အလက်ဇီ နဗာလ်နီ - ထောင်ဒဏ်ချမှတ်ခံခဲ့ရပေမဲ့ ရုရှားသမ္မတပူတင်ကို ပေါ်တင်ဝေဖန်ခဲ့သူ

Opposition leader Alexei Navalny sentenced to prison

ဓာတ်ပုံ ရင်းမြစ်, EPA

အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားသူ အလက်ဆီ နဗာလ်နီဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်အပေါ် ကာလရှည် ဝေဖန်မှုကို ပေါ်ပေါ်တင်တင် အလုပ်ခဲ့ဆုံး လူတစ်ယောက်ဖြစ်ပါတယ်။

ဓာတုအဆိပ်နဲ့လုပ်ကြံခံရမှုကနေ ရှင်သန်လွတ်မြောက်ခဲ့တဲ့ အသက် ၄၇ နှစ်အရွယ် ဘလော်ဂါ နဗာလ်နီဟာ နှစ်ရှည်ထောင်ဒဏ်ကို ထောင်ထဲမှာ ၃ နှစ်ကြာရင်ဆိုင်နေတုန်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကွယ်လွန်ခဲ့ပါတယ်။

ထောင်အာဏာပိုင်တွေဘက်ကတော့ သူဟာ လမ်းလျှောက်ထွက်လာရာကနေ ပြန်လာအပြီး ‘‘နေမကောင်းဖြစ်ပြီး’’ ‘‘ချက်ချင်းဆိုသလို သတိလစ်သွား’’ခဲ့တယ်လို့ ပြောပါတယ်။

သမ္မတပူတင်ကို ရွေးကောက်ပွဲမှာ ပြိုင်ဘက်သမ္မတလောင်းတစ်ဦးအနေနဲ့ ယှဥ်ပြိုင်နိုင်ဖို့ရာ မစွမ်းသာခဲ့ပေမဲ့ သူ့အသံဟာ ရုရှားနိုင်ငံသားအများစုရဲ့နားထဲမှာ ပဲ့တင်ထပ်နေဆဲဖြစ်သလို သူဟာ ကရင်မလင်နန်းတော်အတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်ရှိနေပါတယ်။

သူပါဝင်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ဟာ ရုရှားအာဏာပိုင်အဆင့်ဆင့် အားလုံးနီးပါးမှာ မြင်တွေ့ရတဲ့ အဂတိလိုက်စားမှုတွေကို ဖော်ထုတ်ထားပါတယ်။ တစ်ခါတလေ အဲဒီလိုဖော်ထုတ်မှု တွေထဲမှာ သမ္မတ ပူတင်အကြောင်းလည်း ပါဝင်ပါတယ်။ ထောင်ဒဏ်ချမှတ်ခံရမှုကြောင့် သူ့ရဲ့ဂုဏ်သတင်းဟာ ကမ္ဘာတဝန်း လူသန်းချီအတွက် ပိုပြီး မမေ့စရာဖြစ်လာပါတယ်။

Alexei Navalny standing in front of reporters in public

ဓာတ်ပုံ ရင်းမြစ်, Reuters

အဆိပ်နဲ့လုပ်ကြံခံရပြီးတော့ ထောင်ဒဏ်ချမှတ်ခံရ

ရုရှားမှာ ‘‘အစွန်းရောက်’’ အဖြစ် တားမြစ်ခံရထားတဲ့အဖွဲ့တွေမှာပါဝင်တဲ့ မစ္စတာ နဗာလ်နီဟာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်း ရုရှားနိုင်ငံထဲက ဆိုက်ဘေးရီးယားဒေသမှာ နိုဗီချော့အဆိပ်နဲ့ တိုက်ခိုက်ခံရလို့ အသက်ဆုံးပါးလုနီးနီးဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့အဖွဲ့သားတွေက သူ့ကို ဘာလင်ကို လေယာဥ်နဲ့ခေါ်သွားပြီး အဲဒီမှာ လနဲ့ချီကြာအောင် ကုသမှုခံယူစေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်မှာ ရုရှားနိုင်ငံထဲကို သူပြန်ဝင်လာတဲ့အခါ ချက်ချင်းအဖမ်းခံလိုက်ရပါတယ်။

သူ့ကိုထောက်ခံသူတွေက ရုရှားနိုင်ငံတဝန်းမှာ ဆန္ဒပြမှုတွေ အင်တိုက်အားတိုက်လုပ်ခဲ့ကြပြီး ရဲကလည်း အင်အားသုံးဖြိုခွင်းခဲ့ပါတယ်။ ခွင့်ပြုချက်မရဘဲ လူထုစုဝေးမှုတွေမှာ ပါဝင်တယ်လို့ ဆိုပြီး လူထောင်ချီလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

သူရော၊ သူ့ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ရော လွှတ်တော်ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဥ်ပြိုင်ဖို့ တားမြစ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ဟာ မစ္စတာ ပူတင်ရဲ့ ညီညွတ်သောရုရှား ပါတီကို အနိုင်ရနိုင်ခြေရှိတဲ့ လွှတ်‌တော်အမတ်လောင်းတွေကို မဲပေးဖို့ မဲဆန္ဒရှင်တွေကို တွန်းအားပေးတဲ့ ‘‘စမတ် မဲပေးစနစ်ကို’’ အပလီကေးရှင်းနဲ့ ကရင်မလင်နန်းတော် ဒေါသဖြစ်အောင် ဆွနိုင်ခဲ့ကြပြန်ပါတယ်။

အလက်ဇီ နဗာလ်နီ ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရပြီးနောက် ကီရော့ဗ်ကနေ ပြန်လာခဲ့ချိန်က

