BTS ပြန်လာချိန်နဲ့ ကေပါ့ပ် အရွေ့

 စစ်မှုထမ်းတာဝန် ပြီးဆုံးသွားတဲ့ ဂျန်ကွတ်ခ်(ညာ)နဲ့ ဂျီမင်း(ဝဲ)တို့ ဇွန်လ ၁၁ ရက်နေ့က ယုံချွန်း အဆောက်အအုံ အပြင်ဘက်မှာ အလေးပြုပြနေစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်မှုထမ်းတာဝန် ပြီးဆုံးသွားတဲ့ ဂျန်ကွတ်ခ်(ညာ)နဲ့ ဂျီမင်း(ဝဲ)တို့ ဇွန်လ ၁၁ ရက်နေ့က ယုံချွန်း အဆောက်အအုံ အပြင်ဘက်မှာ အလေးပြုပြနေချိန်
 BTS ကို အားပေးတဲ့ပရိသတ်တွေမှာမြင်ရလေ့ရှိတဲ့ ARMY ဗုံးလို့ ခေါ်တဲ့ မီးချောင်းလေးတွေနဲ့ကိုင်လျက် စတက်ဖရီ ပရာဒို ( ဝဲ ) နဲ့ သူ့ သူငယ်ချင်းကို တွေ့ရစဉ်
ဓာတ်ပုံ ပုံစာ, BTS ကို အားပေးတဲ့ပရိသတ်တွေမှာမြင်ရလေ့ရှိတဲ့ ARMY ဗုံးလို့ ခေါ်တဲ့ မီးချောင်းလေးတွေနဲ့ကိုင်လျက် စတက်ဖရီ ပရာဒို (ဝဲ)နဲ့ သူ့ သူငယ်ချင်းကို တွေ့ရစဉ်

ဖျော်ဖြေတဲ့အဆောက်အအုံ အထဲမှာတော့ တန်းစီနေတဲ့ လူတန်းရှည်ထဲက တချို့လူတွေက ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေကြသလို တချို့ကလည်း "voice zone" ဆိုတဲ့ BTS အဖွဲ့သားတွေရဲ့ သတင်းစကားအသံကို နားထောင်နိုင်တဲ့ ဖုန်းရုံလေးထဲ ဝင်ရောက်နားထောင်ပြီး အော်ဟစ် နေကြပါတယ်။

ဘီဘီစီက စကားပြောခဲ့တဲ့ BTS ပရိသက် တဝက်လောက်က သူတို့ BTS အဖွဲ့သားတွေကို ဘယ်လောက် လွမ်းဆွတ်နေကြသလဲ ဆိုတာကို မျက်ရည်လည်ရွဲ ပြောပြခဲ့ကြပါတယ်။

သူတို့နဲ့ခွဲခဲ့ရတဲ့ ၁၈ လ လောက်က တသက်စာလောက်ကြာသလို ခံစားရတယ်လို့ တောင်အာဖရိက ကနေ ဆိုးလ်မြို့က BTS ပွဲတော် ကျင်းပရာနေရာကို ရောက်လာတဲ့ Vuyo Matiwane ဆိုသူက ပြောပါတယ်။

သူအကြိုက်ဆုံး စားသောက်ဆိုင်ကို ရောက်လာသလို သူပြောနေပုံက ကျွန်မ ပွဲကျင်းပရာနေရာတိုင်းမှာ စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တောင် ကျရပါတယ်လို့ သူက ဆိုပါတယ်။

အဲဒီနောက် BTS အဖွဲ့သားတွေရဲ့ဖျော်ဖြေမှု တိုက်ရိုက်လွှင့်ချက်ကြည့်ပြီး ထူးထူးကဲကဲ ခံစားရတယ်လို့ သူက ပြောပါတယ်။

