ဂျော်ဒန် လေယာဉ်မှူးကို ဆီးရီးယားမှာ အိုင်အက်စ် သတ်ဖြတ်မှုအတွက် ဆွီဒင်က ဂျီဟတ်ဝါဒီကို ထောင် တသက်ချ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, တွမ် မက်အာသာ
- ရာထူးတာဝန်, ဘီဘီစီသတင်း
ဒီသတင်းမှာ စိတ်ညစ်ညူးဖွယ် ဖော်ပြချက်တွေ ပါရှိပါတယ်။
ဆီးရီးယားမှာ လွန်ခဲ့တဲ့ ဆယ်နှစ်က ဂျော်ဒန် လေယာဉ်မှူးတဦးကို ဖမ်းဆီးပြီး လှောင်အိမ်ထဲမှာ မီးရှို့သတ်ဖြတ်မှုနဲ့ ဆွီဒင်က ဂျီဟတ်ဝါဒီ တဦးကို ထောင်ဒဏ်တသက် ချမှတ်ခဲ့ပါတယ်။
၂ဝ၁၄ တုန်းက ဂျော်ဒန် လေတပ်က လေယာဉ်မှူး ဗိုလ် မို့ဇ် အယ်လ် ကဆာဘာ ရဲ့ လေယာဉ် ဆီးရီးယားမှာ ပျက်ကျပြီး အစ္စလာမ္မစ် နိုင်ငံအုပ်စု (အိုင်အက်စ်) က ဖမ်းမိပြီး မီးရှို့သတ်ခဲ့ပါတယ်။
ဒီ မီးရှို့သတ်နေတဲ့ မြင်ကွင်းကို အိုင်အက်စ်က ဗီဒီယို ထုတ်လွှင့်ခဲ့လို့ ကမ္ဘာအနှံ့ ဒေါသထွက်ခဲ့ကြပါတယ်။
၂ဝ၁၅ နဲ့ ၂ဝ၁၆ က ပဲရစ်နဲ့ ဘရပ်ဆဲက တိုက်ခိုက်မှုတွေအတွက် ထောင်ထဲရောက်နေတဲ့ ဆွီဒင်နိုင်ငံသား အူစမာ ခရင်းမ်ကို စတော့ဟုမ်း တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လေယာဉ်မှူးကို သတ်မယ့် အကြံအစည်တွေကို သတိမထားခဲ့ကြောင်း ပြောရင်း ဒီစွဲချက်တွေကို ခရင်းမ်ပယ်ချခဲ့ကြောင်း ဆွီဒင် အစိုးရရုပ်သံ SVT က သတင်းပို့ပါတယ်။
ဗိုလ် ကဆာဘာကို သတ်တဲ့မီးကို တခြားလူတယောက်က ရှို့ခဲ့ကြောင်း သက်သေရှိပေမယ့်လည်း ခရင်းမ်ဟာ ဒီသတ်ဖြတ်မှုနဲ့ ပတ်သက်ခဲ့တယ်လို့ တရားရုံးက ဆိုပါတယ်။
လေယာဉ်မှူး သေဆုံးမှုမှာ တရားခံ တက်တက်ကြွကြွ ပါဝင်ခဲ့လို့ ကျူးလွန်သူအဖြစ် သတ်မှတ်သင့်ကြောင်း တရားသူကြီးရဲ့ ထုတ်ပြန်ချက်မှာ ပါပါတယ်။
အိုင်အက်စ်ဝတ်စုံဝတ်ထားတဲ့ သူ့ကို ကွပ်မျက်တဲ့ နေရာမှာ လက်နက်နဲ့ တွေ့ရသလို ဗီဒီယိုရိုက်ဖို့လည်း ခွင့်ပြုခဲ့ကြောင်းလည်း ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပဲရစ်နဲ့ ဘရပ်ဆဲ တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တဲ့ ၃၂ နှစ် အရွယ် ခရင်းမ် ကို ထောင်နှစ် ၃၀ ချမှတ်ပြီး ဖြစ်ပါတယ်။ အခုလည်း ဆိုးရွားတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက် ပြစ်မှုတွေအတွက် သူ့ကို ထောင်တသက် ချမှတ်ခဲ့တာပါ။
