အင်ဒိုနီးရှားအာဏာရှင်ဟောင်း ဆူဟာတိုကို 'အမျိုးသားသူရဲကောင်း' ကြေညာ

၂၀၀၈ မှာ ကွယ်လွန်တဲ့ ဆူဟာတိုရဲ့ ပုံရိပ်ကြောင့် ကနေ့ အင်ဒိုနီးရှားမှာ ကွဲလွဲမှုတွေ ဆက်ရှိနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၀၈ မှာ ကွယ်လွန်တဲ့ ဆူဟာတိုရဲ့ ပုံရိပ်ကြောင့် ကနေ့ အင်ဒိုနီးရှားမှာ ကွဲလွဲမှုတွေ ဆက်ရှိနေ
    • ရေးသားသူ, ဂျော်နသန်ဟက်
    • ရာထူးတာဝန်, အရှေ့တောင်အာရှ သတင်းထောက်
    • ရေးသားသူ, ခိုယွီး

အာဏာရှင်ဆိုတဲ့ အငြင်းပွားဖွယ် ပုံရိပ်ကြောင့် အပြင်းအထန် ကန့်ကွက်ဆန္ဒပြမှုတွေ ရှိနေတဲ့ကြားက အင်ဒိုနီးရှား သမ္မတဟောင်း ဆူဟာတိုကို အမျိုးသားသူရဲကောင်းအဖြစ် အစိုးရက ကြေညာခဲ့ပါတယ်။

ဆူဟာတိုခေတ် ၁၉၆၀ ကျော်ကနေ ၁၉၉၀ ကျော်အတွင်း အင်ဒိုနီးရှားမှာ စီးပွားရေး အမြန် ဖွံ့ဖြိုးခဲ့ပေမယ့် နိုင်ငံရေး ဖိနှိပ်မှုတွေလည်း ပြင်းထန်ခဲ့ပါတယ်။ သိန်းနဲ့ချီတဲ့ နိုင်ငံရေး အတိုက်အခံတွေလည်း ဒီကာလမှာ အသတ်ဖြတ်ခံရတယ်လို့ ခန့်မှန်းပါတယ်။

အင်ဒိုနီးရှားမှာ နှစ်စဉ် ချီးမြှင့်တဲ့ အမျိုးသား သူရဲကောင်းဆုက နိုင်ငံ့အကျိုးအတွက် ပါဝင်ဆောင်ရွက်ခဲ့သူတွေကို ဂုဏ်ပြုတာ ဖြစ်ပါတယ်။

လက်ရှိ သမ္မတလည်းဖြစ်၊ ဆူဟာတိုရဲ့ သမက်ဟောင်းလည်းဖြစ်တဲ့ ပရာဘိုဝို ဆူဘီယံတိုကိုယ်တိုင် ဒီနှစ်အတွက် လူ ဆယ်ယောက်ကို ဒီဘွဲ့တွေ ချီးမြှင့်ခဲ့ပါတယ်။

အောက်တိုဘာလက ဒီဘွဲ့ အပ်နှင်းဖို့အတွက် ဆူဟာတိုအပါအဝင် လူ ၅၀ နီးပါးကို လူမှုရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနတွေက အဆိုပြုခဲ့ကြပါတယ်။

ဒီဘွဲ့ကို ဂျကာတာက နိုင်ငံတော် နန်းတော်မှာ ဆူဟာတိုရဲ့ သားသမီးတွေ တက်ယူခဲ့ကြပါတယ်။

ဆူဟာတိုဟာ အင်ဒိုနီးရှား လွတ်လပ်ရေး လှုပ်ရှားမှုကာလမှာ ထိပ်တန်း ရောက်လာခဲ့ပြီး ၁၉၄၅ က ဂျော့ဂျာကာတာ တိုက်ပွဲမှာ ဂျပန်တပ်တွေကို လက်နက်ဖြုတ်ဖို့ ဦးဆောင်ခဲ့ကြောင်း အင်ဒိုနီးရှား သမ္မတရုံးရဲ့ ဆုပေးပွဲ တိုက်ရိုက် ထုတ်လွှင့်မှုမှာ ပါရှိပါတယ်။

ဆူဟာတိုကို အမျိုးသား သူရဲကောင်းအဖြစ် ဂုဏ်ပြုတာက အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ သိသာတဲ့ ကန့်ကွက်ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်ရပါတယ်။ ဆူဟာတိုခေတ်မှာ ဖိနှိပ်ခံခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြတာပါ။

အရင်သီတင်းပတ်က ဂျကာတာမှာ လူ တရာလောက် စုဝေးပြီး ဆူဟာတိုကို အမည်စာရင်းသွင်းမှုကို ကန့်ကွက်ကြသလို လူ တသောင်းခြောက်ထောင်နီးပါးက အင်တာနက်မှာ လက်မှတ်ထိုးပြီး ကန့်ကွက်ကြပါတယ်။