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, နဗာလ်နီရဲ့ ပထမဆုံး တရားခွင်ကြားနာမှုဟာ ကီရောဗ့် မှာရှိတဲ့ တရားခွင်ကို ၁၂ နာရီကြာအောင် အသွားအပြန်ရထားစီးခဲ့ရပါတယ်

ကြည့်ရှုသူသန်းချီရှိတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးရုပ်သံ

မစ္စတာ နဗာလ်နီ မပြတ်ပြောလေ့ရှိတဲ့သတင်းစကားက သမ္မတ ပူတင်ရဲ့ပါတီဟာ ‘‘လူလိမ်လူညစ်နဲ့ သူခိုးတွေ’’နဲ့ ပြည့်နေတယ်ဆိုတာပါ။

သမ္မတဟာ ကရင်မလင်နန်းတော်မှာပဲ လုပ်ပိုင်ခွင့်အာဏာတွေ စုကိုင်ထားပြီး ရုရှားကို ‘‘မြေရှင်ပဒေသရာဇ်နိုင်ငံတစ်နိုင်ငံ’’ဖြစ်စေကာ ‘‘နိုင်ငံကို ဂုတ်သွေးစုပ်’’ နေတယ်လို့လည်း သူက စွပ်စွဲပြောဆိုပါတယ်။ အဲဒီစနစ်ကြောင့်ပဲ ရုရှားဟာ ဇာဘုရင် အုပ်စိုးတာနဲ့တူနေတယ်လို့လည်း သူက ပြောပါတယ်။

ရုရှားလူငယ်တွေနားလည်နိုင်တဲ့အပြောမျိုးနဲ့ သူပြောပြီး အဲဒီအပြော အားကောင်းလာအောင် လူမှုကွန်ရက်ကို သူအသုံးချပါတယ်။ သူ့ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဖောင်ဒေးရှင်း(FBK) ဟာ တရားဝင်အဂတိလိုက်စားမှုတွေအကြောင်းကို အသေးစိတ်ဖော်ထုတ်ပါတယ်။

Image shows the palace on the Black Sea

ဓာတ်ပုံ ရင်းမြစ်, YouTube / Alexei Navalny

ဓာတ်ပုံ ပုံစာ, မစ္စတာနဗာလ်နီရဲ့ ဖော်ထုတ်မှုမှာ ကြီးမားကျယ်ပြောတဲ့ အိမ်တော်ကြီးထဲမှာ လောင်းကစားရုံ၊ ရေခဲပြင်စကိတ်စီးကွင်းနဲ့ စပျစ်ခင်းကြီးပါဝင်ပါတယ်

ဇန်နဝါရီလထဲမှာ မစ္စတာ နာဗာလ်နီ ဖမ်းဆီးခံရပြီးတဲ့နောက် သူ့ရဲ့အဖွဲ့တော်သားတွေက ယူကျူ့မှာ ‘‘ပူတင်ရဲ့ အိမ်တော် ’’ ဆိုတဲ့ ရုပ်သံတစ်ခုကို ဖြန့်ပါတယ်။ အဲဒီဗီဒီယိုထဲမှာတော့ သမ္မတပူတင်ကို ကြွယ်ဝတဲ့သူ့မိတ်ဆွေတွေက လက်အောင် ပေးခဲ့တာလို့ဆိုတဲ့ ပင်လယ်နက်ထဲက ဇိမ်ခံနန်းတော်ကြီးအကြောင်းကို အဓိကပြောထားပါတယ်။

အဲဒီရုပ်သံကို ကြည့်ရှုမှုအကြိမ် သန်း ၁၀၀ အထိရှိထားပါတယ်။ ကရင်မလင်နန်းတော်ကတော့ ဒီရုပ်သံဟာ ‘‘အတုအယောင်စုံစမ်းစစ်ဆေးမှု’’ ဖြစ်တယ်လို့ ပယ်ချပြောဆိုသလို သမ္မတ ပူတင်ကလည်း အဲဒီရုပ်သံဟာ ‘‘ညီးငွေ့စရာ’’ ရုပ်သံလို့ဆိုပြီး စွပ်စွဲချက်တွေကို ငြင်းဆိုပါတယ်။ နောက်ပိုင်းမှာတော့ သမ္မတပူတင်ရဲ့ အနီးဆုံး မိတ်ဆွေတွေထဲက တစ်ဦးဖြစ်တဲ့ ဘီလျံနာ စီးပွားရေးသမား အာခါဒီ ရိုတန်ဘာ့ဂ် ကတော့ အဲဒီအိမ်ကြီးကို သူပိုင်တယ်လို့ ထုတ်ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်မှာ မော်စကိုမြို့က တရားရုံးကြားနာမှုမှာတွေ့ရတဲ့ နဗာလ်နီ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, မော်စကိုကို ပြန်ရောက်ပြီ - အလက်ဇီ နဗာလ်နီတစ်ယောက် ဖမ်းဆီးခံရချိန်မှာ ရုပ်သံထုတ်လွှင့်တာတောင် လုပ်ခဲ့ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မစ္စတာ နဗာလ်နီ ထောင်ဒဏ်ချမှတ်ခံရတဲ့အခါ အသက်အန္တရာယ်စိုးရိမ်ရတယ်ဆိုတဲ့အချက်နဲ့ မစ္စတာ နဗာလ်နီကို ချက်ချင်းပြန်လွှတ်သင့်တယ်လို့ ဥရောပ လူ့အခွင့်အရေးဆိုင်ရာခုံရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားကတော့ အဲဒီဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပါတယ်။

