‘‘ကျည်ကာအင်္ကျီ ဝတ်ထားရပြီ’’- အီကွေဒေါ ဒုသမ္မတလောင်း

ဓာတ်ပုံ ရင်းမြစ်, Reuters
အန်ဒရဲယာ ဂွန်ဇာလက်စ် တစ်ယောက် အခုဆို ၂၄ နာရီပတ်လုံး ကျည်ကာအင်္ကျီဝတ်ထားရပါပြီ။
ပြီးခဲ့တဲ့တစ်ပတ်တုန်းက အီကွေဒေါနိုင်ငံ သမ္မတရွေးကောက်ပွဲအတွက် သူ့ရဲ့ Construye ပါတီက သမ္မတလောင်းဖြစ်သူ ဖာနန်ဒို ဗီဂျာဗီ့ဆန်စီယို တစ်ယောက် မြို့တော်ကွေတိုမှာပြုလုပ်တဲ့ မဲဆွယ်စည်းရုံးရေးပွဲတစ်ခုအပြီးမှာ ခေါင်းကို သေနတ်တဲ့ ၃ ချက်ပစ်ခတ်ခံရပါတယ်။
အခုတော့ အသက် ၃၆ နှစ်အရွယ် မစ္စဂွန်ဇာလက်စ်ဟာ သတင်းထောက်တစ်ဦးဖြစ်တဲ့ ခရစ်စီယံ ဇူရီတာနဲ့အတူ ပါတီရဲ့ ဒုတိယသမ္မတလောင်းအဖြစ် အတူယှဥ်ပြိုင်ရတော့မှာဖြစ်ပါတယ်။
''ဖာနန်ဒိုချမှတ်ခဲ့တဲ့လမ်းကြောင်းကို ကျွန်မ ဆက်ပြီးဖော်ဆောင်မယ်'' လို့ မစ္စ ဂွန်ဇာလက်စ်က ဘီဘီစီ Newshour အစီအစဥ်မှာ ပြောပါတယ်။
''ကျွန်မအတွက်တော့ သူဟာ နှုတ်ဆက်ပါတယ်လို့ ပြောမထွက်နိုင်တဲ့တကယ့်အရင်းနှီးဆုံး လူသားတစ်ဦးပါပဲ။ အခုဆို ကျွန်မလည်း ကျည်ကာအင်္ကျီကို ၂၄ နာရီပတ်လုံး ဝတ်ထားရပြီ'' လို့ သူက ပြောပါတယ်။
အသက် ၅၉ နှစ်အရွယ် ဖာနန်ဒို ဗီဂျာဗီ့ဆန်စီယိုဟာ သတင်းထောက်တစ်ဦးဖြစ်သလို အီကွေဒေါ အမျိုးသားညီလာခံအမတ်တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ မြို့တော်မှာပြုလုပ်တဲ့ စည်းရုံးရေးပွဲတစ်ခုက အပြန်မှာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
ရဲနဲ့အပြန်အလှန်ပစ်ခတ်မှုမှာ တိုက်ခိုက်သူတစ်ယောက် သေဆုံးခဲ့ပြီး ကျန်တဲ့လူအတော်များများကတော့ လွတ်မြောက်သွားခဲ့ပါတယ်။
သူ့ရဲ့သေဆုံးမှုဟာ မူးယစ်ဆေးဂိုဏ်းတွေရဲ့အကြမ်းဖက်မှု၊ လူဆိုးဂိုဏ်းတွေကြားကရန်ပွဲတွေ၊ အဂတိလိုက်စားမှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေရဲ့အကျဥ်ခံဘဝကနေ လွတ်မြောက်လာတဲ့အီကွေဒေါနိုင်ငံတဝန်းမှာ အံ့သြထိတ်လန့်မှုဖြစ်ခဲ့ရပါတယ်။
ဒါပေမဲ့ ကိုလံဘီယာနဲ့ မက္ကဆီကို မူးယစ်ဆေးဂိုဏ်းတွေ ခေါင်းထောင်လာတာနဲ့အတူ နိုင်ငံထဲ ရာဇဝတ်မှုတွေကတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြင့်တက်နေခဲ့ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မစ္စတာ ဗီဂျာဗီ့ဆန်စီယို ကတော့ အဂတိမှုနဲ့ လူဆိုးဂိုဏ်းတွေအရေး အလေးထားဖြေရှင်းမယ်ဆိုတဲ့ ကတိကဝတ်နဲ့ မဲဆွယ်နေခဲ့ပါတာ။ သူဟာ အီကွေဒေါ အစိုးရအာဏာပိုင်တွေနဲ့ အုပ်စုဖွဲ့ရာဇဝဏ်ဂိုဏ်းတွေကြား ချိတ်ဆက်မှုရှိတယ်လို့ စွပ်စွဲတဲ့ ရွေးကောက်ပွဲဝင်သမ္မတလောင်း အနည်းငယ်ထဲက တစ်ဦးလည်း ဖြစ်ပါတယ်။
''ကျွန်မတို့ဟာ မူးယစ်ဆေးဝါးနိုင်ငံဖြစ်လာဖို့ မျက်စိတမှိတ်ပဲလိုတော့တဲ့အခြေအနေပါ'' လို့ မစ္စ ဂွန်ဇာလက်စ်က ပြောပါတယ်။
