ရိုဟင်ဂျာ လေးရာ ပင်လယ်ထဲမျော - ဒီဇင်ဘာ ၂ ရက် ညချမ်း ကမ္ဘာ့ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရိုဟင်ဂျာ လေးရာလောက်ကို အပြည့်အသိပ် တင်ဆောင်လာတဲ့ လှေနှစ်စီး ကပ္ပလီပင်လယ်ထဲ မျောပါနေတယ်လို့ ယူဆကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
စက်ချို့ယွင်းမှု ပြဿနာရှိတဲ့ ဒီလှေတွေကို ရှာဖွေ ကယ်ဆယ်ကြဖို့ အရှေ့တောင်အာရှ နိုင်ငံတွေကို ပန်ကြားထားပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက အများစုလာကြတဲ့ ရိုဟင်ဂျာ တထောင်လောက် အင်ဒိုနီးရှားကို ပြီးခဲ့တဲ့ သီတင်းပတ်တွေက ဆိုက်ရောက်ခဲ့ကြပါတယ်။
စနေနေ့က ထပ်ထွက်လာသူတွေလည်း ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစ္စရေးနဲ့ ဟားမတ်စ်ကြား ယာယီအပစ်ရပ်စဲမှု သောကြာနေ့က ပျက်သွားပြီးနောက် ပထမဆုံး ဝင်လာတဲ့ အကူအညီ ကားတန်း ဂါဇာကို ရောက်လာကြောင်း ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ပြောပါတယ်။
ရာဖာဂိတ်ကို ဖြတ်ပြီး ကားငါးဆယ်လောက် ဝင်ခွင့်ပေးခဲ့တာပါ။
အကူအညီ ပြတ်တောက်မှုက အင်မတန် ဆိုးရွားဆဲ ဖြစ်ကြောင်း ကူညီရေး အဖွဲ့တွေက ပြောပါတယ်။
အစ္စရေးစစ်တပ်က ဂါဇာကို ဗုံးကြဲတာတွေ ထပ်တိုးလုပ်ခဲ့သလို ဟားမတ်စ် ပစ်မှတ် ရာနဲ့ချီ ထိမှန်တယ်လို့လည်း ဆိုပါတယ်။
ဂါဇာ တောင်ပိုင်းက ခန်းယူနစ် မှာ အပြင်းထန်ဆုံး ဗုံးကြဲ ခံရပြီး ဟားမတ်စ် ခေါင်းဆောင်တွေ အဲဒီမှာ ပုန်းနေတယ်လို့ အစ္စရေးက ယူဆပါတယ်။
ကာတာ ဆွေးနွေးပွဲက မော့ဆက်ပြန်ခေါ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကာတာမှာ ကျင်းပနေတဲ့ ဂါဇာစစ် ဆွေးနွေးပွဲ လမ်းဆုံးကို ရောက်နေပြီမို့ သူ့ညှိနှိုင်းရေး အဖွဲ့ကို ပြန်ခဲ့ဖို့ မော့ဆက် အစ္စရေး ထောက်လှမ်းရေး အကြီးအကဲ ဒေးဗစ် ဘာနီယာက အမိန့်ပေးလိုက်ပါတယ်။
ဟားမတ်စ်က အပစ်ရပ်စဲရေး သဘောတူညီမှုကို လိုက်နာဖို့ ပျက်ကွက်တယ်လို့ အစ္စရေး ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီထဲမှာ ဟားမတ်စ် ဖမ်းထားတဲ့ အမျိုးသမီးနဲ့ ကလေးတွေ အားလုံးကို လွှတ်ပေးဖို့ ပါပါတယ်။
ကာတာ၊ အီဂျစ်နဲ့ စီအိုင်အေ ကြားဝင်ပေးမှုနဲ့ အမျိုးသမီးနဲ့ ကလေး ၈၄ ယောက်ကို ဟားမတ်စ်က ပြန်လွှတ်ပေးခဲ့သလို နိုင်ငံခြားသား ၂၄ ယောက်လည်း ပါပါတယ်။
အမျိုးသား တရာ၊ အမျိုးသမီးနဲ့ ကလေး နှစ်ယောက် ခုထိ ဟားမတ်စ် ဂါဇာမှာ ဓားစာခံ လုပ်ထားတဲ့အထဲမှာ ကျန်နေပါသေးတယ်။
ဏုမြူစွမ်းအင် သုံးဆတိုးဖို့ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာကြီး ပူနွေးလာမှုကို တိုက်ဖျက်ဖို့ အဏုမြူ စွမ်းအင်ကို သုံးဆ တိုးမြှင့်ဖို့ ဒူဘိုင်းက COP ၂၈ အစည်းအဝေးမှာ နိုင်ငံ ၂ဝ ကျော် က တောင်းဆိုခဲ့ကြပါတယ်။
အမေရိကန်၊ ယူအေအီး၊ တောင်ကိုရီးယားနဲ့ တခြား ဥရောပ နိုင်ငံအစိုးရတွေက ဒီကြေညာချက်ကို ထောက်ခံခဲ့ကြပါတယ်။