မော်စကိုမြို့ အရှေ့ပိုင်း မိုင်ပေါင်း ၆၀ နီးပါးမှာရှိတဲ့ ဗလက်ဒီမီယာ ထောင်မှာရှိနေချိန် အာဏာပိုင်တွေကို ဆန္ဒပြတဲ့အနေနဲ့ မစ္စတာ နဗာလ်နီတစ်ယောက် အစာအငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ အာဏာပိုင်တွေဟာ သူ့မှာခံစားနေရတဲ့ ခြေထောက်နဲ့ ကျောပြဿနာတွေကို သင့်တင်မျှတတဲ့ကုသခွင့် မပေးဘူးဆိုပြီး အခုလိုဆန္ဒပြခဲ့တာဖြစ်ပါတယ်။

အငြင်းပွားစရာကောင်းတာကတော့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ဟာ သူ့ကို ‘‘နိုင်ငံရေးအကျဥ်းသား’’ ဆိုတဲ့ရည်ညွန်းသုံးနှုန်းမှုကို ဖေဖော်ဝါရီလမှာ ပြန်ရုပ်သိမ်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ကို အဲဒီလို စာရင်းပယ်ဖျက်တာနဲ့ပတ်သက်ပြီး လှုံ့ဆော်မှုတွေကြုံခဲ့ရတာကြောင့် AI အဖွဲ့ဟာ သူတို့ဆုံးဖြတ်ချက်ကို ပြန်လည်ပြောင်းလဲခဲ့ပါတယ်။

အဓိက ပြဿနာကတော့ မစ္စတာ နဗာလ်နီတစ်ယောက် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ပြောခဲ့ဖူးတဲ့ မှတ်ချက်စကားကြောင့်ဖြစ်ပါတယ်။ ၂၀၀၇ တုန်းက ရုပ်သံဗီဒီယိုတွေမှာတော့ မစ္စတာ နဗာလ်နီက တိုင်းရင်းသားပဋိပက္ခကို ဆွေးမြေ့နေတဲ့သွားတစ်ချောင်းနဲ့နှိုင်းယှဥ်ပြီး ရွှေ့ပြောင်းနေထိုင်သူတွေကို ပိုးဟပ်တွေလို နှိုင်းယှဥ်ပြောထားပုံတွေ့ရပါတယ်။ ယူကရိန်းပိုင်နက် ခရိုင်းမီးယားကျွန်ဆွယ်ကို ရုရှားက ၂၀၁၄ ခုနှစ်မှာ ကျူးကျော်ခဲ့တာကြောင့် နိုင်ငံတကာရှုတ်ချ ပြောဆိုမှုတွေ ရှိခဲ့ပေမဲ့ သူက ခရိုင်းမီးယားကျွန်းဆွယ်ကို ‘‘ရုရှားက တစ်ဖက်သတ် ပိုင်ဆိုင်တယ်’’ လို့ ပြောခဲ့ဖူးပါတယ်။

၂၀၁၂ ခုနှစ်တုန်းက မော်စကိုမြို့မှာ ရဲထိန်းသိမ်းတာခံနေရတဲ့ မစ္စတာနဗာလ်နီ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၁၂ ခုနှစ်တုန်းက မော်စကိုမြို့မှာ ရဲထိန်းသိမ်းတာခံနေရတဲ့ မစ္စတာနဗာလ်နီ

ဒီအတောအတွင်းမှာ ရုရှားအစိုးရဟာ မစ္စတာ နဗာလ်နီကို ပြစ်ဒဏ်ပေးတာတွေ ဆက်ပြီးလုပ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ထောင်ဒဏ်ကျခံနေရတဲ့ထောင်ထဲမှာ သူမရှိတော့တာကို သိသွားပြီးတဲ့နောက် သူ့အဖွဲ့သားတွေက မစ္စတာ နဗာလ်နီအတွက် စိုးရိမ်ကြောင်းထုတ်ပြောခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ပြည်ထောင်စုအဆင့် အကျဥ်းထောင်အရာရှိတွေက သူ့ကို မော်စကိုမြို့ကနေ ၁၅၅ မိုင်အကွာအဝေးမှာရှိပြီး နာမည်ထွက်တဲ့ IK-6 အကျဥ်းထောင်ကို ပို့ခဲ့တဲ့အကြောင်း ဝန်ခံခဲ့ကြပါတယ်။ မစ္စတာ နဗာလ်နီကတော့ သူ အဲဒီမှာ မကြာခဏ တိုက်ပိတ်ခံခဲ့ရတဲ့အကြောင်းပြောပါတယ်။

သူ့ရဲ့နောက်ဆုံး ထောင်ဒဏ်ကိုတော့ တရားသူကြီးတွေက ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာ ဆုံးဖြတ်ခဲ့ပြီး သူ့ရဲ့ ထောင်ဒဏ်ဟာ ၁၉ နှစ် ထပ်မံချမှတ်ခံခဲ့ရပါတယ်။ ဒီ‌ထောင်ဒဏ်ကြောင့်ပဲ သူဟာ ရုရှားမှာ အန္တရာယ်အရှိဆုံး ရာဇဝတ်သားတွေကို ပို့လေ့ရှိတဲ့ လုံခြုံရေးအမြင့်ဆုံး အကျဥ်းထောင်ကို သူအပို့ခံခဲ့ရပါတယ်။

၂၀၁၈ ခုနှစ်မှာ ဥရောပ လူ့အခွင့်အရေးဆိုင်ရာတရားရုံးရှေ့မှောက် ကြားနာမှုမလုပ်ခင် တွေ့ရတဲ့ မစ္စတာ နဗာလ်နီ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ၂၀၁၈ ခုနှစ်မှာ ဥရောပ လူ့အခွင့်အရေးဆိုင်ရာတရားရုံးရှေ့မှောက် ကြားနာမှုမလုပ်ခင် တွေ့ရတဲ့ မစ္စတာ နဗာလ်နီ

