အင်ဒိုနီးရှားမှာ ၁၆ နှစ်အောက် ကလေးတွေကို လူမှုမီဒီယာသုံးခွင့် ပိတ်ဖို့ လုပ်ဆောင်နေ

ဖတ်ရန်အချိန်: မိနစ် ၃

လက်စ်သီယာ ကာတိုပက်တီ၊ အက်တုဒက်စ်ထရာ အာဂျန်ဂရာစတီ

ဘီဘီစီ အင်ဒိုနီးရှား

အွန်လိုင်းကနေ လူငယ်တွေကို အလွဲသုံး ပြုမူနေကြတာကို ကာကွယ်ဖို့အတွက် အသက် ၁၆ နှစ်အောက် ကလေးတွေကို လူမှုမီဒီယာနဲ့ တခြား နာမည်ကျော် အွန်လိုင်း ပလက်ဖောင်းတွေ ပိတ်ပင်တော့မယ်လို့ အင်ဒိုနီးရှားက ကြေညာပါတယ်။

နိုင်ငံရဲ့ ဆက်သွယ်ဆက်ဆံရေးနဲ့ ဒစ်ဂျစ်တယ်ရေးရာ ဝန်ကြီး မူယာ ဟက်ဖစ်က ၁၆ နှစ်အောက် ကလေးတွေ အတွက် "အန္တရာယ်များတဲ့" ပလက်ဖောင်းတွေကို မတ်လ ၂၈ ရက်နေ့က စပြီး ပိတ်ပင်မှာလို့ ပြောပါတယ်။

"ယူကျု၊ တစ်ခ်တော့၊ ဖေ့ဘွတ်၊ အင်စတာဂရမ်၊ Threads၊ X၊ Bigo Live၊ Roblox တွေကို စပိတ်ပါမယ်" လို့ ဟက်ဖစ်က ပြောပြီး အင်ဒိုနီးရှားဟာ " အသက်အရွယ်အလိုက် ဒစ်ဂျစ်တယ် ပလက်ဖောင်းကို ကန့်သတ်မှုလုပ်ရာမှာ အနောက်နိုင်ငံတွေ မဟုတ်တဲ့ နိုင်ငံတွေထဲ ပထမဆုံး နိုင်ငံပဲ" လို့ ဆိုပါတယ်။

အပိတ်ခံရတဲ့ လူမှုမီဒီယာ ပလက်ဖောင်းတွေဆီက တုံ့ပြန်မှုတော့ အခုဆောင်းပါးရေးချိန်မှာ မထွက်ပေါ်လာသေးပါဘူး။

"ကျွန်မတို့ရဲ့ ကလေးတွေဟာ ညစ်ညမ်းပုံတွေ၊ ဆိုက်ဘာ အနိုင်ကျင့်မှုတွေ၊ အွန်လိုင်းလိမ်လည်မှုတွေ၊ အွန်လိုင်း စွဲမှုတွေလို ခြိမ်းခြောက်မှုတွေကို ခံလာနေရတာ ပိုတိုးများလာနေတယ်" ဒါကြောင့်မို့ အစိုးရက ဒီခြေလှမ်းကို လှမ်းလိုက်တာလို့ ဝန်ကြီး မစ္စ ဟက်ဖစ်က ပြောပါတယ်။

ယူနီဆက်ဖ်က သူတို့ ၂၀၂၃ မှာ အင်ဒိုနီးရှား ကလေး အယောက် ၅၁၀ ကို စစ်တမ်းကောက်ကြည့်တဲ့အခါ တဝက်နီးပါးလောက်က လူမှုမီဒီယာမှာ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းပုံတွေကို တွေ့ဖူးကြတဲ့ အကြောင်း အစီရင်ခံဖူးပါတယ်။

ဒီ ပိတ်ပင်တားဆီးမှုနဲ့ ပတ်သက်ပြီး ဘီဘီစီက အသက် ၄၂ နှစ်အရွယ် အမန်ဒါ ကုဆုမို ကို မေးရာမှာ သူက "အလုပ်လုပ်နေရတဲ့ မိခင်တယောက်အဖို့ ကျွန်မရဲ့ ကလေး ၂ ယောက်ကို၊ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် သားကို သူ အွန်လိုင်းမှာ ဘာတွေ ကြည့်နေသလဲ ဆိုတာကို တချိန်လုံး စောင့်ကြည့်ဖို့ အချိန်မရှိပါဘူး" လို့ ပြန်ဖြေပါတယ်။

