ဇူလိုင် ၁၃ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - တရုတ်ကွန်မြူနစ်ပါတီက ကြံ့ခိုင်ရေး အပါအဝင် ပါတီ ၄ ခု ကို တရုတ်လာဖို့ဖိတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အငြိမ်းစား စစ်ဗိုလ်ချုပ်တွေဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၊ ဦးကိုကိုကြီး ခေါင်းဆောင်တဲ့ ပြည်သူ့ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) နဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP) တို့ကို ဘေဂျင်း ကို လာဖို့ တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ခေါ်ထားပါတယ်။
ဇူလိုင်လ ၂၀ ရက်က စတင်မယ့် တစ်ပတ်ကြာခရီးစဉ်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ၇ ဦးအထိ ဖိတ်ပြီး ကျန်တဲ့ပါတီတွေကိုတော့ သုံးဦးစီပဲ ဖိတ်ထားတယ် လို့ ဖိတ်ကြားခံရတဲ့ ပါတီတစ်ခုက ဘီဘီစီကိုပြောပါတယ်။
ကြံ့ခိုင်ရေးပါတီကိုတော့ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက ဦးဆောင်မှာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေလည်း ပါဝင်မှာဖြစ်ပါတယ်။
အငြိမ်းစာဗိုလ်ချုပ် ဦးလှထွန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစိုးရအဖွဲ့ရဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက် သမ္မတရုံး ဝန်ကြီး ဖြစ်ခဲ့သူ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ သမ္မတဟောင်း ဦးသိန်းစိန် နဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ကို တရုတ်ကို ဆက်တိုက်ဖိတ်ကြားပြီးတဲ့နောက် ပါတီတွေကို ပါ ဖိတ်ကြားလာတာဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရဲ့ တရုတ်ခရီးစဉ်မှာ မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တရုတ်နဲ့ဆွေးနွေးပြောဆိုခဲ့ပါတယ်။
လားရှိုးမြို့ထဲပြန်ဝင်ချင်တဲ့ ကားအစီးရေ ရာဂဏန်းကျော် ဝင်မရဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီနဲ့ ကိုးကန့်တပ် (MNDAA) တို့တိုက်ပွဲဖြစ်ပွားနေတဲ့ လားရှိုးမြို့ထဲကို ပြန်ဝင်ချင်တဲ့ ကားအစီးရေ ရာဂဏန်းကျော်ဝင်မရဖြစ်နေတယ်လို့ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတချို့က ဘီဘီစီ ကို ပြောပါတယ်။
ကျန်ခဲ့တဲ့နေအိမ်တွေကိုစိတ်မချတာရော အဆက်အသွယ်ပြတ်နေတဲ့ မိသားစုဝင်တွေကို ရှာဖို့ စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဝင်ချင်ကြတာဖြစ်ပြီး လားရှိုးမြို့အဝင် ခေးနင်းရွာအကျော်မှာ ပိတ်မိနေတာလို့ မန္တလေး-လားရှိုး ခရီးသည် ယာဥ်မောင်းတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ နဲ့ ကိုးကန့်တပ်တွေ နှစ်ဘက်လုံးက လားရှိုးမြို့ကနေ အထွက်ကို ပေးထွက်ကြပေမဲ့ ကိုးကန့်တပ် MNDAA တပ်စွဲထားတဲ့ အခြမ်းမှာ မြို့ထဲကိုပြန်ပေးမဝင်တာလို့လည်း လားရှိုးစစ်ဘေးရှောင်တွေက ပြောပါတယ်။