မစ္စတာ နဗာလ်နီတစ်ယောက် အခုလို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခံရတာဟာ သူ့ရဲ့ လှုံ့ဆော်လှုပ်ရှားမှုတွေဟာ အရှိန်ရလာတာကို မစ္စတာပူတင်နဲ့ သူ့အစုအဖွဲ့တွေဘက်က စိုးရိမ်ချက်ရှိတယ်ဆိုတာကိုလည်း ထင်ဟပ်နေတယ်လို့ ဆိုဗီယက်ခေါင်းဆောင်ဟောင်း နီကီတာ ခရူးချော့ဗ်ရဲ့ မြစ်လည်းဖြစ်၊ နိုင်ငံတကာရေးရာကျွမ်းကျင်သူလည်းဖြစ်တဲ့ ပါမောက္ခ နီနာ ခရူးချော့ဗနာ က ဘီဘီစီကို အဲဒီတုန်းက ပြောထားပါတယ်။

‘‘ပူတင်ဟာ သူ့(နဗာလ်နီ)ရဲ့နာမည်ကိုတောင် မပြောဖူးဘူး။ ကရင်မလင်နန်းတော်က ဘယ်သူမှလည်း သူ့နာမည် ထည့်ပြောလို့မရဘူး’’ လို့ သူက ပြောပြီး ဟယ်ရီပေါ်ဇာ ဇာတ်လမ်းထဲမှာ ဗော့ဒီမော့ကို နာမည်မပြောဘဲ ရည်ညွှန်းပြောဆိုကြပုံနဲ့ သူက ခိုင်းနှိုင်းပြပါတယ်။

‘‘နဗာလ်နီဟာ ပူတင်ရဲ့ ပုဂ္ဂလိကအာဏာအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်။ ပူတင်ရဲ့ ဂုဏ်သတင်းကျော်ဇောမှုအတွက်ရောပေါ့။ ပူတင်ကလည်း သူ့ရန်သူကို ဘယ်တော့မှာ ပေါ့သေးသေး မဆက်ဆံဘူး။ နဗာလ်နီကလည်း ရုရှားမှာ သူတို့ပြောနေကျစကားလိုပေါ့ ပူတင်ရဲ့ပုဂ္ဂိုလ်ရေးဆန်ဆန်ရန်သူတော် လက်မှတ် ရသွားတာပေါ့လေ’’

နဗာလ်နီ ဘာကြောင့် ထောင်ဒဏ်ချမှတ်ခံရတာလဲ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်မှာ မော်စကိုမြို့က တရားရုံးတစ်ရုံးဟာ လိမ်လည်မှုအတွက် ၂၀၁၄ ခုနှစ်တုန်းကချမှတ်ခဲ့တဲ့ဆိုင်းငံ့ထောင်ဒဏ်ပါ အချက်တွေကို ချိုးဖောက်မှုနဲ့ မစ္စတာ နဗာလ်နီကို ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်အတွင်း ရဲဆီကို ပုံမှန်သတင်းပေးပို့ဖို့ ပျက်ကွက်တယ်ဆိုပြီး အမှုတည်ဆောက်ခံရတာပါ။ သူ့ရဲ့ရှေ့နေအဖွဲ့ကတော့ မစ္စတာ နဗာလ်နီတစ်ယောက် ဆိုက်ဘေးရီးယားမှာ နိုဗီချော့အဆိပ်မိလို့ ဘာလင်မြို့မှာ အရေးပေါ်ဆေးကုသမှုခံယူခဲ့ရတာကို အာဏာပိုင်တွေကပြည့်ပြည့်စုံစုံသိရှိထားတာကြောင့် ဒီတရားစွဲဆိုမှုဟာ အဓိပ္ပါယ်မရှိဘူးလို့‌ ပြောပါတယ်။ မစ္စတာ နဗာလ်နီကတော့ အဲဒီအချိန်ကာလအပိုင်းအခြားမှာ သူဟာ မေ့မြောနေခဲ့တယ်ဆိုတာကိုတာကို သတိချပ်မိအောင် တရားရုံးကို ပြောပြခဲ့ပါတယ်။

၂၀၁၃ ခုနှစ်တုန်းကတော့ မစ္စတာ နဗာလ်နီဟာ ကီရော့မှာရှိတဲ့တရားခွင်ကို တက်ဖို့ နာရီနဲ့ချီကြာမြင့်တဲ့ ရထားစီးပြီး ခေါက်တုံ့ခေါက်ပြန် တရားခွင်တက်ခဲ့ရပါတယ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၁၃ ခုနှစ်တုန်းကတော့ မစ္စတာ နဗာလ်နီဟာ ကီရော့မှာရှိတဲ့တရားခွင်ကို တက်ဖို့ နာရီနဲ့ချီကြာမြင့်တဲ့ ရထားစီးပြီး ခေါက်တုံ့ခေါက်ပြန် တရားခွင်တက်ခဲ့ရပါတယ်

ဓာတုအဆိပ်နဲ့လုပ်ကြံမခံရခင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလနဲ့ သြဂုတ်လအတွင်းမှာ ရဲတပ်ဖွဲ့ဆီမှာ တစ်လကို ၂ ကြိမ် သတင်းပို့ခဲ့တဲ့အကြောင်း မစ္စတာ နဗာလ်နီက ပြောပါတယ်။ လိမ်လည်မှုဟာ တမင်အမှုဆင်ခံရတာဆိုပြီး သူက ပယ်ချပေမဲ့ တရားရုံးကတော့ သူ့ကို ငြင်းဆိုခွင့် ပိတ်ခဲ့ပါတယ်။