BTS နဲ့ ပတ်သက်သမျှ အားလုံး ခံစားပျော်ရွှင်ရတာဟာ ကမ္ဘာတခြမ်းပတ်ပြီး လာကြည့်ရတဲ့သူတွေ အတွက် တန်ပါတယ်လို့ နယ်သာလန်ကနေလာတဲ့ Fara Ala ဖာရာ အလာက ဆိုပါတယ်။ သူတို့နဲ့အတူတကွ တမြေတည်းနေ တရေတည်းသောက်ပြီး အတူစားသောက်နေထိုင်ရတဲ့အတွက် ARMY ဆိုတဲ့ BTS ပရိသက်ဖြစ်ရတာ ထိုက်တန်ပါတယ်၊ တခြား ARMY တွေကလည်း အလားတူ ခံစားရမှာပါလို့ သူက ပြောပါတယ်။

"သူတို့ကို သတိရလိုက်တာ" လို့ BTS အမာခံ ပရိသတ် စတက်ဖနီ ပရာဒိုက ပြောပါတယ်။

BTS အဖွဲ့သားတွေ ပရိသတ်မြင်ကွင်းက ပျောက်ကွယ်ကာ စစ်မှုထမ်းခဲ့ကြတာ နှစ်နှစ်ခွဲ ရှိခဲ့ပါပြီ။ အခုတော့ သူတို့အားလုံးပြန်ဆုံကာ ဖျော်ဖြေပေးမယ့်အချိန်ကို ပရိသတ်က အသည်းအသန် စောင့်ဆိုင်းခဲ့ကြရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

BTS အမျိုးသား ကေပေါ့ပ် အဖွဲ့ကို ကြိုက်နှစ်သက်လွန်းလို့ ဘရာဇီးကနေ တောင်ကိုရီးယားကို ပြောင်းလာခဲ့ရတဲ့အထိဖြစ်ခဲ့တဲ့ စတက်ဖနီဟာ ပြီးခဲ့တဲ့သောကြာနေ့က BTS ပါတီပွဲကို တက်ရောက်တာ အဆန်းတော့ မဟုတ်ပါဘူး။ BTS ပါတီပွဲဆိုတာ ဆိုးလ်မြို့နားမှာ သူတို့အဖွဲ့ တည်ထောင်တဲ့နေ့၊ နှစ်ပတ်လည်တိုင်း တနှစ်တခါ ကျင်းပလေ့ရှိတဲ့ပွဲတော်တခုပါ။

BTS အဖွဲ့သားတွေက သူတို့ပရိသတ်တွေကို ARMY လို့ ခေါ်ဝေါ်သုံးစွဲလေ့ရှိပြီး အရှည်ကောက်ကတော့ Adorable Representative M.C. for Youth လူငယ်တွေအတွက် နှစ်လိုဖွယ် ကိုယ်စားပြုသူများလို့ အဓိပ္ပါယ်ရပါတယ်။ BTS ပရိသက်တွေ ဖျော်ဖြေပွဲမှာ သုံးလေ့ရှိတဲ့၊ ARMY ဗုံးလို့ ခေါ်ကြတဲ့ ရောင်ပြန်ချောင်းကို ကိုင်ရင်း စတက်ဖနီ ဝင်တန်းစီနေတဲ့ လူတန်းရှည်ကြီးဟာ တအိအိနဲ့ ခပ်သွက်သွက် ရွေ့နေပါတယ်။

သူ့အနောက်မှာလည်း ကေပေါ့ပ် ကမ္ဘာမှာ မရှိမဖြစ် သုံးကြတဲ့ရောင်ပြန် ရုပ်ထုကြီးက နေရာယူလျက် ရှိပါတယ်။

ဒီနှစ်ကျင်းပတဲ့ BTS ပွဲတော်ဟာ အဖွဲ့သားတွေစစ်မှုထမ်းပြီးနောက် နေရာအသီးသီးကနေ ပြန်လည်ရောက်ရှိ ဆုံတွေ့ကြတဲ့အချိန်နဲ့တိုက်ဆိုင်နေတာကြောင့် ထူးခြားတဲ့ပွဲတခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ BTS အဖွဲ့သား ၇ ယောက်ထဲက ၄ ယောက်ဖြစ်တဲ့ RM၊ V၊ ဂျီမင်နဲ့ ဂျန်ကွက်တို့ စစ်မှုထမ်း သက်တမ်းပြည့်ပြီး ပြန်ထွက်လာတာကြောင့် အဖွဲ့သားတွေ အကုန်ပြန်ဆုံနိုင်မယ့်အချိန်ကို သူတို့ ပရိသတ်က စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။

