NCA မှာ KNPP လက်မှတ်ထိုးရေး အစိုးရဘက်က လိုအပ်ချက်ရှိလို့ဆို

ဓာတ်ပုံ ရင်းမြစ်, MYANMAR STATE COUNSELLOR OFFICE
ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ KNPP အနေနဲ့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ် ထိုးဖို့ ကိစ္စမှာ အစိုးရဘက်က အစီအမံနဲ့ အခင်းအကျင်း လိုအပ်ချက်တွေ ရှိနေတယ်လို့ KNPP ဒုဥက္ကဋ္ဌ ခူးဦးရယ်က ဘီဘီစီကို ပြောပါတယ်။
KNPP အနေနဲ့ NCA စာချုပ်မှာ လက်မှတ်ထိုးဖို့ကိစ္စမှာ ရှိနေတဲ့ အခက်အခဲတွေကို ကျော်လွှားဖို့ လိုအပ်နေတယ်လို့လည်း ခူးဦးရယ်က ပြောပါတယ်။
အရင်ကတော့ NCA စာချုပ်မှာ လက်မှတ်ထိုးဖို့ ကိစ္စမှာ ဒီစာချုပ်နဲ့ ပတ်သက်ပြီး KNPP ခေါင်းဆောင်တွေ အကြား သဘောတူညီမှုရဖို့၊ ဒေသတွင်း နိုင်ငံရေး လှုပ်ရှားခွင့်ရမှုနဲ့ KNPP တပ်သားတွေ လွိုင်ကော်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အသတ်ခံရမှုကို တပ်မတော်ဘက်က အရေးယူမှုတွေ အပေါ်မှာ မူတည်တယ်လို့ ပါတီ အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ဘီဘီစီကို ပြောထားပါတယ်။
KNPP ဟာ NCA စာချုပ်မှာ လက်မှတ်ထိုးတဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST နဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့မှာ ဇွန်လ ၁၄ ရက်နေ့က ဆွေးနွေးခဲ့ပြီး ပြီးခဲ့တဲ့ ၂ နှစ် အတွင်း NCA နဲ့ ပတ်သက်တဲ့ လုပ်ငန်းဆိုင်ရာ အခြေအနေတွေကို PPSTက KNPP ပါတီ ဗဟို ကော်မတီတွေကို ဖလှယ်ခဲ့တယ်လို့ ခူးဦးရယ်က ပြောပါတယ်။

PPSTဘက်က NCA စာချုပ်မှာ လက်မှတ်ထိုးဖို့ တိုက်တွန်းတာတော့ မရှိခဲ့ဘဲ KNPP ဘက်က ရှိနေတဲ့ အခက်အခဲကိုပဲ မေးမြန်းခဲ့တယ်လို့လည်း သူက ပြောပါတယ်။
KNPP ဟာ ငြိမ်းချမ်းရေးလိုလားပြီး အစိုးရ ဦးဆောင်တဲ့ NCA စာချုပ် လုပ်ငန်းစဉ်ဟာ ငြိမ်းချမ်းရေးမှာ အရေးပါတဲ့ အဆင့် တဆင့် ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
KNPPနဲ့ တွေ့ဆုံခဲ့တဲ့ PPSTအဖွဲ့မှာ NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ ဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ ကရင် အမျိုးသား အစည်းအရုံး-ကရင်လွတ်မြောက်ရေး တပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ပါဝင်ပါတယ်။




