ဆောနယ်က ၆ ဦး သတ်ဖြတ်ခံရမှုနောက်ဆက်တွဲမေးခွန်းများ

ဓာတ်ပုံ ရင်းမြစ်, YDF
မကွေးတိုင်းဒေသကြီး၊ ဆောမြို့၊ ဇေယျာရပ်ကွက်မှာ ပြီးခဲ့တဲ့သြဂုတ်လ ၂၁ ရက် ညပိုင်းက အသက် ၁၃ နှစ် အရွယ်မိန်းကလေး အပါအ၀င်မိသားစု၀င် ၅ ဦးနဲ့ ဧည့်သည်တစ်ဦး စုစုပေါင်း ၆ ဦး နေအိမ်အတွင်းမှာရှိနေစဥ် အသတ်ခံရမှုဖြစ်ပွားခဲ့တဲ့အပေါ် နောက်ဆက်တွဲမေးခွန်းတွေများစွာထွက်ပေါ်လာပါတယ်။
ဒီ ၆ ဦးဟာ ဆောမြို့နယ်အတွင်း စစ်ကောင်စီကို သတင်းပေးပြီး ဒေသခံလူငယ်တွေကိုဖမ်းဆီးစေတာ၊ စစ်ကြောင်းတွေကိုလမ်းပြပြုလုပ်တာ၊ မူးယစ်ဆေး၀ါးရောင်းချတာ၊ ဒေသခံလူထုဆီက ငွေညှစ်တာ၊ လောင်းကစားမှုတွေပြုလုပ်တာ၊ ရွာတွေကိုမီးရှို့ရာမှာပါ၀င်ပြီးစစ်တပ်ကိုရိက္ခာထောက်ပံ့တယ် ဆိုတဲ့စွပ်စွဲချက်တွေနဲ့ အခုလိုအရေးယူခဲ့တာလို့ ယောဒေသကာကွယ်ရေးတပ် YDF က ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီဖြစ်စဥ်ဖြစ်ပြီး ၂၄ နာရီမပြည့်ခင် သြဂုတ် ၂၂ ရက် ညပိုင်းမှာပဲ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ယောဒေသ တော်လှန်ရေးအင်အားစုတွေက ကြေညာချက်ထုတ်ပြန်ကန့်ကွတ်ခဲ့ကြသလို ဆောဒေသခံတွေကလည်း အသတ်ခံရသူတွေဟာ ဒလန်တွေ၊ ပျူစောထီး ဆိုတဲ့ စွပ်စွဲချက်နဲ့ ကုက်ညီမှုမရှိဘူးလို့ ကန့်ကွက်ပြောကြားချက်တွေထွက်ပေါ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YDF

ဓာတ်ပုံ ရင်းမြစ်, YDF
ဒေသခံကာကွယ်ရေးတပ်တွေနဲ့ယောကာကွယ်ရေးတပ်ကြား ဘာတွေကွဲလဲနေလဲ
YDF ဘက်ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တိုင်ကြားမှု ၅ ခု လက်ခံရရှိထားတဲ့အပြင် ပြည်သူတွေအပေါ်ကို ကျူးလွန်မှုတွေရှိထားတဲ့အတွက် သြဂုတ်လ ၂၁ ရက်နေ့ ည ၉ နာရီကျော်မှာ ပျူစောထီးခေါင်းဆောင် ဦးခင်မောင်လင်းရဲ့အိမ်ကို သွားရောက်စစ်ဆေးစဥ် ရုန်းရင်းဆန်ခတ်ဖြစ်သွားတဲ့အတွက် သေနတ် ၄ ချက် မိုးပေါ်ဖောက်ပြီး အခြေအနေတွေ ထိန်းသိမ်းခဲ့ပေမဲ့ သေဆုံးသူတွေဘက်က ဓားတွေနဲ့ ခုတ်တာနဲ့ သေနတ်တွေကို လုတာတွေရှိခဲ့တယ်လို့ YDF က ကနဦး ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဦးခင်မောင်လင်းရဲ့သားဖြစ်သူက သေနတ်နဲ့ပစ်ခတ်ထွက်ပြေးသွားတဲ့နောက် စစ်ကောင်စီတပ်တွေကို သတင်းပေးခေါ်ဆောင်လာတယ်လို့ မြေပြင်သတင်းတွေက သိရကြောင်း ယောကာကွယ်ရေးတပ်ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါပေမဲ့ အဲဒီတိုင်ကြားချက် ငါးခု ဟာ ဘာတွေဆိုတာတော့ ယောကာကွယ်ရေးတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာအသေးစိတ်မပါ၀င်တာတွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ရင်းမြစ်, Social Media