ဇွန်လ ၂၁ ရက် စနေနေ့က BTS နောက်ဆုံးအဖွဲ့သား SUGA တယောက် လူမှုတာဝန် ထမ်းဆောင်ပြီးရာက အိမ်ပြန်ရောက်လာတာကြောင့် အခုဆိုရင် အဖွဲ့သား ၇ ယောက်လုံး စစ်မှုထမ်းပြီးရာက နေ စုံစုံလင်လင်ပြန်ရောက်လာတဲ့အတွက် ပရိသတ်တွေစောင့်မျှော်ချိန်ကို ရောက်လာခဲ့ပါပြီ။

အခုဆိုရင် သူတို့တွေ အနားယူနေလောက်ပြီလို့ စတက်ဖနီကပြောပြီး သူ့အနေနဲ့ BTS အဖွဲ့သားတွေရဲ့သီချင်းခွေတွေ၊ ဖျော်ဖြေမှုတွေနဲ့ သူတို့နဲ့ ပတ်သက်တဲ့အရာအားလုံးကို စောင့်မျှော်နေတယ်လို့ သူကပြောပါတယ်။

တောင်ကိုရီးယားမှာ အရွယ်ရောက်အမျိုးသားတိုင်း စစ်ထဲဝင်ရပြီး တာဝန်ထမ်းဆောင်ချိန်က ၁၈ လ ကြာမြင့်ပါတယ်။ ကမ္ဘာမှာ အကျော်ကြားဆုံး ကေပါ့ပ် BTS အဖွဲ့သားတွေလည်း ဒီတာဝန်ကို ရှောင်လွဲမရဘဲ စစ်မှုထမ်းခဲ့ရတာကြောင့် ၂၀၂၂ ခုနှစ်ကစပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေ လုံးဝ ရပ်တန့်သွားခဲ့ရပါတယ်။ အခုတော့ သူတို့အားလုံး ပြန်ရောက်လာကြပါပြီ။

သူတို့တပ်ထဲဝင်သွားတုန်းက အခြေအနေနဲ့ အခု သူတို့ စစ်မှုထမ်းပြီး ပြန်ရောက်လာချိန်မှာ ကေပေါ့ပ် လောကထဲ ဖြစ်ပျက်နေတာတွေက ကွာခြားသွားပြီလို့ တချို့က ဆိုကြပါတယ်။

လက်ရှိမှာ သီချင်းခွေ အရောင်းတန့်နေပြီး ကေပေါ့ပ်လောကထဲမှာ အရှုပ်တော်ပုံတွေက တမျိုး၊ ကျော်ကြားသူတွေကို အနီးကပ် စောင့်ကြည့်ဝေဖန်မှုတွေကြောင့် ရလာတဲ့စိုးရိမ်မှု ဖိအားတွေက တဖုံနဲ့ အခက်အခဲတွေ ရင်ဆိုင်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ကမ္ဘာ့ထိပ်တန်း ကေပေါ့ပ် အမျိုးသားဂီတအဖွဲ့ BTS လူမြင်ကွင်းက ပျောက်နေတာဟာ လူထုကြား ကွက်လပ်တခုလို ဟာတာတာနဲ့ ခံစားရတယ်လို့ ကေပေါ့ပ်လောကက အခြေအနေတွေကို လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။

BTS အဖွဲ့ မရှိတာဟာ ကေပေါ့ပ်လောကထဲမှာ အဓိကဒေါက်တိုင်တွေ ပျောက်နေသလိုပဲလို့ ဂီတအနုပညာ ဝေဖန်ရေးသမားလည်းဖြစ်၊ BTS: The Review ဆိုတဲ့စာအုပ်ကို ရေးသားသူလည်း ဖြစ်တဲ့ ကင်မ်ရောင်ဒေးက ပြောပါတယ်။