အဲဒီအမှုကတော့ ပြင်သစ်အလှကုန် တံဆိပ် Yves Rocher ရဲ့ ရုရှားလုပ်ငန်းခွဲတစ်ခုနဲ့ ကျွန်းသစ်ကုမ္ပဏီ Kirovles တို့ဆီကနေ ငွေကြေးအလွဲသုံးစားမှုလုပ်တယ်ဆိုပြီး စွပ်စွဲခံခဲ့ရတာပါ။ သူ့ရဲ့ညီဖြစ်သူ အိုလက်ကတော့ ထောင် ၃ နှစ်ခွဲ ချမှတ်ခံရပြီး သူကတော့ ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံရပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းက မော်စကိုမြို့က လူထုစုဝေးပွဲမှာ တွေ့ရတဲ့ မစ္စတာ နဗာလ်နီ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၂၀၂၀ ပြည့်နှစ်တုန်းက မော်စကိုမြို့က လူထုစုဝေးပွဲမှာ တွေ့ရတဲ့ မစ္စတာ နဗာလ်နီ

အဲဒီ ၂၀၁၄ လိမ်လည်မှုပြစ်မှုကိုပဲ ဥရောပလူ့အခွင့်အရေးခုံရုံးက ၂၀၁၆ ခုနှစ်မှာ ရှုတ်ချခံရပါတယ်။ မစ္စတာ နဗာလ်နီရဲ့ အခွင့်အရေးတွေချိုးဖောက်ခံရတယ်ဆိုတာ ဥရောပလူ့အခွင့်အရေးခုံရုံးက တွေ့ရှိခဲ့ပြီး မစ္စတာ နဗာလ်နီနဲ့ အိုလက်ကို နစ်နာကြေးပေးဖို့ ရုရှားအပေါ် ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ရုရှားတရားရုံးချုပ်က ဒီအမှုပြစ်မှုကို ဆက်ပြီး အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီလို အမိန့်ချခံရအပြီးမှာတော့ သူဟာ မော်စကိုမြို့အရှေ့ပိုင်း မိုင် ၆၀ နီးပါးအကွာက ဗလာဒီမီယာ အကျဥ်းထောင်မှာ ထောင်ဒဏ်ကျခံရပါတယ်။

အဲဒီနောက် ၂၀၂၂ ခုနှစ် မတ်လမှာတော့ ဒီအမှုနဲ့ပဲ ဆက်စပ်ပြီး အလွဲသုံးစားလုပ်မှုစွဲချက်အသစ်နဲ့ တရားရုံးမထင်မဲ့မင်ပြုမှုတွေမှာ အပြစ်ရှိတယ်ဆိုပြီး ထောင်ဒဏ် ၉ နှစ် ထပ်မံချမှတ်ခံရပါတယ်။ အဲဒီနောက် သူဟာ မော်စကိုမြို့အရှေ့ပိုင်းနဲ့ မိုင် ၁၅၀ နီးပါးအကွာက မီလက်ချိုဗိုမှာရှိတဲ့ အကျဥ်းထောင်သစ်ဆီ ရွှေ့ပြောင်းခံရပါတယ်။

အဲဒါအပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာတော့ အစွန်းရောက်အဖွဲ့အစည်းတွေနဲ့ လှုပ်ရှားမှုတွေကို ငွေကြေး ထောက်ပံ့မှု၊ ဖွဲ့စည်းမှုနဲ့ စွပ်စွဲခံရပြီးတဲ့နောက် ‌ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံရပါတယ်။

ကြားနာမှုမတိုင်ခင်တုန်းကတော့ သူက မစ္စတာပူတင်ကို ဆန့်ကျင်တဲ့တခြားသူတွေကို နမူနာပြချင်တဲ့ ‘‘စတာလင်’’ပုံစံ ထောင်ဒဏ်ချမှတ်မှု သားကောင်ဖြစ်ရတယ်လို့ ပြောပြီး ရုရှားတွေအနေနဲ့ ‘‘ကရင်မလင်မှာရှိတဲ့ လူကြမ်းတွေနဲ့ သူခိုး’’တွေကို တွန်းလှန်ကြဖို့ တိုက်တွန်းထားပါတယ်။

‘နိုဗီချော့’ အဆိပ်နဲ့လုပ်ကြံမှုကနေ လွတ်မြောက်မှု

မစ္စတာနဗာလ်နီနဲ့ အသက် ၆၉ နှစ်အရွယ် သမ္မတပူတင်တို့ကြားက ပွဲဟာ ပုဂ္ဂိုလ်ရေးဆန်လွန်းလှပါတယ်။ သူက သမ္မတဟာ နိုင်ငံတော်ကခန့်ထားတဲ့စုံထောက်တွေကိုသုံးပြီး သူ့ကို အဆိပ်နဲ့လုပ်ကြံတယ်လို့ စွပ်စွဲပြီး အဲဒါကို တရားခွင်မှာ ထပ်ချည်းတလဲလဲ ပြောခဲ့ပါတယ်။

‘‘သူနဲ့ ကျွန်တော့်ကြား ဆုံကြရမယ့်လမ်းကတော့ သူ(သမ္မတပူတင်) ထောင်ကျသွားတဲ့သမိုင်းပဲ’’ လို့ နဗာလ်နီက တရားခွင်မှာပြောပါတယ်။ ‘‘ကျွန်တော်တို့မှာ လွတ်မြောက်ချင်းကို ဆောင်ကျဥ်းပေးတဲ့ အလက်ဇန်းဒြား၊ ပညာရှိ ယာရော့ဆလပ်လည်း ရှိပြီ။ အတွင်းခံဘောင်းဘီ အကျဥ်းသား ပူတင် ရှိဖို့ပဲ ကျန်တော့တယ်’’

