H1N1နဲ့ သေဆုံးသူ ဦးရေ ပိုတိုးလာတဲ့သတင်းအပါအဝင် မနက်ခင်းသတင်းများ

NCA ထိုးအတွက် KNPP နဲ့ တပ်တွေ့မည်

ဓာတ်ပုံ ရင်းမြစ်, NRPC

ဓာတ်ပုံ ပုံစာ, NCA ထိုးအတွက် KNPP နဲ့ တပ်တွေ့မည်

နှစ်လအတွင်း ကရင်နီအဖွဲ့ NCA လက်မှတ်ထိုးမလား

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လာမယ့် ၂ လအတွင်း လက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရက KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ) ကို ကမ်းလှမ်းခဲ့ပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့က နေပြည်တော်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နဲ့ KNPP အဖွဲ့တို့တွေ့ဆုံတဲ့ပွဲမှာ အခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။

စက်တင်ဘာလ ဒါမှမဟုတ် အောင်တိုဘာလမှာ NCA လက်မှတ်ရေးထိုးနိုင်ဖို့ KNPP ကို ကမ်းလှမ်းခဲ့ပြီး သူတို့အနေနဲ့ NCA ထိုးဖို့အခက်အခဲမရှိဘူးလို့ ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ NRPC က ဦးလှမောင်ရွှေက ဘီဘီစီကို ပြောပါတယ်။ ဒါပေမဲ့ KNPP ထိန်းချုပ်တဲ့နယ်မြေက အောက်ခြေအခက်အခဲတချို့ကို အစိုးရက ဝိုင်းဝန်းဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဦးလှမောင်ရွှေ က ပြောပါတယ်။

"သူတို့မှာ လက်မှတ်ထိုးဖို့ အခက်အခဲကြီးကြီးမားမားမရှိဘူး။ ဒါပေမဲ့ အောက်ခြေမှာဖြစ်တဲ့ပြဿ နာတွေဟာ သူတို့အပေါ်မှာ အနည်းနဲ့အများတော့ ရိုက်ခတ်တဲ့သဘောမျိုးတော့ရှိတယ်" လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့မှာလည်း ကရင်နီအဖွဲ့ခေါင်းဆောင်တွေက တပ်မတော်ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်မှာတွေ့ဆုံပြီး NCA လက်မှတ်ရေးထိုးဖို့ကိစ္စကို ဆွေးနွေးမယ်လို့ သိရပါတယ်။

H1N1 ကြောင့် သေဆုံးသူ ၅၉ ဦးထိရှိလာ

ရာသီတုပ်ကွေးရောဂါဖြစ်တဲ့ H1N1 ကြောင့် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင်လ ၁၇ ရက်နေ့အထိ သေဆုံးသူ စုစုပေါင်း ၅၉ ဦးရှိလာပြီလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ က ထုတ်ပြန်ထားပါတယ်။

ဒီရောဂါကြောင့် နိုင်ငံတဝန်းလုံးမှာ သေဆုံးသူ ၅၉ ဦးရှိပြီး ရန်ကုန်တိုင်းမှာ သေဆုံးသူ ၄၆ ဦးရှိပါတယ်။ ဒါ့အပြင် ရောဂါပိုးတွေ့ရှိသူတွေလည်း နဂိုထက် ပိုများလာပါတယ်။

ရာသီတုပ်ကွေးကြောင့် မနှစ်က ဆေးရုံ ၈ ခုမှာ သာဆောင်ရွက်ခဲ့ရာကနေ ဒီနှစ်မှာတော့ ဆေးရုံ ၇ ခု ထပ်တိုး ပြီး စုစုပေါင်း ဆေးရုံ ၁၅ ခု ရှိလာသလို ရန်ကုန်ကလေးဆေးရုံ မှာလည်း ဇွန်လ၂၆ ရက်နေ့က ရာသီတုပ်ကွေးရောဂါ H1N1 Ward (သီးသန့်လူနာဆောင်) ကို စတင်ဖွင့်လှစ်ခဲ့တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။