ဒါ့အပြင် ကေပေါ့ပ် ဖျော်ဖြေမှုတွေကို လူအများက အရင်လို နှစ်ခြိုက်လက်ခံကြပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း အကြီးအကျယ်ရှိနေပါတယ်။ ဒါတွေက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ BTS အဖွဲ့ ဒီအယူအဆတွေကို ပြောင်းလဲပစ်နိုင်ပါတယ်။

စောင့်စားနေတဲ့ BTS ပရိသတ် ARMY တွေ

ခုနှစ်ပိုင်းတွေအတွင်း BTS ဟာ အအောင်အမြင်ဆုံး အမျိုးသား ဂီတ အဖွဲ့ ဖြစ်လာပါတယ် ...

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခုနှစ်ပိုင်းတွေအတွင်း BTS ဟာ အအောင်အမြင်ဆုံး အမျိုးသား ဂီတ အဖွဲ့ ဖြစ်လာပါတယ် ...

လက်ရှိမှာတော့ BTS အဖွဲ့သား ၇ ယောက်စလုံး လူတွေမြင်ကွင်းပေါ် တပြိုင်တည်း ထွက်ပေါ်လာ မယ့် အစီအစဥ်တွေတော့ မကြားသေးပါဘူး။ ဒါပေမဲ့ ARMY ဆိုတဲ့ပရိသတ်တွေကတော့ ဂိုရမ်းက မြူဝေနေတဲ့ မနက်ခင်းအစောပိုင်းမှာ တန်းစီစောင့်ရတဲ့ ဒုက္ခကို ဂရုမစိုက်ကြပါဘူး။

BTS ပွဲတော် ကျင်းပမယ့်နေရာမှာ ဂိတ်တံခါးတွေ မဖွင့်ခင် တစ်နာရီအလိုလောက်ကတည်းက မငြီးမညူ တန်းစီစောင့်နေတဲ့ လူတန်းရှည်ကြီးဟာ မြေအောက် ရထားဘူတာရုံအထိဖြစ်ပါတယ်။

စောင့်နေသူတွေထဲမှာ ကိုရီးယားတွေနဲ့အတူ အင်္ဂလိပ်၊ တရုတ်၊ ဂျပန်နဲ့ စပိန်နိုင်ငံတွေက ရောက်လာသူတွေ ပါဝင်ပါတယ်။

လမ်းလျှောက်ထွက်လာတဲ့ ကိုရီးယားဒေသခံတယောက်ကတော့ ဘာကြောင့် နိုင်ငံခြားသားတွေကို ဒီနေရာမှာ အများကြီးတွေ့ရတာလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

စစ်တပ်ထဲ၀င်ဖို့ ကွဲကွာသွားခဲ့ပြီးနောက် အရင်က အောင်မြင်မှုမျိုး BTS အဖွဲ့သားတွေ ပြန်ရနိုင်ပါ့မလား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်တပ်ထဲ၀င်ဖို့ ကွဲကွာသွားခဲ့ပြီးနောက် အရင်က အောင်မြင်မှုမျိုး BTS အဖွဲ့သားတွေ ပြန်ရနိုင်ပါ့မလား

ထင်ရှားကျော်ကြားသူတွေ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန် စစ်မှုထမ်းခဲ့တာဟာ တောင်ကိုရီးယား စစ်တပ်အတွက် ကြီးမားတဲ့စမ်းသပ်မှုတရပ် ဖြစ်ခဲ့ပါတယ်။

အရင်ကဆိုရင် စစ်မှုထမ်းဖို့ တပ်ထဲ ရောက်သွားတဲ့ တချို့သောအောင်မြင်သူတွေဟာ ပြန်ထွက်လာတဲ့အခါ တပ်ထဲမဝင်ခင်က အခြေအနေနဲ့ကွာခြားတာကို သိရှိခဲ့ကြပြီးဖြစ်ပါတယ်။