နဗာလ်နီတစ်ယောက် ဒီဇင်ဘာလမှာ ရုရှား FSB အစိုးရထောက်လှမ်းရေးသမားနဲ့ ဖုန်းပြောချိန် အဲဒီထောက်လှမ်းရေးက ရုရှားရဲ့ အဆိပ်အတောက်မြင့် ဓာတုလက်နက်ဖြစ်တဲ့ နိုဗီချော့ကို နဗာလ်နီနဲ့အတွင်းခံမှာ သုတ်ထားခဲ့တယ်လို့ ထုတ်ပြောခဲ့အပြီးမှာ အတွင်းခံဘောင်းဘီဆိုတဲ့ စကားလုံးဟာ ရုရှားလူမှုကွန်ရက်မှာ အပြောင်အပျက်စကားလုံးဖြစ်ခဲ့ပါတယ်။

အလက်ဇီ နဗာလ်နီဟာ လုံခြုံရေးအရာရှိတစ်ယောက်ဟန်ဆောင်ပြီး FSB ထောက်လှမ်းရေးဆီကို ဖုန်းဖုန်းခေါ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အလက်ဇီ နဗာလ်နီဟာ လုံခြုံရေးအရာရှိတစ်ယောက်ဟန်ဆောင်ပြီး FSB ထောက်လှမ်းရေးဆီကို ဖုန်းဖုန်းခေါ်ခဲ့

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လတုန်းက မစ္စတာ နဗာလ်နီဟာ ဆိုက်ဘေးရီးယားကို သွားတဲ့လေယာဥ်ပေါ်မှာလဲကျခဲ့တာကြောင့် အွန့်စ်ခ်မှာရှိတဲ့ ဆေးရုံကို အမြန်တင်ခဲ့ရပါတယ်။ အဲဒီလို အရေးပေါ် လေယာဥ်ဆင်းသက်ခဲ့တာကြောင့်ပဲ သူ့အသက် ချမ်းသာရာရခဲ့တာပါ။ အဲဒီနောက် မစ္စတာနဗာလ်နီကို လေယာဥ်နဲ့ခေါ်ပြီး ဘာလင်မြို့မှာ ဆေးကုသခွင့်ပေးဖို့ ဂျာမနီအခြေစိုက်စေတနာ့ဝန်ထမ်းအဖွဲ့ တစ်ဖွဲ့က ရုရှားအာဏာပိုင်တွေကို ဖြောင်းဖျခဲ့ပါတယ်။

စက်တင်ဘာလ ရောက်တဲ့အခါမှာတော့ ဂျာမနီအစိုးရက ‘‘နို‌ဗီ‌ချော့ ဓာတုအဆိပ်မျိုးနွယ်ဝင် ဓာတုအဆိပ်တစ်မျိုးကို တွေ့ရှိခဲ့တယ်လို့ ဆေးစစ်ချက်တွေကို အခြေခံပြီး သတင်းထုတ်ပြန်ပါတယ်။ ကရင်မလင်နန်းတော်ကတော့ ဒီဖြစ်ရပ်မှာ သူတို့ မပါဝင်ဘူးလို့ ငြင်းဆိုသလို နိုဗီချော့အဆိပ်သုံး တယ်ဆိုတဲ့ တွေ့ရှိချက်ကိုလည်း ပယ်ချပါတယ်။

ဥရောပသမဂ္ဂဟာ ရုရှားထိပ်တန်းအရာရှိ ၆ ဦးနဲ့ ရုရှားဓာတုလက်နက်သုတေသန စင်တာတစ်ခုကို ဓာတုအဆိပ်လုပ်ကြံမှုမှာ တိုက်ရိုက်ပါဝင်မှုနဲ့စွပ်စွဲပြီး အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရုရှားဘက်ကလည်း အပြန်အလှန်ပိတ်ဆို့မှုတွေ ပြန်လုပ်ဖို့ တုံ့ပြန်ခဲ့ပါတယ်။

နိုဗီချော့ဟာ ရုရှားသူလျှိုဟောင်း ဆာဂေး စခရစ်ပဲလ်နဲ့ သူ့သမီး ယူလီယာတို့ အင်္ဂလန်က ဆော(စ်)ဘရီမြို့မှာ ၂၀၁၈ ခုနှစ်တုန်းက သေဆုံးလုနီးနီးဖြစ်စေခဲ့တဲ့ ဓာတုလက်နက်ဖြစ်ပါတယ်။ နိုဗီချော့ဓာတုအဆိပ်မိလို့ ဒေသခံအမျိုးသမီးတစ်ယောက်လည်း နောက်ပိုင်းမှာ သေဆုံးခဲ့ပါတယ်။

ဘာလင်မြို့မှာ ပြန်ထူထူထောင်ထောင်ဖြစ်လာအောင် အားယူနေတဲ့ အလက်ဇီ နဗာလ်နီကို ဖြစ်သူ ယူလီယာနဲ့ သားဖြစ်သူ ဇက်ခါတို့နဲ့အတူ မြင်ရတာဖြစ်ပါတယ်
ဓာတ်ပုံ ပုံစာ, ဘာလင်မြို့မှာ ပြန်ထူထူထောင်ထောင်ဖြစ်လာအောင် အားယူနေတဲ့ အလက်ဇီ နဗာလ်နီကို ဖြစ်သူ ယူလီယာနဲ့ သားဖြစ်သူ ဇက်ခါတို့နဲ့အတူ မြင်ရတာဖြစ်ပါတယ်

နဗာလ်နီကို နိုင်ငံတော်က စောင့်ကြည့်နေတဲ့အကြောင်း မစ္စတာပူတင်က ဝန်ခံခဲ့ပါတယ်။ စောင့်ကြည့်ရတဲ့ အကြောင်းကတော့ အမေရိကန်သူလျှိုတွေဟာ မစ္စတာ နဗာလ်နီကို အကူအညီပေးနေတယ်လို့ သူ စွပ်စွဲပါတယ်။

