ဝန်ကြီး ၁၀၀ ကျော်ခန့်ပြီး အင်ဒိုသမ္မတသစ်ကျမ်းကျိန်

အောက်တိုဘာလ ၂၁ ရက် ကျမ်းကျိန်ပွဲမှာ မြင်ရတဲ့ပရာဘိုဝို၊ သူ့နောက်မှာတော့ တာဝန်ပြီးသွားပြီဖြစ်တဲ့ သမ္မတဟောင်း ဂျိုကိုဝီကို မြင်ရပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အောက်တိုဘာလ ၂၁ ရက် ကျမ်းကျိန်ပွဲမှာ မြင်ရတဲ့ပရာဘိုဝို

အင်ဒိုနီးရှားနိုင်ငံမှာတော့ စစ်ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယံတိုဟာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး ၁၉၆၀ ပြည့်နှစ်နှောင်းပိုင်းကတည်းကဆိုရင် နိုင်ငံ့သမိုင်းမှာ ဝန်ကြီးအများဆုံးပါတဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။

ဆယ်စုနှစ်တွေနဲ့ကြာအောင် လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်ခဲ့သူလို့ စွပ်စွဲခံထားရတဲ့ ဗိုလ်ချုပ်ကြီးဟောင်းဟာ မြို့တော် ဂျာကာတာမှာ သမ္မတအဖြစ် ဒီနေ့ ကျမ်းသစ္စာ ကျိန်ဆိုချိန်မှာတော့ အသက် ၇၃ နှစ်အရွယ်ရှိပြီ ဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ စစ်တပ်အုပ်ချုပ်မှုစွက်ဖက်မှုမရှိတော့တဲ့နောက် နိုင်ငံရဲ့ ၈ ယောက်မြောက် သမ္မတ အဖြစ် တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။

ပရာဘိုဝို ဆူဘီယံတို ကျမ်းကျိန်ဆိုလိုက်ပြီဖြစ်တာကြောင့် ဂျိုကိုဝီ လို့ အများသိကြပြီး နိုင်ငံ့စီးပွားရေးနဲ့ အခြေခံအဆောက်အအုံတိုးတက်ရေးကို ဆယ်စုနှစ်တစ်ခုကျော် လုပ်ဆောင်ခဲ့တဲ့ သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ ခေတ်လည်း အဆုံးသတ်ပြီဖြစ်ပါတယ်။

ပရာဘိုဝိုဟာ သမ္မတဖြစ်ဖို့ ကြိုးပမ်းတာ ၂ ကြိမ်တိုင်တိုင် မအောင်မြင်ခဲ့ပေမဲ့ ဖေဖော်ဝါရီလတုန်းက ကျင်းပခဲ့တဲ့ အင်ဒိုနီးရှားရွေးကောက်ပွဲမှာ မဲ ၅၈ ရာခိုင်နှုန်းကို အနိုင်ရခဲ့ပြီး သမ္မတဖြစ်ခဲ့ပါတယ်။

တနင်္ဂနွေနေ့က နိုင်ငံကိုပြောခဲ့တဲ့မိန့်ခွန်းမှာတော့ နိုင်ငံတွင်းက အကျင့်ပျက်ခြစားမှု၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး ဦးစားပေးလုပ်မယ်၊ အင်ဒိုနီးရှားနိုင်ငံသားအားလုံးအတွက် သမ္မတဖြစ်လာစေရမယ်လို့ သူက ကတိပြုပြောပါတယ်။

“လွတ်လပ်တဲ့နိုင်ငံကပဲ လွတ်လပ်တဲ့ပြည်သူတွေကို ရှိစေတယ်ဆိုတာကို ကျွန်တော်တို့ အားလုံးသဘောပေါက်ရမယ်''လို့ လည်း သူက တစ်နာရီနီးပါးကြာတဲ့မိန့်ခွန်းမှာ ခပ်ပြတ်ပြတ်ပြောပါတယ်။

"လူထုအားလုံးက ကြောက်ရွံ့မှု၊ ဆင်းရဲမှု၊ ငတ်မွတ်မှု၊ ဖိနှိပ်မှု တွေကနေ လွတ်မြောက်ရမယ်" လို့ ပရာဘိုဝို ဆူဘီယံတိုက သူ့ရဲ့ ဒုတိယသမ္မတဖြစ်လာတဲ့ ဂျိုကိုဝီဒိုဒိုရဲ့ သားအကြီးဖြစ်သူနဲ့ ကျမ်းသစ္စာကျိန်ဆိုချိန်မှာထည့်ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ သမ္မတဟောင်း ဂျိုကိုဝီဒိုဒိုရဲ့ အကြီးဆုံးသားဖြစ်သူ ဂစ်ဘ် ဘရန် ရာကာဘူမင်း ရာခါဟာ ပရာဘိုဝို ဆူဘီယံတိုနဲ့ ပြိုင်ဖက်ဖြစ်ခဲ့ပါတယ်။ ပရာဘိုဝို ဆူဘီယံတို မဲအသာရပြီးနိုင်ခဲ့တာကြောင့် ဒုတိယမဲများတဲ့ ပါတီက ဂစ်ဘ် ဘရန် ရာကာဘူမင်း ရာခါ က ဒုတိယသမ္မတဖြစ်လာတာပါ။

