ကမ္ဘာနဲ့ အနီးဆုံးကို ရောက်နေတဲ့ ကြယ်တံခွန်သစ်

ဓာတ်ပုံ ရင်းမြစ်, DAN BARTLETT
မကြာသေးခင်ကမှ တွေ့ရှိထားတဲ့ ကြယ်တံခွန်သစ် တစင်းဟာ ဗုဒ္ဓဟူးနေ့က ကမ္ဘာနဲ့ အနီးဆုံးကို ရောက်လာခဲ့ပါတယ်။
အဲဒီ ကြယ်တံခွန်ဟာ သူ့ ခရီးလမ်းကြောင်းအရ ဒီနေရာကို ပြန်ရောက်ဖို့ နှစ်ပေါင်း ၅၀၀၀၀ ကြာခဲ့ပါတယ်။ နက္ခတ်တာရာ ပညာရှင်တွေ ရိုက်ကူးထားကြတဲ့ ဓာတ်ပုံတွေအရ အဲဒီ ကြယ်တံခွန်သစ်ရဲ့ အရောင်က အစိမ်းရောင်သန်းနေပါတယ်။ ဒါပေမဲ့ ညကောင်းကင်ယံမှာ မြပျံတစ်စင်း လို ထူးထူးခြားခြား စိမ်းမြ တောက်ပနေတာမျိုး မြင်ရမယ်လို့ မျှော်လင့်ထားကြသူတွေ အတွက်တော့ အထင်နဲ့ အမြင်လွဲသွားနိုင်ပါတယ်။ သူ့ရဲ့ တောက်ပမှုဟာ သာမန် မျက်စိနဲ့ မြင်နိုင်တယ်ဆိုတာထက် ဘာမှ မပိုတာကြောင့် ဖြစ်ပါတယ်။
တော်ဝင် နက္ခတ္တဗေဒ ပညာရှင်များ အသင်းက ဒေါက်တာ ရောဘတ် မက်ဆေ ကတော့ တချို့ သတင်းတွေမှာ ညကောင်းကင်မှာ တောက်ပ လင်းလက်နေတဲ့ အစိမ်းရောင် ကြယ်တစင်း ပျံသန်းနေတာ မြင်ရမယ်လို့ ရေးနေကြတာ ရှိပါတယ်။ စိတ်မကောင်းစရာက အဲဒီလို မြင်ကြရမှာ မဟုတ်တာပါဘဲ လို့ ဆိုပါတယ်။
ဒါပေမဲ့ အလွန်အမင်းလင်းထိန်နေတဲ့အလင်းရောင်တွေရဲ့ အဝေးမှာ မှောင်မိုက်နေတဲ့ ကောင်းကင်ယံကနေ ကြည့်လိုက်မယ် ဆိုရင်တော့ အဲဒီ ကြယ်တံခွန်ကို ညကောင်းကင်မှာ တွယ်ကပ်နေတဲ့ အစိမ်းရောင်အစ ကလေးတစ်ခုလို မြင်ကြရမှာ ဖြစ်ပါတယ်။ ကြယ်ကြည့်ကြသူ နက္ခတ်တာရာ ဝါသနာရှင်များ အနေနဲ့လည်း သာမှန် မှန်ဘီလူးနဲ့ကြည့်ရင် သူ့ကို မှုန်ပျပျ အဖြူစလေးအဖြစ် မြင်ကြရမှာ ဖြစ်ပါတယ်။
မှန်ဘီလူး သေးသေးလေးနဲ့တောင် မြင်ရနိုင်ပါတယ်လို့ ရောဘတ် မက်ဆေက ပြောပါတယ်။
ကြယ်တံခွန်ဆိုတာတွေဟာ များသောအားဖြင့် ရေခဲနဲ့ ဖုန်မှုန့်တွေ ရောစပ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။ သူတို့ နေအနားက ဖြတ်သန်းသွားကြတဲ့ အခါမှာတော့ ရေခဲတွေက အငွေ့ပျံကုန်သလို ဖုန်မှုန့်တွေလည်း ခါထုတ်လိုက်သလို ဖြစ်ပြီး အမြီးရှည်ကြီး ထွက်လာပါတော့တယ်။
ရောဘတ် မက်ဆေကတော့ ကံကောင်းရင် တခြား ကြယ်တံခွန်တွေမှာလိုပဲ အမြီးတန်းကြီး ထွက်လာတာပါ အနည်းအကျဥ်းလောက် မြင်ရနိုင်ပါတယ်လို့ ဆိုပါတယ်။