“လားရှိုးနဲ့ ခေးနင်းက မိနစ် ၂၀ မောင်းရင်ရောက်နေပြီ။ ကျွန်တော်အဲဒီနားမှာ ၃ ရက်လောက်စောင့်တယ် ။ လမ်းမဖွင့်တော့ ရေနဲ့အစားအစာတွေပြတ်ကုန်တယ်” လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
လားရှိုးမြို့ကစစ်ဘေးရှောင်တွေဟာ တောင်ကြီးမြို့အထိ တစ်ဦးကို ကားခ ၅ သိန်းခွဲကနေ ၆ သိန်းအထိ စျေးပေါက်နေတယ်လို့လည်း ပြောပါတယ်။
မူဆယ်ဘက်သွားမဲ့ခရီးသည်ကားတွေကတော့ တန်ယန်းမြို့ဘက်ကနေ ဝ ပြည်နယ်ဖြတ်ပြီး မူဆယ်ကို တစ်ပတ်ကြီး ပြန်သွားကြရတယ်လို့ လည်း လမ်းအသုံးကြုနေသူတွေက ပြောပါတယ်။
လားရှိုးမြို့ပေါ်ကို လက်နက်ကြီးတွေကျနေဆဲဖြစ်ပြီး ဇူလိုင် ၁၂ ရက်နေ့တုန်းကလည်း လားရှိုးမြို့က နေရာ ၃ ခုကို လက်နက်ကြီးကျလို့ ကျောင်းဆရာတစ်ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။
မိုင်းရယ်ကို SSPP တပ်တွေဝင်လာ

ဓာတ်ပုံ ရင်းမြစ်, SSPP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီတပ် နဲ့ ကိုးကန့်တပ် MNDAA တို့ တိုက်ပွဲဖြစ်နေတဲ့ မိုင်းရယ်မြို့ကို ဒီကနေ့မှာပဲ ရှမ်းပြည်တပ်မတော် SSPP/SSA က ဝင်ရောက်လာခဲ့ပါတယ်။
‘’မိုင်းရယ်က ပြည်သူလူထုတွေ စစ်ဘေးဒဏ်ကာကွယ်ပေးဖို့ SSPP က မိုင်းရယ်မြို့ကို နေရာယူဝင်ရောက်ခဲ့တာဖြစ်တယ်’’ လို့ SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆု က ဘီဘီစီကို ပြောပါတယ်။
ဒီလို ဝင်ဖို့ မဟာမိတ် ကိုးကန့်တပ် MNDAA ကို အကြောင်းကြားခဲ့ တယ် လို့ သူက ပြောပါတယ်။
''မိုင်းရယ်က ကျွန်တော်တို့ အရင်ကတည်းက နှစ်ပေါင်းများစွာ စိုးမိုးလာတဲ့ နယ်မြေတွေဖြစ်တယ်။ပြည်သူလူထုတောင်းဆိုချက်အရ ပြည်သူတွေကို ကာကွယ်ဖို့ရယ်၊ကျွန်တော်တို့မြို့တွေကို တခြားအဖွဲ့အစည်းတွေလက်တွေ ရောက်မသွားအောင် ကာကွယ်တာနဲ့ ရှမ်းပြည်တပ်မတော် အုပ်ချုပ်မှုအောက်မှာ ဆက်ပြီးတော့ ရှိအောင် လုပ်တာ ဖြစ်တယ်'' လို့ ဗိုလ်မှူးကြီး စိုင်းဆု က ပြောပါတယ်။
မိုင်းရယ်မှာ စစ်ကောင်စီရဲ့ အမှတ် (၃၂၅) ခြေမြန်တပ်ရင်း နဲ့ အမြှောက်တပ် တို့ ရှိနေပြီး SSPP နဲ့ မကြာခဏ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
ဇူလိုင်လထဲမှာတော့ မိုင်းရယ်က စစ်ကောင်စီတပ်ကို ကိုးကန့်တပ် MNDAA က ဝင်တိုက်ခဲ့ပါသေးတယ်။
ရှမ်းပြည်တပ်မတော် မိုင်းရယ်ကို ဝင်လာတဲ့ ပုံစံက ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က တန့်ယန်းကို ဝင်လာတဲ့ ပုံစံနဲ့ ဆင်တူတယ် လို့ တိုင်းရင်းသားအရေးစောင့်ကြည့်နေသူတွေက ပြောပါတယ်။