ဒီရာစုနှစ်လယ်မှာ ကာဘွန်စုပ်ယူမှုနဲ့ ထုတ်လွှတ်မှု မျှခြေဖြစ်အောင် အဏုမြူစွမ်းအင် လိုအပ်မှုက သိပ္ပံ အရှိတရား ဖြစ်ကြောင်း အမေရိကန် ရာသီဥတု သံတမန် ဂျွန်ကယ်ရီက ပြောပါတယ်။
ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ရင်ဆိုင်နေရတဲ့ ဆင်းရဲတဲ့ နိုင်ငံတွေအတွက် ကြွေးမြီတွေ ပယ်ဖျက်ပေးဖို့လည်း ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ထိပ်သီးညီလာခံကို သဝဏ်လွှာ ပို့ ဆော်သြခဲ့ပါတယ်။
တရုတ် သက်ရှူလမ်းကြောင်း ကူးစက်မှုမြင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံအနှံ့ ကူးစက်ပြန့်ပွားနေတဲ့ အသက်ရှူလမ်းကြောင်း ရောဂါဟာ ကူးစက်ရောဂါသစ်မဟုတ်ဘူး ဆိုပြီး တရုတ် အစိုးရက ပြောပါတယ်။
တရုတ်ပြည်မှာ ဆေးရုံတက်သူ တိုးလာပြီး ကလေးတွေကြားမှာ အဆုတ်ရောင် အအေးမိရောဂါ ကူးစက်နေတာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မကြာခင်က တရုတ်အစိုးရကို မေးမြန်းခဲ့ပါတယ်။
တရုတ်ကျန်းမာရေး အာဏာပိုင်တွေကတော့ ဘာပိုးသစ်မှ မတွေ့ရဘူးလို့ပဲ ဆိုပါတယ်။
ကိုဗစ် တင်းကျပ်မှုတွေ ရုပ်သိမ်းလိုက်ပြီးနောက် နိုင်ငံတော်တော်များများမှာ အသက်ရှူလမ်းကြောင်းက ကူးစက်တဲ့ ရောဂါတွေ တိုးလာတာကို တွေ့ရပါတယ်။
တရုတ်ပြည်မှာလည်း ကိုဗစ် ထိန်းချုပ်မှု မရှိတဲ့ ပထမဆုံး ဆောင်းတွင်းကို ရောက်နေတာပါ။
ကိုဗစ်ကို တရုတ်ပြည်မှာ စတွေ့တာ ဖြစ်လို့ အဲဒီက ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေက မြင့်တက်နေပါတယ်။
မြောက်သူလျှိုဂြိုဟ်တု မနှောင့်ယှက်ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြောက်ကိုရီးယားက အရင်ပတ်က လွှတ်တင်လိုက်တဲ့ သူလျှိုဂြိုဟ်တုကို အနှောင့်အယှက်မပေးဖို့ အမေရိကန်ကို သတိပေးလိုက်ပါတယ်။
မြောက်ကိုရီးယားက ဒီဂြိုဟ်တု မသုံးနိုင်အောင် အမေရိကန်က လုပ်နိုင်ကြောင်း အမေရိကန်ဘက်က ပြောခဲ့ပါတယ်။
တောင်ကိုရီးယား သူလျှိုဂြိုဟ်တုကို သောကြာနေ့က အောင်မြင်စွာ လွှတ်တင်ပြီးနောက် မြောက်ကိုရီးယားက ဒီလို သတိပေးလိုက်တာပါ။
ကိုရီးယား နှစ်နိုင်ငံကြား အာကာသ အားပြိုင်မှုလည်း ဖြစ်လာပါတယ်။
အခုထိ တောင်ကိုရီးယားက မြောက်ဘက်ကို ထောက်လှမ်းဖို့ အမေရိကန်ဂြိုဟ်တုတွေကို အားကိုးနေရတာ ဖြစ်ပါတယ်။
၂ဝ၂၅ အကုန်မှာ နောက်ထပ် ဂြိုဟ်တု လေးလုံး ထပ်လွှတ်ဖို့လည်း တောင်ကိုရီးယားက ပြင်ဆင်ထားပါတယ်။
ဒါကာ ငလျင်လှုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘင်္ဂလားဒေ့ရှ်မှာ ငလျင်လှုပ်လို့ အနည်းဆုံး အထည်ချုပ်စက်ရုံ လုပ်သား ၇၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ပြင်းအား ၅.၅ ရှိတဲ့ငလျင်ကြောင့် ဒါကာမြို့တော်နဲ့ တခြားမြို့ကြီးတွေက အဆောက်အဦတွေ တုန်ခါသွားပါတယ်။
ကြီးကြီးမားမား ထိခိုက်ပျက်စီးတဲ့ သတင်းတော့ မရပါဘူး။
ငလျင်လှုပ်ချိန်မှာတော့ ဘင်္ဂလားဒေ့ရှ်မြို့ကြီးတွေက အထပ်မြင့်အိမ်ရာ အဆောက်အဦတွေမှာ နေကြတဲ့ လူတွေ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။