ဒီလိုဆုပေးတာဟာ ဆူဟာတို အာဏာရှင်ခေတ်က ဒုစရိုက်တွေကို ဆေးကြောဖို့ ကြိုးစားတာ ဖြစ်ပြီး သမိုင်းကို ဖျောက်ဖျက်ဖို့ ကြံတာဖြစ်ကြောင်း အင်ဒိုနီးရှား လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ကွန်မြူနစ်လို့ မသင်္ကာသူတွေကို ဖမ်းဆီးချုပ်နှောင်သတ်ဖြတ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကွန်မြူနစ်လို့ မသင်္ကာသူတွေကို ဖမ်းဆီးချုပ်နှောင်သတ်ဖြတ်ခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သမ္မတဟောင်း ဆူဟာတိုကို အမျိုးသား သူရဲကောင်း ပေးမှုကိစ္စက အမြဲ အငြင်းပွားစရာ ရှိပြီး ပရာဘိုဝိုက ပေးတဲ့အတွက် နှစ်ဆ ပြောစရာ ရှိလာပါတယ်။ သူတို့နှစ်ယောက်လုံးရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေကလည်း ဖုံးထားလို့မရပါဘူး။

ဆူဟာတို အာဏာသိမ်းခဲ့တဲ့ ၁၉၆၅ တုန်းက သွေးချောင်းစီးခဲ့ပြီး အင်ဒိုနီးရှား သမိုင်းမှာ အနည်းဆုံး လူ ငါးသိန်းလောက် ကွန်မြူနစ်လို့ စွပ်စွဲ သတ်ဖြတ်ခံခဲ့ရပါတယ်။

သူ့သက်တမ်း နှစ် ၃၀ ကျော်အတွင်း ညှဉ်းပန်းမှု၊ လူတွေ ပျောက်ဆုံးမှုနဲ့ အရပ်ဘက် လွတ်လပ်ခွင့်တွေ ဖိနှိပ်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။ အရှေ့တီမောကို အရင် နှစ် ၅၀ က သိမ်းပိုက်ခဲ့မှုကလည်း စစ်အေးခေတ် စစ်ဆင်ရေးတွေမှာ အရက်စက်ဆုံးတခုအဖြစ် တင်ကျန်ခဲ့ပါတယ်။

ဆူဟာတိုက ခေတ်သစ် အင်ဒိုနီးရှားကို ပုံဖော်ပေးခဲ့တာက ငြင်းစရာ မရှိပါဘူး။ အင်အားပြင်းပြင်းထန်ထန် သုံးဖို့ လက်မနှေးတဲ့ ဆူဟာတိုက နိုင်ငံ ဖွံ့ဖြိုးတည်ငြိမ်မှုရအောင် ဦးစားပေးခဲ့ပါတယ်။

လာဘ်စားမှုက ထိပ်ပိုင်းမှာ ကြီးစိုးပေမယ့် စီးပွားရေးမှာ ဆူဟာတို အကြီးအကျယ် အောင်မြင်ခဲ့ပါတယ်။

သူ့သက်တမ်း နှစ် ၃၀ ကျော်အတွင်း အင်ဒိုနီးရှား စီးပွားရေးက နှစ်စဉ် ၇ ရာခိုင်နှုန်းလောက် တက်လာခဲ့ပြီး ငွေဖောင်းပွမှုကလည်း ၁၉၆၆ က ၆ဝဝ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်ထိ ကျသွားခဲ့ပါတယ်။

အင်ဒိုနီးရှားဟာ အခု အရှေ့တောင်အာရှရဲ့ စီးပွားရေး အင်အား အကြီးဆုံး နိုင်ငံ ဖြစ်နေပါတယ်။

ဆူဟာတိုက တိုးတက်မှုရဲ့ ဖခင်လို့ ခေါ်ဆိုခံရတာကို ဂုဏ်အယူဆုံး ဖြစ်ပေမယ့် သူအာဏာရှိတုန်း ဒေါ်လာဘီလျံနဲ့ချီပြီး ရယူတယ်ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။

၁၉၉၈ ဘဏ္ဍာရေး အကျပ်အတည်းမှာ တခဲနက် အုံကြွမှုနဲ့ ဆူဟာတို ရင်ဆိုင်ခဲ့ရပြီး ရာထူးက ဆင်းပေးကာ အတော်အသင့် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှု ဖြစ်စေခဲ့ပါတယ်။

ကနေ့ခေတ် အင်ဒိုနီးရှား အများအပြားက ဆူဟာတိုခေတ်ရဲ့ ကောင်းကျိုးတွေကိုပဲ ပိုမှတ်မိကြပြီး ၂၀၀၈ ခုနှစ် သူ အသက် ၈၆ နှစ်မှာ ကွယ်လွန်ချိန်မှာတော့ နိုင်ငံတော် စျာပန ကျင်းပပေးခဲ့ကြပါတယ်။