မိုင်းရယ်ဟာ ရှမ်းမြောက်က လားရှိုး၊သီပေါ၊တန့်ယန်းတို့ နဲ့ ဆက်သွယ်သွားလာနိုင်တဲ့ မဟာဗျူဟာကျတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။
ဖုန်းဆင်းကတ် ၃ သောင်းကျော် တွေ့ရှိမှုနဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းရဲဖမ်း

ဓာတ်ပုံ ရင်းမြစ်, Khaosod
စတားလင့်ခ် အင်တာနက် ၃ လုံး အပါအဝင် ဖုန်းဆင်းကတ် ၃ သောင်းကျော် တရားမဝင် လက်ဝယ်တွေ့ရှိမှု နဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာန တွေက ရေးသားကြပါတယ်။
ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့၊ ဒီဂျစ်တယ်စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းဝန်ကြီးဌာနတို့ ပူးပေါင်းစစ်ဆင်ရေးအရ တာ့ခ်ခရိုင် ထဲက နေရာ (၄) ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး အခုလိုဖမ်းမိခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ဆိုင်တွေနဲ့ တရုတ်ရင်းနှီးမြှုပ်နှံသူတွေဆီကို ဒီပစ္စည်းတွေ ပို့ဆောင်မှာဖြစ်တယ်လို့ သံသယရှိသူက ဝန်ခံခဲ့ပါတယ်။
သူဟာ ပစ္စည်းတွေပို့ဆောင်ဖို့အတွက် ငှားရမ်းခံရသူဖြစ်ပြီး လုပ်အားခ ဘတ် ၅၀၀၀ ကနေ ၆၀၀၀ ကြားရရှိခဲ့တယ်လို့ သူက ထွက်ဆိုပါတယ်။
ဒီမြန်မာနိုင်ငံသားကို ခွင့်ပြုချက်မရဘဲ တယ်လီဖုန်းနံပါတ်တွေ ဝယ်ယူရန်ကြိုးပမ်းမှု၊ ဝယ်ယူမှုနဲ့ ရောင်းချမှုစွဲချက်၊ အကောက်ခွန်ဆိုင်ရာစည်းကြပ်မှုကို ဖြတ်သန်းခြင်းမရှိဘဲ ကုန်ပစ္စည်းတွေတင်သွင်းမှု၊ ပစ္စည်းတွေသိုလှောင် ဖြန့်ချိမှု စွဲချက်တွေနဲ့ တရားစွဲဆိုမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်တုန်းကလည်း မြန်မာနယ်စပ်ကို ပို့မယ့် စတားလင့်ခ် အလုံးရေ ၆၀ နီးပါးကို တာ့ခ်ခရိုင် ထဲမှာ ဖမ်းမိတယ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။
စစ်မှုထမ်းစာရင်းကောက်ရင် ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအကျပ်စာရင်းမသွင်းဖို့ ကာကွယ်ရေးဝန်ကြီးပြော

ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီ
စစ်မှုထမ်းစာရင်းကောက်တဲ့အခါ ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအကျပ်စာရင်းမသွင်းဖို့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း က မနေ့က နေပြည်တော်မှာ လုပ်တဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောပါတယ်။
အသက်မပြည့်သေးသူတွေရော အသက်ကျော်လွန်သူတွေပါ မပါဖို့ကိုလည်း စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးတင်အောင်စန်း က မှာပါတယ်။
နေပြည်တော်မှာ ဒီလိုပြောနေပေမယ့် မြေပြင်မှာ စစ်မှုထမ်းစာရင်းကောက်တဲ့အခါ ဗဟိုကညွှန်ကြားချက်တွေ နဲ့ ကွဲလွဲမှုတွေ ရှိနေတယ် လို့ ကိုယ်တိုင်ကြုံရသူတွေကပြောပါတယ်။