''ဒါဟာ လူဆိုးဂိုဏ်းတွေ၊ အုပ်စုဖွဲ့ရာဇဝတ်မှုတွေထက်ပိုတဲ့ နိုင်ငံရေးလုပ်ကြံမှုလို့ ကျွန်မတို့လုံးဝ ယူဆထားတယ်။ ဒီထဲမှာ နိုင်ငံရေးခံစားချက်ပါနေတယ်။ နိုင်ငံရေးရည်ရွယ်ချက်ပါနေတယ်'' လို့ သူက ထပ်လောင်းပြောပါတယ်။
''သမ္မတလောင်း စကားရည်လုပွဲမတိုင်ခင် ၃ ရက်မှာ ဖာနန်ဒိုက ဒီရွေးကောက်ပွဲတွေ ဘယ်ကိုဦးတည်မလဲဆိုတာနဲ့ပတ်သက်ပြီး အမှားမခံတဲ့သတင်းအချက်အလက် သူ့ရထားတယ်လို့ ပြောဖူးတယ်။ အခုဆို အဲဒီသတင်းကိုလည်း ဘယ်လိုခြေရာခံရတော့မလဲမသိဖြစ်သွားပြီ''
သဘာဝပတ်ဝန်းကျင်အရေးတွေကိုသာ အဓိကထားပြောလေ့ရှိတဲ့ မစ္စ ဂွန်ဇာလက်စ် ကတော့ အခုလိုအကြမ်းဖက်မှုအဆင့်ဟာ အီကွေဒေါနိုင်ငံရဲ့ နိုင်ငံရေးလောကမှာ ပုံမှန်လိုဖြစ်လာနေပြီလို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစောပိုင်းတုန်းကတော့ သူမရဲ့ ပါတီဟာ သူ့ကို မစ္စတာ ဗီဂျာဗီ့ဆန်စီယိုအစား သမ္မတလောင်းနေရာ ဆက်ခံစေချင်တာဖြစ်ပေမဲ့ နောက်ပိုင်းမှာ သူ့ကို ဒုတိယ သမ္မတနေရာထားပြီး ခရစ်စီယံ ဇူရီတာနဲ့အတူ ယှဥ်ပြိုင်စေဖို့ပဲ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
ဒုသမ္မတလောင်းနေရာအတွက်ပဲ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတာဖြစ်လို့ သမ္မတလောင်းနေရာ ဝင်ရောက်ယှဥ်ပြိုင်မယ်ဆိုရင် အရည်အချင်း မပြည့်မီဘူးလို့ သတ်မှတ်ခံရမှာကို စိုးရိမ်ကြတာပါ။
ရွေးကောက်ပွဲအတွက် မဲစာရွက်တွေ ပုံနှိပ်ပြီးဖြစ်တာကြောင့် ဖာနန်ဒို ဗီဂျာဗီ့ဆန်စီယို ရဲ့နာမည်ကတော့ မဲစာရွက်တွေမှာ ဆက်ပြီးရှိနေမှာပါ။
သမ္မတလောင်း ပစ်ခတ်ခံရပြီးကတည်းက အကြမ်းဖက်မှုဟာ အီကွေဒေါနိုင်ငံထဲ မလျော့သွားပါဘူး။ လက်ဝဲယိမ်း Citizen Revolution ပါတီရဲ့ ဒေသန္တရခေါင်းဆောင်တစ်ဦးဖြစ်သူ ပေဒရို ဘရီယိုနက်စ်လည်း အဲက်စ်မဲဒါလက်စ်ပြည်နယ်မှာ ပြီးခဲ့တဲ့တနင်္လာနေ့တုန်းက သူ့နေအိမ်ထဲရှိနေစဥ် ဆိုင်ကယ်စီးလာတဲ့သေနတ်သမားတွေရဲ့ပစ်ခတ်မှုခံရပြီး သေဆုံးခဲ့ပါတယ်။
''ကျွန်မတို့ထဲက ဘယ်သူမဆို ဒီလိုအကြမ်းဖက်မှုအခြေအနေကို ကြုံနေရပြီ'' လို့ မစ္စဂွန်ဇာလက်စ်က ပြောပါတယ်။
''ကိုယ့်ကလေးကို ကျောင်းသွားပို့ရင်တောင် အန္တရာယ်က များနေပြီ။ မီးနီလို့ ကားရပ်ရင်တောင် သေနတ်နဲ့ လာပစ်သွားမှာ ကိုယ့်ကားဘေး ဗုံးလာချသွားမှာ ကြုံရတာမျိုးဖြစ်လာနိုင်တယ်''
''ဒီလိုအကြမ်းဖက်မှုအခြေအနေကို အီကွေဒေါမှာ ဘယ်တုန်းကမှ မမြင်ခဲ့ရဘူးဖူး''
ဒါပေမဲ့ ဒါတွေဟာ သူ့ဆရာလို့ဆိုနိုင်တဲ့ သွားလေသူ သမ္မတလောင်း အိပ်မက်မက်ခဲ့တဲ့အရာကို ဖြစ်မြောက်အောင်လုပ်မယ့် သူ့အားထုတ်မှုကို ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
''ကိုယ့်ပခုံးပေါ်မှာ တာဝန်ကြီးတစ်ရပ်ကို ထမ်းပိုးထားရပြီလို့ ကျွန်မခံစားမိတယ်'' လို့ သူကပြောပါတယ်။