နက္ခတ္တဗေဒ ပညာရှင်တွေက ဒီ C/2022 E3 (ZTF) လို့ခေါ်တဲ့ ကြယ်တံခွန်ကို ပြီးခဲ့တဲ့နှစ် မတ်လ အတွင်းက ကယ်လီဖိုးနီးယား ပြည်နယ်မှာ ရှိတဲ့ နက္ခတ်တာရာကြည့် အဆောက်အအုံကနေ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ ကြယ်တံခွန်ကို မြောက်ကမ္ဘာခြမ်းမှာ နေထိုင်ကြသူတွေအနေနဲ့သာမန် မှန်ဘီလူးတွေသုံးပြီး ကြည့်ရုံနဲ့တင် သီတင်းပတ် အနည်းငယ်ကြာ မြင်နေကြရမှာ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့ ဗုဒ္ဓဟူးနေ့ကတော့ အဲဒီ ကြယ်တံခွန်ဟာ ကမ္ဘာနဲ့ အနီးဆုံး အဖြစ်ကမ္ဘာကနေ ကီလိုမီတာ ၄၁ သန်း အကွာအထိကို ရောက်လာခဲ့ပါတယ်။
အဲဒီ ကြယ်တံခွန်ဟာ နေအဖွဲ့အစည်းရဲ့ အစွန်မှာ ရှိတဲ့ အေးခဲနေတဲ့ အရာ၀တ္တုတွေနဲ့ စုဖွဲ့ထားတဲ့ Oort တိမ်မှုန်စုကနေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။
ကြယ်တံခွန်ကို ရှာဖွေကြည့်ချင်တယ် ဆိုရင်တော့ ကောင်းကင်ယံမှာ အမြဲတမ်း နေရာမရွေ့ဘဲ မြင်နေကျ ဖြစ်တဲ့ ဓူဝံကြယ်ကို အရင်ရှာရမှာ ဖြစ်ပါတယ်။ အဲဒီ ဓူဝံကြယ် ဆိုတာဘာလဲ၊ ဘယ်မှာလဲ ဆိုရင်တော့ ကောင်းကင်ပြင်ရဲ့ မြောက်စူးစူးမှာ တသီးတခြား တစင်းတည်း တောက်ပစွာ ဖြစ်တည်နေတဲ့ ကြယ်ကြီးပဲ ဖြစ်ပါတယ်။
ကိုယ်ကြည့်ချင်တဲ့ ညကျရင် အွန်လိုင်းပေါ်မှာ အခမဲ့ သုံးလို့ရတဲ့ နက္ခတ်တာရာမြေပုံပါတဲ့ ဆော့ဖ်ဝဲကို သုံးပြီး ဓူဝံကြယ်ရဲ့ ဘယ်အနားကို ကြယ်တံခွန် ရောက်နေပြီလဲ ဆိုတာ ရှာကြည့်ရမှာ ဖြစ်ပါတယ်။ အကောင်းဆုံး အချိန်ကတော့ လအဝင် မနက် အစောပိုင်း အချိန်တွေ ဖြစ်ပါတယ်။
ဒီရက်ပိုင်းတွေ အတွင်းမှာတော့ ကြယ်တံခွန်ဟာ ဓူဝံကြယ်ရဲ့ ညာဘက်ခြမ်းမှာ ရှိနေမှာဖြစ်ပါတယ်။
သူ့ရဲ့ အရောင်က အစိမ်းရောင်သန်းနေတာက တကယ်တမ်း သိပ်တော့ မဆန်းလှဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ သာမန်အားဖြင့် ကာဗွန်အက်တမ် ၂ ခု တွဲထားတဲ့ ဒိုင်ကာဗွန်လို့ ခေါ်တဲ့ မော်လီကျူးတွေ ပြိုကွဲရာက ထွက်လာတာ ဖြစ်ပါတယ်။
အဲဒီအရောင်မျိုးကို အရောင်ပိုင်းမှာ တုံ့ပြန်မှု ကောင်းတဲ့ ဒစ်ဂျစ်တယ် ကင်မရာတွေနဲ့ ဆို ပိုပြီး မြင်ရနိုင်ပါတယ်။ ကြယ်တံခွန်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ က တွေ့ခဲ့ရတဲ့ ၁၉၉၇ ခုနှစ် နောက်ပိုင်း မြောက်ပိုင်းကောင်းကင်ယံမှာ အတောက်ပဆုံး ဖြစ်ခဲ့တဲ့ Comet NEOWISE လောက်တော့ တောက်ပနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း Planetary Society ကတော့ ဒါဟာ တစ်သက်မှာသာ တစ်ခါကြုံရတဲ့ အခွင့်အရေးမို့ မလွတ်တမ်း ကြည့်သင့်ကြောင်းပါတဲ့။








