ကမ္ဘာ့အကြီးဆုံး အာကာသ တယ်လီစကုပ် ဂျိမ်းစ်ဝက်ဘ်က ပထမဆုံးအကြိမ် ဂြိုဟ်သစ်တလုံး ရှာတွေ့ခဲ့

An artist's impression of exoplanet LHS 475 b

ဓာတ်ပုံ ရင်းမြစ်, NASA, ESA, CSA, Leah Hustak (STScI)

ဓာတ်ပုံ ပုံစာ, ပန်းချီဆရာ ပုံဖော်ထားတဲ့ LHS 475b

ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် လို့ခေါ်ကြတဲ့ အာကာသကြည့်မှန်ပြောင်းကြီးကို လွန်ခဲ့တဲ့ တနှစ်ကျော်က အာကာသထဲကို လွှတ်တင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ အချိန်က စပြီး ဂျိမ်းစ်ဝက်ဘ်ရဲ့ အာကာသထဲမှာ ရှာဖွေတွေ့ရှိမှု အသစ်တွေကို မြင်လာခဲ့ရပါတယ်။ အခုတခါလည်း ဂျိမ်းစ်ဝက်ဘ်က နောက်ထပ် တခု ရှာဖွေ တွေ့ရှိခဲ့ပြန်ပါပြီ။

ကမ္ဘာ့အကြီးဆုံး အာကာသ တယ်လီစကုပ်ကြီးက ဒီတခါ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာနဲ့ တူတဲ့ ဂြိုဟ်တလုံးကို ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပြီး ကမ္ဘာနဲ့ တူတာမှ တော်တော်လေးကို ဆင်တယ်လို့ ဆိုပါတယ်။

အခုတော့ သိပ္ပံပညာရှင်တွေက မကြာခင် လပိုင်းတွေ အတွင်းမှာ အဲဒီ ဂြိုဟ်သစ်နဲ့ ပတ်သက်လို့ ပိုမိုသိရှိနိုင်ဖို့ စူးစမ်းလေ့လာမှုတွေ လုပ်သွားဖို့ ကြံစည်နေကြပြီ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေ ဘာတွေ တွေ့ရှိထားပြီလဲ

Ariane 5 rocket with NASAs James Webb Space Telescope onboard taking off on Christmas Day 2021 from the Guiana Space Center in Kourou, French Guiana.

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ စကြဝဠာထဲမှာ ပထမဆုံး ဖြစ်တည်ခဲ့တဲ့ ကြယ်တွေကို ရှာဖွေနိုင်ဖို့ ဂျိမ်းစ်ဝက်ဘ် အာကာသကြည့် တယ်လီစကုပ်ကြီးကို လွှတ်တင်ခဲ့

အခုဂြိုဟ်သစ်က ကျောက်သား ဂြိုဟ်ဖြစ်ပြီး LHS 475b လို့ အမည်ပေးထားကြပါတယ်။ ကမ္ဘာကနေ အလင်းနှစ် ၄၁ နှစ်အကွာ Octans ကြယ်စင်တန်းထဲမှာ ရှိနေပါတယ်။

အဲဒီဂြိုဟ်ကို တကယ်စပြီး သတိပြုမိခဲ့တာက နာဆာက ဂြိုဟ်တုတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်နဲ့မှ သေချာမြင်ကြရပြီး ဂြိုဟ်တလုံးအဖြစ် သူ့ဖြစ်တည်နေမှုကို အတည်ပြုပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဂြိုဟ်ဟာ အခုမှ စတွေ့ကာစ ဂြိုဟ်သစ် ဖြစ်နေတာကြောင့် သူ့အကြောင်းသိဖို့ အများကြီး လေ့လာသုတေသန လုပ်ကြရဦးမှာပါ။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ လတ်တလော သိထားသမျှကို ပြောပြထားကြပြီ။

LHS 475b ဟာ သေးငယ်တဲ့ ကျောက်စိုင်ကျောက်သားတွေနဲ့ ဖြစ်တည်နေတဲ့ ဂြိုဟ်တစင်းဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် ကမ္ဘာနဲ့ အတူတူနီးပါးလောက် ရှိတယ်လို့ ဆိုပါတယ်။ နောက်ပြီး ကမ္ဘာထက် အပူချိန် ဒီဂရီ ရာဂဏန်းအနည်းငယ်မျှ ပိုပြီး ပူနွေးတာကို သိရှိထားကြပါပြီ။

သိပ္ပံပညာရှင်တွေက အဲဒီ ဂြိုဟ်မှာ လေထု ဖြစ်တည်နေသလား ဆိုတာကို သိဖို့ လေ့လာနေကြဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် စနေဂြိုဟ်ရဲ့ ဂြိုဟ်ရံလ တိုက်တန်လိုမျိုး မီသိန်းဓာတ်ငွေ့တွေနဲ့ ထူထပ်နေတဲ့ လေထုမျိုးတော့ မရှိတာ သေချာတယ်လို့ ဆိုကြပါတယ်။

ဒီဧရာမ တယ်လီစကုပ်ကြီးရဲ့ အခုရှာဖွေ တွေ့ရှိမှုအတွက် သိပ္ပံပညာရှင်တွေ စိတ်လှုပ်ရှားနေကြသလို နောင်အနာဂတ်မှာလည်း ဒီလို ဂြိုဟ်သစ်တွေ များစွာကို ရှာဖွေပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

နာဆာရဲ့ ညွှန်ကြားရေးမှူး မာ့ခ် ကလမ်ပင်က အခုတွေ့ထားတဲ့ ကမ္ဘာမြေ အရွယ် ဂြိုဟ်သစ်နဲ့ ပတ်သက်လို့ ကနဦး လေ့လာထားမှုတွေ လုပ်ထားပြီ။ နောင်မှာလည်း အဲဒီကျောက်သားဂြိုဟ်မှာ ဘယ်လို လေထုတွေ ရှိနေသလဲ စတာတွေကိုလည်း ဂျိမ်းစ်ဝက်ဘ်နဲ့ ဆက်လက် လေ့လာသွားနိုင်ဖို့အတွက် တံခါးတွေ ဖွင့်ထားပြီး ပါပြီလို့ ဆိုပါတယ်။

ဂျိမ်းစ်ဝက်ဘ်ဟာ နေအဖွဲ့အစည်း အပြင်ဘက်က ကမ္ဘာနဲ့ အလားသဏ္ဍာန်တူတဲ့ ဂြိုဟ်တွေနဲ့ ပတ်သက်လို့ ပိုမို သိရှိနားလည်နိုင်ဖို့ လုပ်ပေးနေပြီ၊ အခု တွေ့ရှိမှုက တကယ့် အစပဲ ရှိသေးတယ်လို့ ပြောပါတယ်။

သိပ္ပံပညာရှင်တွေကတော့ အနာဂတ်မှာ ဒီဂြိုဟ်သစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပိုမို သိရှိလာနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ အဲဒီအတွက်လည်း ဒီလာမယ့် နွေရာသီထဲမှာ နောက်ထပ် စူးစမ်းမှု အသစ်တွေ လုပ်ဖို့ စီစဉ်ထားကြပြီ ဖြစ်ပါတယ်။