ဒီလိုသတိထား လျှောက်လှမ်းရမယ့် အခြေအနေကို BTS အဖွဲ့သားတွေ နားလည်ထားတာကြောင့် သူတို့အဖွဲ့သား ၇ ယောက်လုံး ၆ လကျော် လှုပ်ရှားမှုမရှိဘဲ ရပ်ထားတာမျိုးရှိမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာလက စစ်မှုထမ်းပြီး ပြန်ရောက်ခဲ့တဲ့ ဂျေဟုတ် ဆိုရင် တကိုယ်တော် ကမ္ဘာလှည့်ဖျော်ဖြေပွဲ ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် မမျှော်လင့်ထားတဲ့ အရာလည်း ဖြစ်နိုင်ပါတယ်။

ကေပေါ့ပ် လောကမှာ သီတင်းပတ် နီးပါးတိုင်း အဖွဲ့သစ်တွေ ပေါ်ပေါက်လေ့ရှိတာကြောင့် သူတို့အမာခံ ပရိသတ်တွေရဲ့ အာရုံစိုက်မှု လျော့ကျလာနိုင်ပါတယ်။ ဒါ့အပြင် တပ်ထဲက နေ့စဥ်ဘဝတွေကို ဖြတ်သန်းခဲ့ပြီး ရင့်ကျက်လာမှုတွေကလည်း ကေပေါ့ပ်ရဲ့အနှစ်သာရဖြစ်တဲ့ ငယ်ရွယ်နုပျိုမှုတွေကို ထိုင်းမှိုင်း သွားစေနိုင်တာကြောင့် တချိန်တုန်းက အောင်မြင်သူတွေဟာ မာကြောတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့ မကောင်းမှုကို ဘယ်သူမဆို ရိုက်ချိုးဖျက်စီးနိုင်တယ်ဆိုရင် BTS အဖွဲ့သားတွေလည်း ထို့အတူ လုပ်ဆောင်နိုင်မှာပါလို့ မစ္စတာကင်မ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ခွဲအတွင်း တကိုယ်တော် အနုပညာအလုပ်တွေ BTS အဖွဲ့သားတိုင်း ပုံစံမျိုးစုံနဲ့ တင်ဆက်ပေးခဲ့ကြပြီးပြီလို့ သူက ရှင်းပြခဲ့ပြီး ဒီလိုတင်ဆက်မှုတွေက သူတို့ရဲ့ အုပ်စုလိုက် ဖျော်ဖြေမှုတွေကို ထိခိုက်မှု မရှိခဲ့သလို သူတို့အောင်မြင်နေချိန်မှာ ကြားဖြတ်ပြီး စစ်မှုထမ်း လိုက်ရလို့ အခက်အခဲမရှိခဲ့ဘဲ အနုပညာအလုပ်တွေကို ပြန်လည်ချောချောမွေ့မွေ့နဲ့ ဆောင်ရွက်နိုင်ခဲ့တယ်လို့ သူကပြောပါတယ်။

ကေပေါ့ပ် လောကရဲ့ အရွေ့

BTS အဖွဲ့သားတွေ အနုပညာအလုပ် ရပ်နားထားချိန်မှာ တခြားနာမည်ကြီး ကေပေါ့အဖွဲ့ဖြစ်တဲ့ Blackpink ကလည်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာကတည်းက သီချင်းအယ်လ်ဘမ် တစ်ခွေမှ ထွက်မလာဘဲ၊ တကိုယ်တော် အခွေတွေသာ ထုတ်ခဲ့ပါတယ်။ သူတို့ဟာ ကေပေါ့ပ် တတိယမျိုးဆက်ရဲ့ရှေ့ဆောင်တွေဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့အောင်မြင်မှုကို လက်ဆင့်ကမ်းယူခဲ့ကြတဲ့ စတုတ္တနဲ့ ပဥ္စမမျိုးဆက်တွေကတော့ ပုံစံအသစ်အဆန်းတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။ ၂၀၁၈ နောက်ပိုင်း ဖျော်ဖြေတင်ဆက်မှု ပုံစံသစ်တွေက BTS လို သီးသန့် ထင်ထင်ရှားရှား ထွက်ပေါ်မလာဘဲ အရင်ကထက် ပိုပြီး ကွဲပြားလာတာတွေ့ရပါတယ်။ အကြောင်းရင်းကတော့ ပိုမိုနာမည်ကြီးပြီး ဆန်းသစ်တီထွင်တဲ့အဖွဲ့တွေ အလုံးအရင်းနဲ့ ထွက်ပေါ်လာလို့ ဖြစ်ပါတယ်။