စုံစမ်းထောက်လှမ်းဖော်ထုတ်အဖွဲ့ Bellingcat ရဲ့ စောင့်ကြည့်မှုအရတော့ အာဏာပိုင်တွေရဲ့ ငြင်းဆိုမှုတွေရှိနေပေမဲ့ ရုရှားထောက်လှမ်းရေးအဖွဲ့ FSB ဟာ မစ္စတာနဗာလ်နီဘေးမှာ အရိပ်တစ်ခုလို ပါနေတာ ကြာမြင့်နေဆိုတာ ပြသနေပါတယ်။ နဗာလ်နီကို အဆိပ်နဲ့လုပ်ကြံတဲ့ သံသယဖြစ်စရာ ထောက်လှမ်းရေးနာမည်တွေကိုတောင် Bellingcat အဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။

Alexei Navalny at trial in Kirov, 18 July 2013

ဓာတ်ပုံ ရင်းမြစ်, AFP

အလက်ဇီ နဗာလ်နီ ကိုယ်ရေးအကျဥ်း

  • မော်စကိုမြို့အနောက်ပိုင်းက ရွာလေးတစ်ရှာဖြစ်တဲ့ ဘူတင်မှာ ၁၉၇၆ ခုနှစ်၊ ဇွန်လ ၄ ရက်မှာမွေးဖွား
  • အာတိတ်ဒေသ ယမာလို နန့်နတ်စ်ခရိုင်ထဲမှာရှိတဲ့ အကျဥ်းထောင်မှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ သေဆုံး
  • မော်စကိုမြို့ အနောက်တောင်ပိုင်း ၆၂ မိုင်အကွာက အော့ဘ်နင့်စ်ခ်မြို့ငယ်မှာ ကြီးပြင်းခဲ့
  • မော်စကိုမြို့ ပြည်သူ့မိတ်ဖက်တက္ကသိုလ်ကနေ ဥပဒေအထူးပြုနဲ့ ၁၉၉၈ ခုနှစ်မှာ ဘွဲ့ရ
  • ယေး ကမ္ဘာ့ဖဲလိုးအစီအစဥ် ၂၀၁၀ ကျောင်းသားအနေနဲ့ အမေရိကန်မှာ ၁ နှစ်နေထိုင်ခဲ့
  • ‌ထောင်ဒဏ်မကျခင်အထိ ဇနီးသည် ယူလီယာ၊ ကလေး နှစ်ဦးနဲ့အတူ မော်စကိုမှာ နေထိုင်ခဲ့

အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုံ့ဆော်မှု

အကျဥ်းချခံထားရပေမဲ့ မစ္စတာ နဗာလ်နီဟာ ယူကရိန်းကို ရုရှားကတိုက်တဲ့စစ်ပွဲကို ဆန့်ကျင်ရေးမှာ ပြည်တွင်းက ဦးဆောင်ထုတ်ပြောတဲ့အသံတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ မေလမှာ တရားရုံးကြားနာမှုပြုလုပ်ချိန် သူက မစ္စတာပူတင်ကို ‘‘ရည်ရွယ်ချက်မဲ့ပြီး အဓိပ္ပာယ်မရှိတဲ့’’ ‘‘ဉာဏ်မဲ့တဲ့စစ်ပွဲ’’ကို စတင်ခဲ့တယ်လို့ စွပ်စွဲပါတယ်။ စက်တင်ဘာလမှာတော့ ရုရှား အထက်လွှာလူတန်းစားတွေကို ‘‘ယူကရိန်းနဲ့ပတ်သက်ပြီး သွေးဆာ တပ်မက်နေကြတယ်’’လို့ ဝါရှင်တန်ပို့စ်အတွက်ရေးတဲ့ဆောင်းပါးတစ်စောင်မှာ စွပ်စွဲပြောဆိုပါတယ်။

သူထောင်ကျနေစဥ်အတွင်း သူ့ရဲ့ဖောင်ဒေးရှင်းဟာ ရုရှားအစိုးရကို ကန့်ကွက်တာတွေဆက်ပြီးလှုပ်ရှားပါတယ်။ အဲဒီထဲမှာ ယူကရိန်းမှာ တိုက်ခိုက်ဖို့ အရပ်သား သုံးသိန်းနီးပါးကို ဖြန့်ကြက်မှုကို ဆန့်ကျင်ကြောင်း ထုတ်ပြောတာနဲ့ ရုရှားနိုင်ငံအတွင်းမှာ ‘‘ဘက်တစ်ခုဘက်ကိုသာရပ်တည်တဲ့ မြေအောက်’’ လှုပ်ရှားတစ်ခုဖြစ်လာလို့ မေတ္တာရပ်ခံတာတွေလုပ်ခဲ့တာလည်း ပါဝင်ပါတယ်။

နဗာလ်နီကို ထောက်ခံသူတွေကို ၂၀၁၃ ခုနှစ်တုန်းက မြင်တွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၁၃ ခုနှစ်တုန်းက ပြုလုပ်တဲ့ မြို့တော်ဝန်ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာတော့ လူတွေရဲ့ စိတ်ဝင်စား အာရုံစိုက်မှုရခဲ့ပါတယ်

သူဟာ နိုင်ငံတဝန်းက ဆန္ဒပြပွဲတွေကို နှစ်ပေါင်းများစွာကြာအောင် ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၈ ခုနှစ်မှာတော့ လိမ်လည်မှုပြစ်မှုကြောင့် မဲဆန္ဒရှင်တွေရဲ့မဲနဲ့ မစ္စတာပူတင်ကို စိန်ခေါ်ဖို့ ရွေးကောက်ပွဲဝင်ခွင့် တားမြစ်ခံခဲ့ရပါတယ်။

