကုသမှု ခံယူနေရတယ်လို့ NLD ပါတီရဲ့ ဗဟို ပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကလည်း ဘီဘီစီကို ပြောပါတယ်။

ရောဂါ အတိမ်အနက်ကို မသိရဘူး ဆိုပေမဲ့ လောလောဆယ်မှာ ဆေးသွင်းထားရလို့ အနားယူနေရတယ် ဆိုပြီးတော့လည်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

"အခုကို ဆေးသွင်းထားတယ်၊ နောက်ဆုံးအခြေအနေကို ကျွန်တော်တို့ မသိပါဘူး၊ နောက်ဆုံး အခြေအနေကတော့ ဆေးကုသမှုပြီးရင် သူက နာလန်ပြန်ထူလာပြီး တာဝန်တွေ ပြန်ထမ်းဆောင်နိုင်မှာပါ" လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာလ ၂၅ ရက်နေ့ကတည်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ဆေးကုသမှု ခံယူနေတာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ ဆေးကုသမှုပြီးရင် ဘန်ကောက်က ပြန်လာဖို့ စီစဉ်ထားပေမဲ့ အခု ပြန်မလာနိုင်သေးဘူးလို့ မုံရွာအောင်ရှင်ကလည်း ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာ ဒေါက်တာဇော်မြင့်မောင်ဟာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပေမဲ့ သူ့ကျန်းမာရေး အခြေအနေ ကောင်းပါတယ်လို့ မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဦးဇာနည်အောင်က ပြောပါတယ်။

ဒါပေမဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ဆေးရုံမှာ ဘယ်လောက်ကြာအထိ ကုသမှု ဆက်ခံယူရမယ် ဆိုတာနဲ့ တိုင်းဝန်ကြီးချုပ်အဖြစ် ဘယ်တော့ ပြန်တာဝန်ထမ်းဆောင်မလဲ ဆိုတာကို မပြောနိုင်သေးဘူးလို့ ဦးဇာနည်အောင်က ပြောပါတယ်။

"သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်က သူ့ကို ကုသနေတဲ့ ဆရာ၀န်ကြီးတွေအပေါ် မူတည်တာပေါ့၊ ဒါကို ကျွန်တော် မပြောနိုင်ဘူးဖြစ်နေတယ်၊ ယေဘုယျအားဖြင့်တော့ သူကျန်းမာရေး ကောင်းပါတယ်၊ တိုးတက်မှု ကောင်းပါတယ်" လို့သူက ပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ တိုင်းအစိုးရ လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဖြစ်တဲ့ ဦးဇာနည်အောင်ကို သူဆေးကုသမှုခံယူနေတုန်းမှာ မန္တလေးတိုင်းခေတ္တဝန်ကြီးချုပ်အဖြစ် တရားဝင်စာနဲ့ ခန့်အပ်ပြီး တာဝန်တွေ လွှဲပြောင်းပေးထားတာ ဖြစ်ပါတယ်။

အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ NLD ပါတီမှာ ဒုဥက္ကဌ (၂) အဖြစ် တာဝန်ယူထားရသူ ဖြစ်ပြီး သူ့ကျန်းမာရေး ပြန်ကောင်းလာစေဖို့ ကျောက်ပန်းတောင်း မြို့ခံတွေကလည်း ဒီလ အစောပိုင်းတုန်းက ဆုတောင်းမေတ္တာ ပို့ခဲ့ကြပါတယ်။