ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန်ကို တိုက်ခိုက်မှု နဲ့ ပင်လယ်ကွေ့ ဒေသ အကျိုးဆက်
အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က စစ်ရေး တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီးနောက် ဘာသာရေး ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးပြီး ၃ ရက်အကြာမှာ ပင်လယ်ကွေ့ တစ်လျှောက်မှာ ပိုမိုကြီးမားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ် စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ ၂ ရက်အတွင်းမှာ အစ္စရေးနဲ့ အမေရိကန်တို့ဟာ အီရန်ရဲ့ မြို့တော် တီဟီရန်ထဲက အဆောက်အအုံ တစ်ခု အပါအဝင် နေရာအတော်များများကို ပြင်းထန်တဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေ စတင် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် အီရန်ရဲ့ အမြင့်ဆုံး ခေါင်းဆောင် နဲ့ တခြား အကြီးတန်း ကာကွယ်ရေး ခေါင်းဆောင်တွေ သေဆုံးခဲ့ပါတယ်။ အီရန် ဘက်ကလည်း ပြန်လည် လက်တုံ့ပြန်တဲ့ အနေနဲ့ ပင်လယ်ကွေ့ တစ်လျှောက်က အမေရိကန် အခြေစိုက် စခန်းတွေ ရှိတဲ့ ကာတာ၊ ယူအေအီး၊ ဘာရိန်း၊ ကူဝိတ် နဲ့ ဆော်ဒီအာရေဗျ နိုင်ငံတွေ ဆီကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ အီရန် ပဋိပက္ခရဲ့ အကျိုးဆက် အဖြစ် လက်ဘနွန်မှာလည်း တိုက်ပွဲတွေ ဖြစ်ပေါ် ခဲ့ပါတယ်။ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟဇ်ဘိုလာ အဖွဲ့က ရော့ကတ်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အစ္စရေးက တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဘေရွတ်မှာ ရှိတဲ့ ဟဇ်ဘိုလာ အဖွဲ့ရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ယောက်ကို တိတိကျကျ ပစ်ခတ် ခြေမှုန်း နိုင်ခဲ့တယ်လို့လည်း အစ္စရေး စစ်တပ်ဘက်က ပြောကြားပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန် နိုင်ငံမှာ လူ ၅၅၀ ကျော် သေဆုံးခဲ့ရကြောင်း လခြမ်းနီ ကြက်ခြေနီ အဖွဲ့ကြီးက ပြောကြားပါတယ်။ အဲဒီထဲမှာ အီရန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပါဝင်ခြင်း ရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဘီဘီစီ သတင်းထောက် ဂျိုး အင်ဝုဒ် ရဲ့ သတင်းကို ကိုဝေဖြိုးက ပြောပြပေးမှာပါ။