မစ္စတာ နဗာလ်နီဟာ နိုဗီချော့ အဆိပ်နဲ့လုပ်ကြံမခံရခင် ရုပ်ပိုင်းဆိုင်ရာထိခိုက်နိုင်တဲ့အန္တရာယ်တွေနဲ့ ရုရှားမှာ အသားကျခဲ့သူဖြစ်ပါတယ်။ ထပ်ချည်းတလဲလဲ ဖမ်းဆီးတာလည်း ခံခဲ့ရသူဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ သူဟာ ထောင်ထဲမှာရှိနေချိန် အရေပြားယောင်ရမ်းနာကျင်မှုဖြစ်ခဲ့ပါတယ်။ သူ့ဆရာဝန်ကတော့ မစ္စတာ နဗာလ်နီဟာ ‘‘အဆိပ်အတောက်ဖြစ်စေတဲ့ဓာတ်’’ တစ်မျိုးတဲ့ ထိမိခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

သူဟာ ဆေးစိမ်းကြီးအရည်နဲ့ အပက်ခံရမှု ၂ ကြိမ်ဖြစ်ခဲ့ပြီး အဲဒီလိုအပက်ခံရလို မျက်လုံးတစ်ဖက်ဟာ ဓာတုဆေးလောင်နာဖြစ်ခဲ့ပါတယ်။

ရုရှားမှာ နိုင်ငံရေးအင်အားတစ်ခုအဖြစ် သူ မြင့်တက်လာမှုဟာ ၂၀၀၈ ခုနှစ်မှာစတင်ပါတယ်။ ရုရှားရဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းစုကြီးအချို့မှာဖြစ်နေတဲ့ အဂတိမှုနဲ့ မလျော်မကန်လုပ်မှုတွေအကြောင်းကို အွန်လိုင်းမှာ စွပ်စွဲရေးသားတာတွေကြောင့်ဖြစ်ပါတယ်။

သူ့ရဲ့နည်းလမ်းတွေထဲကတစ်ခုကတော့ ရေနံကုမ္ပဏီကြီးတွေ၊ ဘဏ်တွေနဲ့ ဝန်ကြီးဌာန လုပ်ငန်းတွေမှာ အသေးစားရှယ်ယာရှင်အဖြစ်ပါဝင်ပြီး နိုင်ငံပိုင်ဘဏ္ဍာငွေကြေးမှာ ယိုပေါက်ဖြစ်နေတာတွေကို မေးခွန်းထုတ်တာဖြစ်ပါတယ်။

မော်စကိုမြို့က ခရိုင်တရားရုံးတစ်ခုကြားနာမှုကို တက်နေတဲ့ နဗာလ်နီကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှာ မြင်တွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မော်စကိုမြို့က ခရိုင်တရားရုံးတစ်ခုကြားနာမှုကို တက်နေတဲ့ နဗာလ်နီကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှာ မြင်တွေ့ရတာဖြစ်ပါတယ်

ငွေကြေးအလွဲသုံးမှုအတွက် ၂၀၁၃ ခုနှစ်၊ ဇူလိုင်မှာ ကီရော့ဗ်မြို့မှာ သူ ထောင်ဒဏ် ခဏချမှတ်ခံရတဲ့အခါ စုစုပေါင်း ထောင် ၅ နှစ်ဆိုတဲ့ပြစ်ဒဏ်ဟာ နိုင်ငံရေးပယောဂပါတယ်လို့ အများက ရှုမြင်ခဲ့ကြပါတယ်။

၂၀၁၃ ခုနှစ်မှာပဲ မော်စကိုမြို့တော်ဝန်ရွေးကောက်ပွဲအတွက် မဲဆွယ်ဖို့ သူ အကျဥ်းထောင်ကနေ ထွက်ခွင့်ရခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ သူဟာ ပူတင်ရဲ့မဟာမိတ်ထက်ကို မဲမကျော်နိုင်ခဲ့ပေမဲ့ မဲတွေရဲ့ ၂၇ ရာခိုင်နှုန်းရခဲ့ပြီး ဒုတိယမဲအများဆုံးဖြစ်ခဲ့ပါတယ်။

နိုင်ငံပိုင် ရုပ်သံကနေ မဲဆွယ်ခွင့်မရဘဲ အင်တာနက်နဲ့ လူသတင်း လူချင်းဆောင်မှုတွေနဲ့သာရခဲ့တဲ့ ဒီမဲမာဏဟာ သူ့အတွက် အချိုးအကွေ့ဖြစ်တဲ့ အောင်မြင်မှုဖြစ်ခဲ့ပါတယ်။

နဗာလ်နီကတော့ ရုရှားမှာ တရားမျှတမှုပေါ်စေချင်တယ်ဆိုရင် အနောက်နိုင်ငံတွေအနေနဲ့လုပ်နိုင်တာဟာ ‘‘ငွေမည်းတွေကို’’ တိုက်ဖျက်ဖို့ဖြစ်တယ်လို့ ဘီဘီစီနဲ့တွေ့ဆုံမေးမြန်းခဲ့ချိန်တုန်းက ပြောခဲ့ဖူးပါတယ်။

‘‘အဂတိလိုက်စားမှုမှာပါဝင်တဲ့သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို တရားစွဲဆိုမှုမှာပါဝင်တဲ့သူတွေကို ဒီ(အနောက်) နိုင်ငံတွေကို ပြည်ဝင်ခွင့် တားမြစ်တာ၊ ပြည်ဝင်ခွင့် ဗီဇာ ပယ်ချတာတွေကို လုပ်နေချင်တယ်’’