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသတွင်းတော်လှန်ရေးအင်အားစု မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ဆောမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ ၊ လောင်းရှည်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LSRPDF)၊ ဆောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Saw PDF)၊ The Youth Force (Saw and Kyaukhtu)၊ ကျောက်ထုဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (K.T.U Region)၊ ကိုရီးယားရောက် ယောသူယောသားများ အဖွဲ့ စတဲ့ ၆ ဖွဲ့က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။ YDF ထုတ်ပြန်ချက်အပေါ် ဆောမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က အဖွဲ့၀င်တစ်ဦးကတော့ " ဒီကိစ္စနဲ့ပတ်သက်ပြီး သေတဲ့သူတွေဟာ ဒလန်တွေပါ၊ ဘယ်နေရာမှာ ဘယ်လို သတင်းပေးခဲ့ပါတယ်၊ ဘယ်နေရာတွေမှာ လှုပ်ရှား ပါ၀င်ခဲ့ပါတယ်ဆိုတာကို သေချာတဲ့ ဖြေရှင်းချက် တိတိကျကျ အခုချိန်ထိ မသိရဘူး။ ဒါ့အပြင် အသက်မပြည့်သေးတဲ့သူ သေတာကလည်း လက်ခံနိုင်စရာမရှိတဲ့အတွက် ကန့်ကွက်ကြောင်းထုတ်ပြန်ခဲ့တာပါ။ နောက်ပြီး သေနတ်နဲ့ ပစ်သူတစ်ဦး ရှိလို့ ခုခံတယ်ဆိုရင် သေနတ်နဲ့ပစ်တဲ့သူက ထွက်ပြေးသွားပြီလေ။ ကျန်နေတဲ့သူတွေကို ပစ်တာတော့ မဖြစ်သင့်ဘူး " လို့ မှတ်ချက်ပြုပါတယ်။ ဆောမြို့က ဒေသခံတချို့ကတော့ သေဆုံးသူတွေထဲက တစ်ဦးတလေကတော့ ရဲတွေနဲ့ အ၀င်အထွက်ရှိတာတွေ့ရတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အခုဖြစ်စဥ်မှာ အသက် ၁၃ နှစ်လောက်ပဲ ရှိတဲ့ ကလေး သေသွားတာကို ဆောဒေသခံတွေက အဓိက မကျေနပ်ကြတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အခုဖြစ်စဥ်မှာသတ်ဖြတ်ခံရတဲ့မိသားစု၀င်က ၅ ဦးဖြစ်ပြီး ကျန်တစ်ဦးမှာနေအိမ်မှာ ဘောလုံးပွဲလာရောက်ကြည့်ရှုတဲ့သူဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