ကျမ်းသစ္စာကျိန်ဆိုပြီး အလေးပြုနေတဲ့ အထူးတပ်ဖွဲ့ရဲ့ တပ်မှူးဟောင်းပရာဘိုဝို ဆူဘီယံတို

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကျမ်းသစ္စာကျိန်ဆိုပြီး အလေးပြုနေတဲ့ အထူးတပ်ဖွဲ့ရဲ့ တပ်မှူးဟောင်းပရာဘိုဝို ဆူဘီယံတို

အစိုးရအဖွဲ့ဝင်များတိုင်း အလုပ်ဖြစ်မလား

ကျမ်းသစ္စာကျိန်ဆိုပွဲက သမ္မတပရာဘိုဝို ဆူဘီယံတို

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကျမ်းသစ္စာကျိန်ဆိုပွဲက သမ္မတပရာဘိုဝို ဆူဘီယံတို
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပရာဘိုဝို ရဲ့ အစိုးရအဖွဲ့ထဲမှာ ဝန်ကြီး ၄၈ ဦးနဲ့ ဒုဝန်ကြီး ၅၈ ဦးတို့ ပါဝင်ပြီး လူပေါင်း ၁၀၀ ကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ ဂျိုကိုဝီ အစိုးရအဖွဲ့မှာတော့ ဝန်ကြီး ၃၄ ဦးနဲ့ ဒုဝန်ကြီး ၃၀ တို့ရှိခဲ့ပါတယ်။ ဒါကြောင့် နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ပရာဘိုဝို အစိုးရအဖွဲ့ဟာ အစိုးရအဖွဲ့ ဝင် အများဆုံးဖြစ်လာပါတယ်။

ဂျိုကိုဝီအစိုးရအဖွဲ့တုန်းက ဘဏ္ဍာရေးဝန်ကြီး နဲ့ စီးပွားရေးဝန်ကြီး တို့ကို ပရာဘိုဝို အစိုးရအဖွဲ့မှာ ပြန်ခန့်အပ်ထားပါတယ်။

ဒါကိုကြည့်ရင် အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှက သူ့ရဲ့ အကြီးဆုံးစီးပွားရေးအင်အားကို ဆက်ပြီးထိန်းထားနိုင်ဖို့နဲ့ တည်မြဲနေဖို့ ကြိုးစားတယ်ဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။

''ကမ္ဘာလုံးဆိုင်ရာ အလှုပ်အခတ်တွေ၊ ကမောက်ကမဖြစ်မှုတွေနဲ့ ရှုပ်ထွေးမသေချာမှုတွေကြားမှာ အင်ဒိုနီးရှားရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကလည်း လွယ်ကူတဲ့ကိစ္စတွေ မဟုတ်ဘူး'' လို့ ပရာဘိုဝို ကပြောပါတယ်။

ပရာဘိုဝို အစိုးရအဖွဲ့မှာ ဝန်ကြီးဟောင်းတချို့ကို ပြန်ခန့်တဲ့အပေါ် အင်ဒိုနီးရှားက နိုင်ငံရေးသိပ္ပံပညာရှင် ဘာဟန်အူဒင် မက်ဟာဒီကတော့ "သူက စိန်ခေါ်ချက်အသစ်တွေနဲ့ အန္တရာယ်တွေကို နောက်ထပ် မစွန့်စားချင်တဲ့သဘောပါပဲ'' လို့ ထောက်ပြပါတယ်။

"ဒါကြောင့် သူက ဂျိုကိုဝီလက်အောက်မှာ တာဝန်ထမ်းခဲ့တဲ့ဝန်ကြီးတွေထဲက အဓိကကျတဲ့နေရာက ပုဂ္ဂိုလ်တွေကို ပြန်ရွေးချယ်ခဲ့တာပါ" မက်ဟာဒီကပြောပါတယ်။

လေ့လာအကဲခတ်တချို့ကတော့ အစိုးရအဖွဲ့ ကြီးကြီးဖွဲ့တိုင်း အစိုးရလုပ်ငန်းစဥ်တွေလည်ပတ်မှုမှာ ထိရောက်မှုမရှိနိုင်ဘူးလို့ သုံးသပ်ကြပါတယ်။