သေသူကို မသတ်ဖြတ်ခင်နဲ့ သတ်နေချိန်အတွင်း ခရင်းမ် စောင့်ကြပ်ခဲ့ကြောင်းနဲ့ သူ့ကို မီးရှို့သတ်မယ့် လှောင်အိမ်ထဲကို ခေါ်လာခဲ့ကြောင်း တရားသူကြီးက ဖြည့်စွက်ပြောပါတယ်။
ဗိုလ် ကဆာဘာရဲ့ မိဘတွေနဲ့ မောင်နှမတွေကိုလည်း တရားရုံးက နစ်နာကြေး တယောက်ကို ဒေါ်လာ ၈၂ဝဝ စီ ပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၂ဝ၁၄ ဒီဇင်ဘာလက ရက္ကာမြို့နားမှာ အိုင်အက်စ်ကို လေကြောင်းက တိုက်ခိုက်နေချိန်မှာ ဗိုလ် ကဆာဘာရဲ့ လေယာဉ် ပျက်ကျပြီး ဖမ်းမိသွားခဲ့ပါတယ်။
၂ဝ၁၅ နှစ်ဆန်းက သူ သေဆုံးချိန်မှာတော့ ဂျော်ဒန် အစိုးရက အကျဉ်းသားလဲလှယ်ရေးနဲ့ သူပြန်လွတ်ဖို့ ကြိုးစားနေခဲ့ပါတယ်။ အဲဒီအချိန်က အမေရိကန် ဦးဆောင်ပြီး ဆီးရီးယားက အိုင်အက်စ်တွေကို တိုက်နေချိန်မှာ ဂျော်ဒန် ပါဝင်ခဲ့ပါတယ်။
ဒီသတင်းတွေနဲ့ ပြန်ရင်ဆိုင်ရတဲ့ မိဘတွေအတွက် စိတ်မကောင်းဖြစ်ပေမယ့် တရားမျှတမှု ဖော်ဆောင်ပေးလိုတဲ့ ဆွီဒင်အစိုးရကို ကျေးဇူးတင်ကြောင်း ဗိုလ် ကဆာဘာရဲ့ ညီ ဂျော်ဒတ် အယ်လ် ကဆာဘာက ခရင်းမ်အပေါ် စွဲချက်တွေ ကြေညာချိန်မှာ ဆွီဒင် ရေဒီယိုကို ပြောကြားခဲ့ပါတယ်။
ခရင်းမ်ဟာ မူလက ဆွီဒင်နိုင်ငံ မယ်လ်မိုမြို့က ဖြစ်ပြီး ၂ဝ၁၄ စက်တင်ဘာမှာ အိုင်အက်စ်အတွက် တိုက်ပေးဖို့ ဆီးရီးယားကို သွားခဲ့ကြောင်း ယူဆရပါတယ်။
၂ဝ၂၂ ဇွန်လမှာတော့ လူ ၁၃၀ သေဆုံးတဲ့ ၂၀၁၅ နိုဝင်ဘာလ ပဲရစ် အကြမ်းဖက် တိုက်ခိုက်မှုနဲ့ အမ်စတာဒမ်လေဆိပ် တိုက်ခိုက်ဖို့ ကြံစည်ခဲ့မှုတွေမှာ ပါဝင်ခဲ့တဲ့ သူ့ကို ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
နောက်တနှစ်အကြာမှာလည်း လူ ၃၂ ယောက် သေဆုံးတဲ့ ဘရပ်ဆဲ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့အတွက် အကြမ်းဖက် လူသတ်မှုနဲ့ သူ့မှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။