ကေပေါ့ပ် လောကက နာမည်ကြီး Blackpink အဖွဲ့ဟာ ၂၀၂၂ စက်တင်ဘာကတည်းက အုပ်စုလိုက် အခွေတခွေမှ မထုတ်ဖြစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကေပေါ့ပ် လောကက နာမည်ကြီး Blackpink အဖွဲ့ဟာ ၂၀၂၂ စက်တင်ဘာကတည်းက အုပ်စုလိုက် အခွေတခွေမှ မထုတ်ဖြစ်ခဲ့

ကျွန်မ အသက်အရွယ် တော်တော်များက ဒီနေ့ခေတ်အခါမှာ စတုတ္တမျိုးဆက်က အိုင်ဒေါတွေကို ကြိုက်ကြတယ်လို့ အသက် ၁၃ နှစ်အရွယ် IVF အမျိုးသမီးဂီတအဖွဲ့ ပရိသတ်တယောက်က ပြောပါတယ်။

တချို့က တတိယမျိုးဆက်က အဖွဲ့တွေကို ကြိုက်ဆဲဖြစ်ပေမဲ့ ဆယ်ကျော်သက်တွေအတွက်တော့ BTS ဟာ သက်ကြီးကြိုက်ဖြစ်သွားပြီ၊ BTS အဖွဲ့သားတွေ အဝေးရောက်သွားချိန်မှာ မျက်နှာသစ်တွေ အများကြီးထွက်ပေါ်လာလို့ အသစ်တွေက စပြီး လူသိများလာတယ်လို့ သူက ဆိုပါတယ်။

အကျော်ကြားဆုံး ဆူပါစတား အဆင့်မှာ ရှိခဲ့တဲ့ BTS အဖွဲ့ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုက ကေပေါ့ပ် လောကမှာ အောင်မြင်မှုကျဆင်းလာမှုပဲလို့ တချို့က ရှုမြင်ကြပါတယ်။

ဖျော်ဖြေပွဲတွေက ရငွေက ဆက်လက် အားကောင်းနေပေမဲ့ အခွေရောင်းအားဟာ ၂၀၂၃ မှာ အမြင့်ဆုံးတနေရာကို ရောက်ခဲ့ပြီးကတည်းက ကျဆင်းလျက်ရှိနေပါတယ်။ ဒီလို ကျဆင်းချိန်ဟာ BTS နဲ့ Blackpink တို့ရဲ့တေးအယ်လ်ဘမ်တွေ မထုတ်ချိန်နဲ့ သွားတိုက်ဆိုင်နေပါတယ်။

BTS အဖွဲ့သားတွေ စစ်မှုထမ်းနေချိန်မှာ ကေပေါ့ပ်လောကဟာ တချို့သောခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရတယ်ဆိုတာကို တောင်ကိုရီးယားက ကေပေါ့ပ် လောကအကြောင်း လေ့လာနေသူ ပါ့ခ်ဟီအာ့က သဘောတူ ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာ အငြင်းပွားဖွယ်ကိစ္စရပ်တော်တော်များများလည်း ထွက်ပေါ်ခဲ့ပြီး New Jeans အမျိုးသမီးဂီတအဖွဲ့နဲ့ သူတို့ရဲ့အေဂျင်စီကြား ပြဿနာတက်ခဲ့တာတွေ၊ နာမည်ကြီးအေဂျင်စီကြီးတွေ အားလုံးရဲ့မတရားလုပ်မှုအကြောင်း စွပ်စွဲချက်တွေနဲ့ မဖွယ်မရာလုပ်မှု အရှုပ်တော်ပုံတွေအပြင် ရည်ရွယ်ချက်ရှိရှိနဲ့ အွန်လိုင်းပေါ်ကနေ တဦးတယောက်ကို တိုက်ခိုက် အပုတ်ချ ဝေဖန်မှုတွေပဲ ဖြစ်ပါတယ်။