H1N1 ကြောင့် သေဆုံးသူ ၅၉ ဦးထိရှိလာ

ဓာတ်ပုံ ရင်းမြစ်, FFSS -YGN

ဓာတ်ပုံ ပုံစာ, H1N1 ကြောင့် သေဆုံးသူ ၅၉ ဦးထိရှိလာ

အခုတရားဝင် စာရင်းတွေအရ H1N1 ရောဂါပိုး သံသယ ရှိတဲ့လူနာတွေကို တနိုင်ငံလုံးအနှံ့ ရှိနေပြီး ရှမ်းအရှေ့၊ ကရင်၊ ချင်းက လွဲပြီး ကျန်တဲ့ပြည်နယ် တိုင်းတွေမှာ ရောဂါပိုးရှိသူတွေ တွေ့နေရတာဖြစ်ပါတယ်။

၂၀၁၇ ကတော့ H1N1 ဖြစ်ပွားသူ လေးရာကျော် ရှိခဲ့ကာ သုံးဆယ်ကျော် သေဆုံးခဲ့ပါတယ် ၂၀၁၈ခုနှစ် မှာတော့ရောဂါ သံသယရှိသူ သုံးရာကျော်ရှိပြီး သေဆုံးမှု မရှိခဲ့ပါဘူး။

အာဖရိက ကွန်ဂိုမှာ အီဘိုလာရောဂါ စိုးရိမ်စရာအဖြစ်ကြေညာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဖရိက ကွန်ဂိုမှာ အီဘိုလာရောဂါ စိုးရိမ်စရာအဖြစ်ကြေညာ

အာဖရိက ကွန်ဂိုမှာ အီဘိုလာရောဂါ စိုးရိမ်စရာအဖြစ်ကြေညာ

အာဖရိကက ကွန်ဂိုဒီမိုကရက်တစ် သမ္မတ နိုင်ငံမှာ အီဘိုလာရောဂါ ဖြစ်ပွားမှုကို အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးအတွက် စိုးရိမ်စရာ အခြေအနေအဖြစ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ကြေညာလိုက်ပါတယ်။

အခုလို ကြေညာလိုက်တဲ့အတွက် ချမ်းသာတဲ့ အလှူရှင်နိုင်ငံတွေဟာ ငွေကြေးပိုမို လှူဒါန်းလာဖို့ အားပေးမှုလည်း ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့်လည်း ဒေသအတွင်းကို ရောဂါ ပျံ့နှံ့နိုင်တဲ့ အန္တရာယ် မမြင့်မားနိုင်လို့ ဒီလိုကြေညာချက်ကြောင့် နယ်စပ်တွေ ပိတ်ဆို့တာမျိုး မလုပ်ဖို့ကိုတော့ WHO ဘက်က တိုက်တွန်းထားပါတယ်။

ကွန်ဂိုနိုင်ငံတစ်နိုင်ငံတည်းမှာတင် အီဘိုလာ ရောဂါကြောင့် သေဆုံးသူ ၁၆၀၀ ကျော်အထိ ရှိနေတာပါ။ အီဘိုလာရောဂါဖြစ်ပွားမှု အခြေအနေကို ကမ္ဘာတဝန်းလုံးအနေနဲ့ သတိထားဖို့ အချိန်ကျပြီလို့ WHO အကြီးအကဲ Tedos Adhanom က ဆိုပါတယ်။

အီဘိုလာဟာ ရုတ်တရက်ဖျားတာ အလွန်အမင်း အားနည်းတာ ကြွက်သားနာကျင်တာနဲ့ လည်ချောင်းနာတာတွေ အစောပိုင်းမှာ ဖြစ်စေတဲ့ဗိုင်းရပ်စ် တစ်မျိုးပါ။

နောက်တစ်ဆင့်မှာတော့ အန်တာ ဝမ်းသွားတာနဲ့ ခန္ဓာကိုယ်တွင်း သွေးယိုတာတွေ ဖြစ်ပါတယ်။

ဒါကြောင့် လူနာတွေဟာ ရေဓာတ် ဆုံးရှုံးတာနဲ့ ကိုယ်အင်္ဂါတွေ အလုပ်မလုပ်တော့ရာကနေ သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။