“လူအများကြီးနဲ့ ဖောင်းပွနေတဲ့အစိုးရအဖွဲ့ကြောင့် ဗျူရိုကရေစီယန္တရားကိုပိုပြီး ရှည်လျားစေသလို ရှုပ်ထွေးစေနိုင်တယ်လို့ ပြည်သူ့မူဝါဒရေးရာ ပညာရှင် မစ္စ လီနာ မစ်တာဟူ ဂျာနက် က ဘီဘီစီ အင်ဒိုနီးရှားကို ဖြေပါတယ်။

မတူညီတဲ့ဝန်ကြီးဌာနတွေကို ပြန်လည်ဖွဲ့စည်းပြီး လူအရင်းအမြစ်ကို စိစစ်သင့်ပါတယ်။

“အဲဒါက ပိုက်ဆံ ကုန်ရုံတင်မကဘူး အင်အားလည်း အများကြီး ဆုံးရှုံးတယ်” လို့ မစ္စ လီနာ မစ်တာဟူ ဂျာနက်က ပြောပါတယ်။

အစိုးရအဖွဲ့သစ်ဟာ သူတို့ စတင်တာဝန်ထမ်းဆောင်တဲ့ ပထမ ၃ ရက်ကို ဂျာဗားအလယ်ပိုင်းရှိ စစ်တပ် အကယ်ဒမီကျောင်းမှာ အချိန်ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဝန်ကြီးတွေနဲ့ ဒုတိယဝန်ကြီးတွေဟာ စစ်တပ်အကယ်ဒမီကျောင်းက ရွက်ဖျင်တဲမှာ ၃ ရက် အတူ ကုန်ဆုံးကြပြီး ပရာဘိုဝိုအစိုးရအဖွဲ့ရဲ့ ရှေ့ အမြင်ကို နားလည်ဖို့ကြိုးစားကြမှာ ဖြစ်ပါတယ်။

ပရာဘိုဝိုဟာ ချမ်းသာတဲ့ နိုင်ငံရေးမိသားစုက မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူဟာ အင်ဒိုနီးရှားအစိုးရအဖွဲ့မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ နာမည်ကျော် ဘောဂဗေဂပညာရှင်တစ်ဦးရဲ့သားလည်း ဖြစ်ပါတယ်။

သူ့ဖခင်ဟာ ၁၉၅၇ ခုနှစ်မှာ အငြင်းပွားစရာကိစ္စနဲ့ နိုင်ငံက ထွက်ခွာသွားတဲ့အခါ သူလည်း လိုက်ပါသွားပြီး ဥရောပမှာ ဆယ်စုနှစ်တစ်ခုလောက် ပြည်ပြေးအဖြစ် နေထိုင်ခဲ့ပါတယ်။

မိခင်နိုင်ငံပြန်ရောက်ပြီးနောက် သူဟာ စစ်တပ်ထဲဝင် အမှုထမ်းပြီး ရာထူးခပ်မြန်မြန်တိုးကာ အင်ဒိုနီးရှား အထူးတပ်ဖွဲ့ ကိုပတ်ဆပ်စ်မှာ အရာရှိကြီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

အဲ့ဒီအချိန်မှာတော့ သူဟာ တပ်ဖွဲ့ဝင်အဖြစ် တာဝန်ကျဖူးတဲ့ အရှေ့တီမောမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံနေရပါပြီ။

အရှေ့တီမောက လူ့အသက်ရာပေါင်းများစွာ သေဆုံးခဲ့တယ်ဆိုတဲ့ စစ်ဆင်ရေးတွေမှာ သူ ဘယ်အခန်းကဏ္ဍက ပါခဲ့တယ်ဆိုတာကို သက်သေမပြနိုင်ခဲ့ပါဘူး။

သူကလည်း စွပ်စွဲချက်တွေကို ငြင်းပယ်ထားပါတယ်။ ဒါပေမဲ့ အဲဒီအမည်းစက်ဟာ သူ့ သက်တမ်းတလျှောက် အရိပ်ထိုးနေဆဲပါပဲ။

သူဟာ ဆူဟာတိုရဲ့ သမီးတစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး အာဏာရှင်ရဲ့ အတွင်းစည်းဝင်ဖြစ်ခဲ့ပါတယ်။

ပရာဘိုဝို ဆူဘီယံတိုရဲ့ နာမည်ကြားတာနဲ့တင် အင်ဒိုနီးရှားနိုင်ငံသားတွေ ကျောချမ်းခဲ့ကြတဲ့ အချိန်တစ်ခုရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုတော့ လူဦးရေ သန်း ၆၀၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားမှာ သူ သမ္မတဖြစ်လာခဲ့ပါပြီ။