ရန်ကုန်-ပြည်လမ်းပိုင်း မင်းလှစစ်ရေးအရွေ့

ရန်ကုန်-ပြည်လမ်း၊ မင်းလှမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းကို စစ်ကောင်စီတပ်က အင်အား ၅၀၀ ဝန်းကျင်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေပါတယ်။
စစ်ကောင်စီရဲ့ ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးအရာရှိ ၃ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံးခဲ့တဲ့ ရန်ကုန်-ပြည်လမ်းပေါ်က စစ်ကွင်းတာဆုံ ဂိတ်စခန်းတိုက်ပွဲအပြီးမှာ ဒီလို ရွာစဥ်လှည့်စစ်ကြောင်းထိုးမှုတွေ ရှိလာတာပါ။
ဇွန်လ တတိယအပတ်ထဲမှာပဲ ရန်ကုန်-ပြည်လမ်းပိုင်း မင်းလှမြို့နယ်က စစ်တပ်တပ်စွဲထားတဲ့ စစ်ကွင်းတာဆုံဂိတ်စခန်းအပါအဝင် နေရာ ၃ နေရာကို တော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ပါတယ်။
ရန်ကုန်-ပြည်လမ်းပိုင်းမှာရှိတဲ့ မင်းလှမြို့နယ်ရဲ့ စစ်ရေးခွင်က စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ဘယ်လောက်အထိ အရေးပါလဲ။
မင်းလှက စစ်ရေးအရ ဘယ်လိုအရေးပါလဲ

ဓာတ်ပုံ ရင်းမြစ်, သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း
ရန်ကုန်-ပြည်လမ်းပိုင်းပေါ်မှာရှိတဲ့ စစ်ကွင်းတာဆုံစခန်းဟာ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းကြားက စစ်တပ်ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်နိုင်ဖို့ အရေးပါတဲ့ ဂိတ်စခန်းကြီးတစ်ခုဖြစ်တယ်လို့ တော်လှန်ရေးတပ်တွေဘက်က ရှုမြင်ထားပါတယ်။
ဇွန်လ တတိယအပတ်ထဲမှာပဲ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပိုင်းပေါ်က စစ်တပ်ထိန်းချုပ်တပ်စွဲထားတဲ့ စစ်ကွင်းတာဆုံဂိတ်စခန်းအပါအဝင် နေရာ ၃ နေရာမှာ စစ်ကောင်စီတပ်နဲ့ သာယာဝတီခရိုင် အခြစိုက်တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။
ဇွန်လ ၁၆ ရက် တစ်ရက်တည်းမှာပဲ စစ်ကွင်းတာဆုံဂိတ်စခန်းအပြင် ဆင်အိုင်ချောင်းပေါက်ရွာအနီးက နေရာ ၂ နေရာ စုစုပေါင်း ၃ နေရာမှာဖြစ်ပါတယ်။ စစ်ကွင်းတာဆုံဂိတ်ဟာ မင်းလှမြို့ တောင်ဘက်ခြမ်းမှာတည်ရှိပြီး မြို့နဲ့ ၉ မိုင်ဝန်းကျင်ပဲ ကွာဝေးပါတယ်။
"တာဆုံအပြင် မင်းလှနယ်ကို အုပ်စီးနိုင်ဖို့က တော်လှန်ရေးတပ်ဖွဲ့တွေအတွက် အခရာကျတယ်"လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ ရဲ့ ဒုတိယတပ်ရင်းမှူး ဦးညီညီက ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကွင်းတာဆုံတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ သာယာဝတီခရိုင်အုပ်ချုပ်ရေးအဖွဲ့ဝင်-စစ်ဦးစီးပထမတန်း (G1) ဒုတိယဗိုလ်မှူးကြီး ၁ ဦးအပြင် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးကျော်သန်းဝင်း၊ ဒုတိယရဲမှူးကြီး ၁ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ သာယာဝတီခရိုင်အခြေစိုက်တပ်တွေက ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲပြီးတဲ့နောက် ဇွန် ၂၃ ရက် ညပိုင်းကစပြီး သာယာဝတီမြို့ပေါ်ကနေ သာသနာ့အလံထောင်ထားတဲ့ ကားတွေနဲ့ စစ်တပ်က စစ်ကွင်းတာဆုံဂိတ်အပါအဝင် မင်းလှမြို့နယ်ထဲကို စစ်ကူအင်အားတွေ ဖြည့်တင်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဒါတင်မက ရန်ကုန်-ပြည်လမ်းပိုင်းကိုလည်း စစ်ဆေးတင်းကျပ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ရန်ကုန်-ပြည် လမ်းပိုင်းအပိုင်းတချို့နဲ့ ရွာတချို့ကို PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာကြောင့် အဲဒီကနေ ရန်ကုန်တိုင်းအထိ စစ်ရေးချဲ့မလာနိုင်အောင် စစ်တပ်ဘက်က တန်ပြန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