"အစိုးရက ဒီလို စည်းမျဥ်းမျိုးထုတ်တာက မိဘတွေရဲ့ ပူပင်မှုကို လျော့ပါးသက်သာစေပါတယ်" လို့လည်း သူက ပြောပါတယ်။

အမန်ဒါရဲ့ အသက် ၁၇ နှစ်အရွယ် သားဖြစ်သူ မက် ဂျိုးဇက်ကတော့ ဒီပိတ်ပင်မှုကို အကောင်းနဲ့ အဆိုး ၂ မျိုး မြင်ပါတယ်။

"ကလေးတွေအနေနဲ့ သူတို့ ဖုန်းကို ဘယ်လို သုံးရမယ်၊ ဘယ်လောက်အချိန်ပဲ သုံးရမယ်ဆိုတဲ့ စီမံခန့်ခွဲနိုင်စွမ်း အားနည်းပါတယ်။ ဒါပေမဲ့ အစိုးရက ဒီပလက်ဖောင်းအားလုံးကို ချွင်းချက်မရှိ အကုန်ပိတ်မယ့်အစား ပိုပြီး မှန်ကန်တဲ့၊ ပိုပြီးတော့ သိမ်မွေ့တဲ့ နည်းကို သုံးဖို့လိုပါတယ်" လို့ သူက ပြောပါတယ်။

လူမှုမီဒီယာမှာ လူငယ်တွေ နှစ်ခြိုက်ပျော်မွေ့စရာတွေ ရှိတယ်လို့ မက် ဂျိုးဇက်က မြင်ပါတယ်။ တကယ်လို့ သူတို့ အွန်လိုင်းကို အသုံးလျှော့စေချင်တယ် ဆိုရင် အစိုးရက တီဗီမှာ သူတို့အတွက် ကြည့်ချင်စရာတွေကို တိုးပီး လုပ်ပေးသင့်တယ်လို့ သူက အကြံပြုပါတယ်။

"ကျွန်တော်တို့ ကြိုက်မယ့် ကျွန်တော်တို့အတွက် ဖြစ်မယ့် ဖြေဖျော်ရေး အစီအစဥ်တွေ၊ ကျွန်တော်တို့ သင်ယူနိုင်တဲ့ တချိန်တည်း မှာပဲ ပျော်စရာ ဖြစ်စေတဲ့ အစီအစဥ်တွေ လုပ်ပေးလေ။"

အင်ဒိုနီးရှားရဲ့ ကလေးသူငယ် အကာအကွယ်ပေးရေး အေဂျင်စီကတော့ အခု အစိုးရရဲ့ ပိတ်ပင်ချက်ကို သူတို့ အသေအချာ မလေ့လာရ သေးသမျှ သူတို့ ဘာမှ မှတ်ချက် မပေးချင်ဘူးလို့ ဆိုပါတယ်။

သြစတြေးလျနိုင်ငံက အသက် ၁၆ နှစ်အောက် ကလေးတွေကို လူမှုမီဒီယာ ကုမ္ပဏီတွေအနေနဲ့ အသုံးပြုခွင့်မပေးဘဲ ပိတ်ပင်ဖို့ လုပ်ဆောင်တာကို ပထမဆုံး နိုင်ငံအဖြစ် ဒီဇင်ဘာလက စပြီးလုပ်ဆောင်ခဲ့ပြီးတဲ့နောက် အခုလို အင်ဒိုနီးရှားရဲ့ ပိတ်ပင်မှု ဖြစ်ပေါ်လာတာပါ။

စပိန်နိုင်ငံ အပါအဝင် တခြားနိုင်ငံ တချို့ကလည်း သူတို့ သြစတြေးလျရဲ့ နမူနာကို လိုက်ပါ လုပ်ဆောင်မယ်လို့ ဆိုထားပါတယ်။