တေးအယ်လ်ဘမ် ရောင်းအား စတင် ကျဆင်းနေပြီး တချို့အခက်အခဲတွေဖြစ်တဲ့ကုမ္ပဏီတွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ရဲ့လားဆိုတဲ့မေးခွန်းတွေလည်း ထွက်ပေါ်နေတယ်လို့ မစ္စပါ့ခ်က ပြောပါတယ်။ ဒီအချက်တွေအားလုံးကြောင့် ကေပေါ့ပ် လောကက ပြဿနာတွေ ပိုပြီး နက်ရှိုင်းလာတာတွေ့ရတယ်လို့ သူက ဆိုပါတယ်။

 BTS နှစ်ပတ်လည် ပွဲတော်မှာ တွေ့ရတဲ့ ပရိသတ်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, BTS နှစ်ပတ်လည် ပွဲတော်မှာ တွေ့ရတဲ့ ပရိသတ်တွေ

ဒါကြောင့်လည်း လူတော်တော်များများက BTS အဖွဲ့သားတွေဟာ အင်အားသစ်တွေနဲ့အတူ ပြန်အလာကို စောင့်မျှော်နေကြပြီး ကေပေါ့ပ် လောကကို ဦးဆောင်သွားကောင်း သွားနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

သူတို့ ပြန်လာတဲ့အခါ လူတွေက ကိုရီးယားဂီတကို ပြန်အာရုံစိုက်လာလိမ့်မယ်လို့ မစ္စပါ့ခ်က ပြောပြီး BTS အဖွဲ့သားတွေ စုပေါင်း ဖျော်ဖြေဟာ သူ့တို့ပရိသတ်တွေ အတွက်သာမက ကိုရီးယားရဲ့ အနုပညာစွမ်းအား အရေးပါမှုကိုလည်း ပြသရာရောက်လိမ့်မယ်လို့ သူက ထပ်လောင်း ပြောသွားခဲ့ပါတယ်။

အခုအခါမှာ လူတွေ အကုန်လုံးက သူတို့အဖွဲ့ရဲ့ သီချင်းသစ်ကို စောင့်မျှော်နေကြပါတယ်။

ကျွန်တော်ဟာ သီချင်းအယ်လ်ဘမ်သစ် တခု အမြန်ထုတ်ပြီး စင်မြင့်ပေါ် အရောက်လာခဲ့ပါ့မယ်လို့ BTS အဖွဲ့ခေါင်းဆောင် RM က စစ်မှုထမ်းပြီးသွားလို့ အိမ်ပြန်လာတဲ့နေ့မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဂျေဟုတ်ပ် ဟာ ဒေသတွင်း ဖျော်ဖြေပွဲတွေ ဆက်လက် လှည့်လည် တင်ဆက်နေတာကြောင့် နောက်နှစ်ဆန်းပိုင်းအထိ အုပ်စုလိုက် အခွေသစ်တခုထုတ်နိုင်ဖို့ ဖြစ်လာဦးမှာ မဟုတ်သေးပါဘူး။ ဂျင်ကလည်း နောက်လအတန်ကြာအတွင်း ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေ တင်ဆက်ဖို့ ရှိနေပါတယ်။ မနှစ်က မူးပြီး scooter စီးလို့ အရေးယူခံခဲ့ရပြီးနောက် အငြင်းပွားဖွယ်အခြေအနေ ကြုံခဲ့ရတဲ့ SUGA ဟာလည်း အချိန်အတိုင်းအတာ တခုအထိ လူမြင်ကွင်းကနေ ပျောက်နေအုံးမှာ ဖြစ်ပါတယ်။

စတက်ဖနီတို့လို သန်းနဲ့ချီတဲ့ပရိသတ်တွေအတွက်တော့ အခုအချိန်မှာ BTS အဖွဲ့သားတွေကိုအတူတကွ တစုတစည်းထဲ ရှိနေရင်ကိုပဲ ကျေနပ်လှပါပြီ။

"ခံစားမှုကတော့ ပြောင်းမသွားပါဘူး ၊ ဘုရင်လေးတွေ ပြန်လာပြီ"