'' စစ်ကွင်းတာဆုံဂိတ်ဘက်ကို စစ်တပ်က အထိုင်ချပြီး ကာကွယ်နေတာ'' လို့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကတည်းက မင်းလှမြို့အရှေ့ဘက်ခြမ်းက ရွာတချို့မှာ စစ်တပ်နဲ့ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်လာတာဖြစ်ပါတယ်။ အခု ဇွန်လနောက်ဆုံးပတ်အထိ ၃ လကြာနီးပါး စစ်ရေးတင်းမာနေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
စစ်ကြောင်း ၃ ကြောင်းထိုးခံနေရတဲ့ မင်းလှမြို့နယ်ထဲက ရွာတွေ

ဓာတ်ပုံ ရင်းမြစ်, MDF
စစ်ကွင်းတာဆုံမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က ဇွန် နောက်ဆုံးပတ်အတွင်း မင်းလှမြို့နယ်ထဲက ရွာတွေကို စစ်ကြောင်း ၃ ကြောင်း ခွဲဖြန့်ပြီး ရွာစဥ်လှည့်နေတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံ ၃ ဦးထက်မနည်းက ဘီဘီစီကို အတည်ပြုပြောပါတယ်။
ဆင်အိုင်ချောင်းပေါက်၊ ရွေးကုန်း၊ အညာတန်း၊ ဆားချောင်းရွာတွေမှာ တစ်ကြောင်း၊ ဦးတိုတောင်စု၊ ဗိုလ်တထောင်နဲ့ ဂန့်ဂေါ်ပင်ရွာတွေမှာ တစ်ကြောင်းနဲ့ ရေငံ၊ ဘုရားကြီး၊ ငှက်ပျောတုံးစတဲ့ ကျေးရွာတွေမှာ တစ်ကြောင်း စုစုပေါင်း စစ်ကြောင်း ၃ ကြောင်းမှာ အင်အား ၅၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေတာပါ။
တိုက်ပွဲတွေဖြစ်နေချိန် စစ်ကွင်းတာဆုံဂိတ်ကို စစ်ကူလာတဲ့ ဖောကားပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ အပြန်အလှန်ပစ်ခတ်နေချိန်ဖြတ်သန်းသွားတဲ့ အိမ်စီးကားတစီးပေါ်မှာ လိုက်ပါလာသူတချို့လည်း ပစ်ခတ်ခံရပြီး သေဆုံးမှုရှိခဲ့ပါတယ်။
ဇွန် ၂၀ ရက်ကနေ ၂၄ ရက်အထိ ၅ ရက်အတွင်း စစ်တပ်စစ်ကြောင်းဖြတ်သန်းသွားတဲ့ ရွာပေါင်း ၁၀ ရွာထက်မနည်းအပါအဝင် အနီးနားက ရွာပေါင်း ၃၀ ထက်မနည်းက ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၂၀ ရက်မှာပဲ မင်းလှမြို့နယ်၊ တောင်ပြတ်ရွာမနဲ့ တောင်ပြတ်ရွာသစ် စတဲ့ ရွာ ၂ ရွာဆုံရပ်အနီးမှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် သာယာဝတီအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦးလည်း သေဆုံးခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ PDF တပ်ဖွဲ့ဝင် ၅ ဦးထဲမှာ ၁ ဦးကတော့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ရင်း သေဆုံးခဲ့ကြတာဖြစ်ပြီး နောက်ထပ် ၄ ဦးကတော့ အရှင်ဖမ်းမိပြီးမှ သတ်ဖြတ်ခံခဲ့ရတာလို့ သိရပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်လ်တွေမှာလည်း တောင်ပြတ်ရွာမ ထိတွေ့တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြထားတာတွေ့ရပါတယ်။
"ရွာ ၂ ရွာမှာ ဟိုဘက်ဒီဘက် ၃ ရက်ကြာတပ်စွဲထားရင်းကနေ စစ်တပ်က ကျွန်တော်တို့ တပ်ဖွဲ့ကင်းချထားတဲ့ နေရာကို ဝင်စီးသွားတာ"လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ရဲ့ တာဝန်ရှိသူတစ်ဦးက တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တဲ့အကြောင်း အတည်ပြုပါတယ်။