‘’ ကာယကံရှင်ဆန္ဒတွေဘာတွေလျှောက်ပြောနေတာ၊ သန်းခေါင်စာရင်းကြည့်တယ်။ အသက်ပြည့်ရင် စာရင်းသွင်းသွားတာပဲ’’ စစ်အုပ်ချုပ်ရေးမြို့နယ်တစ်ခုမှာ နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်မှုထမ်းသင်တန်းဆင်းတွေထဲ ကိုယ်ပိုင်အမှတ်ရထားပြီးမှ ခွင့်မဲ့ပျက်ကွက်သူတွေ၊ စစ်မှုထမ်းစာရင်းပေးပြီးမှ သင်တန်းတက်ဖို့ အကြောင်းမဲ့ ပျက်ကွက်သူတွေနဲ့ ဆေးအောင်ပြီးမှ ပျက်ကွက်သူတွေကိုလည်း အရေးယူဖို့ ဗိုလ်ချုပ်ကြီးတင်အောင်ဆန်း က ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်မှုထမ်းသင်တန်းဆင်းတာ အမှတ်စဉ်(၃) အထိရှိလာပြီ ဖြစ်ပါတယ်။
“ အပတ်စဥ် (၄) ဆိုရင် တော်တော်လေးရှောင်နေကြတယ်။ အပတ်စဥ် (၅) ဆိုရင် အမျိုးသမီးတွေပါ ပါလာမယ်ဆိုပြီး စာရင်းတွေကောက်နေတယ်သတင်းတွေထွက်နေလို့ အခြေအနေက အတော်လေး ဆိုးလာတဲ့ အခြေအနေဖြစ်နေတယ်” လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ စစ်မှုထမ်းစခေါ်တုန်းက ဆန္ဒပြုတဲ့နေရာတွေကို ပို့မယ်လို့ပြောခဲ့ပေမယ့် အပြောနဲ့အလုပ် မညီတာတွေ ရှိလာတယ်လို့ CDM လုပ်လာတဲ့ မြန်မာစစ်တပ် အရာရှိဟောင်း တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
CDM ဝန်ထမ်းတွေကို စစ်ကောင်စီ ပြန်ခေါ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစိုးရဝန်ထမ်းကနေ CDM လုပ်သွားလို့ အမည်မည်းစာရင်း(Black Lists)ပါနေသူတွေကို အကြောင်းချင်းရာအပေါ် မူတည်ပြီး ပယ်ဖျက် ဖြေလျှော့ပေးမယ်လို့ စစ်ကောင်စီ က ထုတ်ပြန်ပါတယ်။
သက်ဆိုင်ရာဌာနတွေကို ဇူလိုင် ၁၅ ရက် ကစပြီး သတင်းပြန်ပို့ရမှာ ဖြစ်ပါတယ်။
“CDM လုပ်လာတဲ့သူတွေကို အချိန်ကြာလာတော့ ပြည်သူတွေနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက ထောက်ပံ့ပေးနိုင်တာ အားနည်းလာတယ် ဒါကို စစ်ကောင်စီ က အခွင့်အရေးယူတာလို့” CDM ဗိုလ်ကြီးတစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။
အကြမ်းမဖက်အာဏာဖီဆန်မှု CDM လုပ်သွားသူ တချို့နေရာမှာ စစ်တပ်ဘက်က ရွှေ့လာသူတွေနဲ့ အစားထိုးမှုတွေ ရှိတယ်လို့ လက်ရှိအလုပ်လုပ်နေတဲ့ အစိုးရရုံး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးကတည်းက CDM တွေနဲ့ ပတ်သက်ရင် တင်းကျပ်တဲ့ မူဝါဒတွေ နဲ့ ကိုင်တွယ်ခဲ့ပေမယ့် စစ်ရေးရော အုပ်ချုပ်ရေးမှာပါ မတည်ငြိမ်မှုတွေဖြစ်လာလို့ အခုလိုဖြေလျှော့တာ ဖြစ်နိုင်တယ်လို့ အကဲခတ်တချို့က သုံးသပ်ပါတယ်။
၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးတဲ့နောက် တပ်မတော်သားတချို့အပါအဝင် ဌာနပေါင်းစုံက ဝန်ထမ်းတွေ CDM လုပ်ခဲ့ကြတာဖြစ်ပါတယ်။