ဆယ်စုနှစ် တစုကျော်အောင် ဆူဟာတို ထောက်ခံသူတွေက သူ့ကို အမျိုးသားသူရဲကောင်း စာရင်းသွင်းဖို့ တောင်းဆိုခဲ့ကြပေမယ့် ဆူဟာတိုရဲ့ ရှုပ်ထွေးတဲ့ နောက်ကြောင်းကြောင့် မအောင်မြင်ခဲ့ပါဘူး။

မနှစ်က သူ့သမက်ဟောင်း ပရာဘိုဝို ရွေးကောက်ပွဲနဲ့ အာဏာရလာပြီးနောက် သမိုင်းကို ပြန်ပြင်မလား စိုးရိမ်ခဲ့ကြပါတယ်။

ပရာဘိုဝိုရဲ့ ရွေးကောက်ပွဲ အောင်ပွဲခံ မိန့်ခွန်းမှာလည်း အရင်အာဏာရှင်အစိုးရကို ချီးကျူးပြောဆိုခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သူ့အစိုးရက သမိုင်းစာအုပ်သစ်တွေ ထုတ်ဖို့ ကြိုးစားခဲ့ပြီး ဒီစာအုပ်တွေက ဆူဟာတိုခေတ်ရဲ့ ရက်စက်မှုတွေကို မှေးမှိန်ထားတယ်ဆိုပြီး ဝေဖန်ခံရပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ကိုယ်တိုင်လည်း ဆူဟာတိုခေတ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံခဲ့ရပါတယ်။

ဆူဟာတိုခေတ် ကုန်ခါနီး ၁၉၉၀ ပြည့်လွန်နှောင်းပိုင်းနှစ်တွေက ဒီမိုကရေစီလှုပ်ရှားသူအများအပြားကို ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ တပ်ကို ဦးဆောင်ခဲ့တယ်ဆိုပြီး ပရာဘိုဝို နာမည်ပျက်ခဲ့ပါတယ်။

ဒီအဖမ်းခံရတဲ့ လူ ၂၃ ယောက်ထဲက တဦးသေဆုံးပြီး ၁၃ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ဆူဟာတိုရဲ့ သမက်ဟောင်း သမ္မတ ပရာဘိုဝို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆူဟာတိုရဲ့ သမက်ဟောင်း လက်ရှိ သမ္မတ ပရာဘိုဝို

တချိန်တည်းမှာပဲ ဆူဟာတိုရဲ့ အတိုက်အခံတွေထဲက အင်ဒိုနီးရှားရဲ့ စတုတ္ထသမ္မတ အဗ္ဗဒူရာမန် ဝါဟစ်နဲ့ အလုပ်သမားအရေး လှုပ်ရှားသူ အမျိုးသမီး မာစီနာတို့လည်း အမျိုးသား သူရဲကောင်း ကြေညာခံရသူတွေထဲ ပါလာခဲ့ပါတယ်။ ဒီလို ဆုနှင်းတာဟာ လူ့အခွင့်အရေးသမားတွေကို ပျားရည်နဲ့ ဝမ်းချတာလည်း ဖြစ်နိုင်ပါတယ်။

စက်ရုံအလုပ်သမားနဲ့ တက်ကြွလှုပ်ရှားသူ မာစီနာဟာ ၁၉၉၃ က ပြန်ပေးဆွဲခံရပြီး သတ်ဖြတ် ခံခဲ့ရပါတယ်။ ဒီသေဆုံးမှုက ဆူဟာတိုခေတ် ဖိနှိပ်မှုနဲ့ အင်ဒိုနီးရှား အလုပ်သမား အခွင့်အရေး တိုက်ပွဲမှာ သင်္ကေတ ဖြစ်လာခဲ့ပါတယ်။

၂၀၀၉ က ကွယ်လွန်တဲ့ ဝါဟစ်နဲ့ ဆူဟာတိုကြားမှာ မပြေလည်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ ဆူဟာတိုကို လူသိရှင်ကြား စိန်ခေါ်တတ်တဲ့ ဝါဟစ်က လက်တွေ့ကျတဲ့ ပူးပေါင်းမှုကိုတော့ ထိန်းထားခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကွဲပြားမှုတွေကို သည်းခံဖို့အတွက် လစ်ဘရယ်ကျကျ ရပ်တည်ခဲ့ပြီး ပိုပြီး ဒီမိုကရေစီနည်းကျတဲ့ အင်ဒိုနီးရှား နိုင်ငံဖြစ်လာဖို့ သူ ဆော်သြခဲ့ပါတယ်။