စစ်ကောင်စီဘက်ကတော့ ပဲခူးတိုင်းမင်းလှဘက်က စစ်ရေးအခြေအနေနဲ့ အရပ်သား ကားပစ်ခတ်ခံရလို့ သေဆုံးမှုသတင်းတွေနဲ့ပတ်သက်ပြီး သတင်းမထုတ်ပြန်သေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
တစ်ဖက် ပဲခူးအနောက်ဘက်နဲ့ ပဲခူးအရှေ့ဘက် မြို့ချောင်းတို့ကို ဆက်သွယ်ထားတဲ့ မင်းလှ-မြို့ချောင်း ပဲခူးရိုးမဖြတ်လမ်းကိုလည်း စစ်တပ်က ပိတ်ဆီးပြီး စောင့်ကြပ်နေတယ်လို့ မြေပြင်အခြေအနေသိသူတချို့က အတည်ပြုပြောပါတယ်။
''ရန်ကုန်-ပြည်လမ်းပိုင်းနဲ့ နီးတဲ့နေရာမှာဆိုရင် လမ်းတွေကိုပါ သွားမရအောင် စစ်တပ်က ဖျက်ဆီးထားတာ" လို့ မင်းလှမြို့ခံတစ်ဦးက ရှင်းပြပါတယ်။
အဲဒီဖြတ်လမ်းပေါ်မှာရှိတဲ့ စိန်ကန့်လန့်ရွာမှာလည်း စစ်တပ်ရဲ့ အမှတ် ၁ ခြေလျင်တပ်ရင်းရှိပါတယ်။ အဲဒီတပ်ရင်းထဲကနေ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရန်ကုန်-ပြည်လမ်းပိုင်းဘေးက ရွာတွေကိုလက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဇွန် ၂၄ ရက်မှာ ပြောပါတယ်။
"အဲဒီတပ်ရင်းမှာ တပ်မမှူးကိုယ်တိုင်ထိုင်ပြီး စစ်ကြောင်းတွေကို ကွပ်ကဲနေတာ"
လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးထက်မနည်း သေဆုံးမှုရှိတယ်လို့ဆိုပြီး "စစ်ကြောင်းတွေထိုးလို့ ထွက်ပြေးနေရတော့ သေဆုံးတဲ့သူအရေအတွက် သေချာမသိရသေးဘူး" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ သာယာဝတီမြို့ပေါ်ကနေ စစ်ကွင်းတာဆုံဂိတ်စခန်းကတဆင့် မင်းလှမြို့နယ်ထဲကရွာတွေကို စစ်ကြောင်းထိုးနေသလို ခလရ-၁ ထဲကနေလည်း စစ်ကြောင်းတွေ စေလွှတ်ထားတယ်လို့ သာယာဝတီအခြေစိုက်တပ်ဖွဲ့တချို့က ပြောထားပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်ထဲက ရိုးမနဲ့ ထိစပ်နေတဲ့ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်နဲ့ နတ်တလင်းမြို့တွေအနီးမှာကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ၂၀၂၄ နှစ်ကုန်ပိုင်း ကစလို့ တိုက်ပွဲတွေ စတင်ခဲ့ပါတယ်။
အရင်ကတော့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ထိန်းချုပ်နယ်မြေတွေရှိနေတဲ့ ပဲခူးတိုင်းအရှေ့ခြမ်းမှာ တိုက်ပွဲတွေရှိခဲ့တာပါ။
၂၀၂၅ ခုနှစ်ကစလို့ ပဲခူးအနောက်ခြမ်း သာယာဝတီခရိုင်ထဲက မင်းလှမြို့နယ်တဝိုက်မှာဒေသကာကွယ်ရေးအဖွဲ့တွေ အားကောင်းပြီး ပဲခူးရိုးမပေါ်မှာ အခြေပြုလှုပ်ရှားကြတယ်လို့ ဆိုပါတယ်။
ပဲခူးအနောက်ခြမ်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီစစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်တဲ့အဆင့်ကနေ ရန်ကုန်- ပြည်လမ်းပေါ်က စစ်တပ်စခန်းတွေကို သွားရောက်တိုက်ခိုက်တဲ့ အခြေအနေရှိနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
''အုတ်ဖို၊ မင်းလှ တလျှောက်ကတော့ စစ်ရေးကောင်းကောင်းဖော်နိုင်တဲ့ အနေအထားရှိတယ်။ နတ်တလင်းကလည်း စစ်ရေးလှုပ်ရှားမှု အကောင်းဆုံးထဲမှာပါတယ်။ လက်ပံတန်းကနေစပြီးရင်တော့ နတ်တလင်းအထိ ရိုးမကို အခြေပြုပြီးတော့ ကျေးရွာအများစုကို စိုးမိုးထိန်းချုပ်ထားတာတွေရှိနေတယ်''