"ဒလန်ဖြစ်လို့ သတ်တယ်ဆိုလည်း ကလေးတော့ မပါသင့်ဘူး။ ပြည်သူတွေ မကျေနပ်ကြတာ အဲဒီအချက်ပါ။ နောက်တစ်ခုက အိမ်ပေါ်ရောက်နေတဲ့သူတွေကိုပါ သတ်တာလည်း မဖြစ်သင့်ပါဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်ခဲ့တဲ့ YDF အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာတော့အိမ်အတွင်းထဲက လူတွေဟာ သူတို့တပ်ဖွဲ့ကို ဓားနဲ့ခုတ်တာ ၊ သေနတ်နဲ့ ပစ်တာ၊ သေနတ်ကိုလုတာတွေအပြင် သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားသူက စစ်ကောင်စီတပ်တွေကို သတင်းပေးခေါ်ဆောင်လာတယ်လို့လည်းပါရှိခဲ့ပါတယ်။
ဒါ့အပြင် အိမ်ရှင်ရဲ့မြေးဖြစ်သူ အသက် ၁၅ နှစ်အရွယ် မသက်ငြိမ်းအေးက ရဲဘော်တစ်ဦးရဲ့သေနတ်ကို၀င်လုဖို့ ကြိုးစားလို့ မတော်တဆ ကျည်ထိမှန်သွားလို့ သေဆုံးသွားတယ်လို့ သုံးနှုန်းထားပေမဲ့ ဒေသခံတချို့နဲ့ ဒေသကာကွယ်ရေးတပ်တွေဘက်ကတော့ အသက် ၁၃ နှစ်အရွယ် အမျိုးသမီးကလေးငယ်လို့ ပြောဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social Media
အဲဒါနဲ့ပတ်သက်ပြီး ဆောမြို့ ဒေသကာကွယ်ရေးအဖွဲ့တစ်ခုက ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ " သေနတ်တွေကိုတော့ ဆောဒေသမှာ ကာကွယ်ရေးလုပ်နေသူတွေက လွဲလို့ အားလုံး မကိုင်ဖို့ သေချာ စိစစ်ထားပါတယ်။ အခုကိစ္စမှာလည်း သေနတ်နဲ့ ပြန်ပစ်လို့ သေနတ်လုလို့ ဓားနဲ့ခုတ်လို့ဆိုရင်လည်း နှစ်ဘက် ရုန်းရင်းဆန်ခတ်အနေအထားမှာ ဦးခေါင်းတည့်တည့်ကို ပစ်ဖို့မရှိနိုင်ဘူး။ ဦးခေါင်းကို ပစ်ထားတာ တွေ့ရတယ်။ နောက်ပြီး တချို့ သေဆုံးသူအလောင်းမှာဆို ဓားနဲ့ထိုးထားတာတွေပါ တွေ့ရတယ်လို့ သတင်းပို့လာတာတွေရှိတယ်။ သေနတ်နဲ့ ပစ်လို့ ပြန်ပစ်ရတယ်ဆိုတာကိုတော့ သက်သေပြစရာမရှိတဲ့ အနေအထားမှာ အတည်မပြုနိုင်ဘူး။ ကျွန်တော်တို့ ဒေသခံတွေကို ပြန်မေးတော့ ဒေသခံတွေပြောတာက အဲဒီလို မဟုတ်ဘူး။ ရင်းနှီးကျွမ်း၀င်တဲ့သူတွေကလည်း သေဆုံးသူတွေ က ပြည်သူတွေပါ ပျူမဟုတ်ပါဘူးလို့ ပြောကြတယ်" လို့ ဆိုပါတယ်။ ဒီအခြေအနေနဲ့ပတ်သတ်ပြီး YDF ဘက်ကတော့ သြဂုတ်လ ၂၂ ရက်နေ့ က နောက်ဆက်တွဲ ထုတ်ပြန်ချက်အနေနဲ့ မြေပြင်မှာ တကယ်ဖြစ်ခဲ့တဲ့ အချက်အလက်တွေကို အမှန်တရားအတိုင်း ဖော်ထုတ်နိုင်ဖို့အတွက် YDF ဗဟိုကနေ စုံစမ်းစစ်ဆေးဖော်ထုတ်သွားမယ်လို့ ပါရှိပါတယ်။ တစ်ဆက်တည်းထဲမှာ အောက်ခြေ တာဝန်ရှိ တပ်ရင်းက သတင်းအချက်အလက်တွေ မှားယွင်းပေးပို့ထားတယ်ဆိုရင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမြန်ဆုံး ဖွဲ့စည်းပြီး အမှန်တရား ပေါ်ပေါက်အောင် စုံစမ်းဖော်ထုတ်သွားမယ်၊ ပေါ်ပေါက်ရင် ထိုက်ထိုက်တန်တန် အရေးယူဆောင်ရွက်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ မတရား ကျူးလွန်မှု ပေါ်ပေါက်ပါကလည်း နစ်နာသွားတဲ့ မိသားစုတွေကို ကျေနပ်တဲ့အထိ တောင်းပန်သွားမှာဖြစ်ပြီး အလားတူ ဖြစ်ရပ်မျိုး ထပ်မဖြစ်အောင်လည်း တားမြစ်ကာကွယ်သွားမယ်လို့ လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒီဖြစ်စဉ်မှာ သေဆုံးခဲ့ရသူတွေကို ဘယ်လိုသက်သေအချက်အလက်တွေကြောင့် စစ်ကောင်စီသတင်းပေး၊ ပျူစောထီးလို့ စွပ်စွဲပြီးဆောင်ရွက်ခဲ့တာလဲ၊ အခု ဖြစ်စဥ်မှန်နဲ့ပတ်သက်လို့ စုံစမ်းဖော်ထုတ်မှုအဆင့် ဘယ်အထိရောက်နေပြီလဲသိရဖို့ ယောကာကွယ်ရေးတပ်ကို ဘီဘီစီက သြဂုတ် ၂၄ ရက်မှာ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။ ဆောမြို့မှာ အခြေစိုက်လှုပ်ရှားနေတဲ့ဒေသ ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့အများစုဟာ အမျိုးသားညီညွတ်ရေး အစိုးရ NUG လက်အောက်မှာ တပ်ရင်းနဲ့တကွ တရား၀င်အသိအမှတ်ပြုထားပြီးသားဖြစ်ပေမဲ့ အခုဖြစ်စဥ်မှာ ပါ၀င်တဲ့ ယောကာကွယ်ရေးတပ်YDF ကတော့ NUG လက်အောက်မှာရှိတဲ့ အဖွဲ့ မဟုတ်ဘဲ သီးခြား ရပ်တည်နေတဲ့ အဖွဲ့ဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ အလားတူဖြစ်ရပ်မျိုးထပ်မဖြစ်ဖို့အတွက် အားလုံး သတိပြုဖို့ ဒေသကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေအကြား အချင်းချင်း အပြန်အလှန် သတိပေးမှုတွေ ရှိနေပြီး ဆောဒေသခံတွေကတော့ နစ်နာသူတွေအတွက် ဖြစ်စဥ်အမှန်ကိုပေါ်ပေါက်ဖို့တောင်းဆိုတာတွေလည်းရှိနေပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီကတော့ ဆောမြို့နယ်၊ ဇေယျာရပ်ကွက်နေ ဦးခင်မောင်လင်း မိသားစုနဲ့အတူရှိနေစဥ်အင်အား ၁၅ဦးခန့်ပါ PDF/YDF အဖွဲ့ က နေအိမ်ခြံ၀င်းအတွင်း ၀င်ရောက်ပစ်ခတ်ပြီး ခြံအတွင်းမှာရှိတဲ့ ယာဥ် ၂ စီးကို ယူဆောင်သွားကြောင်းနဲ့ ပစ်ခတ်မှုကြောင့် ဦးခင်မောင်လင်း၊ ဇနီး ဖြစ်သူ ဒေါ်ယဥ်ဝေ၊ ချွေးမဖြစ်သူ မခင်မာသက်၊ မြေးဖြစ်သူ မသက်သက်အေး၊ ညီဖြစ်သူ ဦးဇော်ဌေးနဲ့ တစ်ရပ်ကွက်တည်းနေသူ ဦးအောင်သိန်း၀င်းတို့ သေဆုံးကြောင်း ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးအင်အားစုတစ်ခုက အခုလို အရပ်သားတွေအပေါ် ကျူးလွန်မှုနဲ့ပတ်သက်လို့အမျိုးသားညီညွတ်ရေးအစိုးရNUG ရဲ့လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီး ဦးအောင်မျိုးမင်းထံဘီဘီစီက မှတ်ချက်မေးမြန်းဖို့ ဆက်သွယ်နေပေမဲ့ အဆက်အသွယ်မရသေးပါဘူး။







