နောက်တက်မယ့် ဒလိုင်းလားမားကို ဘယ်လိုရွေးမလဲ

    • ရေးသားသူ, ဆွာမိနေသန် နတာရာဂျန်
    • ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား သတင်းဌာန

ဒလိုင်းလားမား ဝင်စားမယ့်သူကို တရုတ်နိုင်ငံတွင်းမှာပဲ ရှာတွေ့ရမယ်လို့ တရုတ်အစိုးရက အခိုင်အမာ ပြောနေတဲ့ကြားက တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက သူ့ကို ဝင်စားမယ့်သူဟာ တရုတ်နိုင်ငံ ပြင်ပမှာ မွေးဖွားလိမ့်မယ်လို့ ထုတ်ဖော် ကြေညာလိုက်ပါတယ်။

"ဒလိုင်းလားမား ဝင်စားရတဲ့ရည်ရွယ်ချက်က အရင် ဒလိုင်းလားမားရဲ့ လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်ဖို့ ဖြစ်တာမို့ ဒလိုင်လားမား အသစ်ဟာ လွတ်လပ် တရားမျှတတဲ့ ကမ္ဘာလောကမှာ မွေးဖွားလာမှာ ဖြစ်တယ်" လို့ တိဘက်ဗုဒ္ဓ ဘုန်းတော်ကြီး လက်ရှိ ဒလိုင်းလားမားက သူ့ရဲ့ အခုနောက်ဆုံး စာအုပ်ထဲမှာ ရေးသား ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ နိုင်ငံရေးနဲ့ရော ဘာသာရေးနဲ့ပါ ဆက်နွှယ်နေတဲ့ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပြီး တရုတ်အစိုးရက ဒလိုင်းလားမား အပါအဝင် ဗုဒ္ဓဘာသာဝင် လားမား ဘုန်းတော်ကြီးတွေ ပြန်ဝင်စားမှု အားလုံးကို သူတို့ အတည်ပြုဖို့ လိုတယ်လို့ အခိုင်အမာ ပြောနေပါတယ်။

ဒါပေမဲ့ တိဘက်ဗုဒ္ဓဘာသာမှာ လူဝင်စားမှုက ဘယ်လို ဖြစ်တာလဲ၊ အသစ်ပေါ်ထွန်းမယ့် ၁၅ ပါးမြောက် ဘုန်းတော်ကြီး ဒလိုင်လားမားကို ဘယ်လို ရွေးချယ်မှာပါလဲ။

ဒလိုင်းလားမား ဆိုတာ ဘယ်သူလဲ

ဒလိုင်းလားမား ဆိုတာ တိဘက် ဗုဒ္ဓဘာသာမှာ လူသိအများဆုံး တိဘက်ဘာသာရေး ခေါင်းဆောင်ဖြစ်ပြီး အဝလောကိတေသွရ လို့ သိကြတဲ့ တိဘက်ရဲ့ ဗောဓိသတ္တ ဘုရားလောင်းဝင်စားသူလို့ ယုံကြည်ကြပါတယ်။

ဒလိုင်းလားမားဆိုတဲ့ ဂုဏ်ထူးဆောင်ဘွဲ့က ဉာဏ်ပညာ ကြွယ်ဝမှု လို့ အဓိပ္ပာယ်ရပါတယ်။ ပြန်လည် ဝင်စားရင်းနဲ့ ဒလိုင်းလားမားရဲ့ အခန်းကဏ္ဍကို ရာစုနှစ်ပေါင်းများစွာ ဆက်လက် ဖော်ဆောင်လာခဲ့တာပါ။

လူတစ်ဦး ကွယ်လွန်သွားရင် နောက်ဘဝမှာ ပြန်ဝင်စားလေ့ရှိတယ်လို့ ဗုဒ္ဓဘာသာဝင်တွေက ယုံကြည်ကြပါတယ်။ သူတို့ဘယ်ဘဝ ပြန်ဝင်စားမလဲဆိုတာ အရင်ဘဝက သူတို့လုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်တွေပေါ် မူတည်ပါတယ်။ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ဆိခ်ဘာသာတွေမှာ ကံ၊ ကံ၏အကျိုးကို လက်ခံယုံကြည်ထားကြပါတယ်။ တိဘက်လူမျိုးတွေက သူတို့ဘယ်အချိန်၊ ဘယ်နေရာမှာ ပြန်ဝင်စားမလဲဆိုတာကို ဒလိုင်းလားမားလို အဆင့်အမြင့်ဆုံး ဘာသာရေးခေါင်းဆောင်အဆင့် ရထားသူတွေကပဲ အဆုံးအဖြတ်ပေးနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။

လက်ရှိဘုန်းတော်ကြီး ဒလိုင်းလားမာအဖြစ် ခံယူထားတဲ့ တန်ဇင် ဂျက်ဆို ဟာ ၁၉၃၅ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့မှာ တိဘက်နိုင်ငံ အရှေ့မြောက်ပိုင်းက ဆင်းရဲသား လယ်သမား မိသားစုကနေ မွေးဖွားလာခဲ့ပါတယ်။ သူ့အသက် နှစ်နှစ်သားအရွယ်မှာ ၁၃ ပါးမြောက် ဒလိုင်းလားမား သွတ်ဘ်တန် ဂျက်ဆိုရဲ့နေရာမှာ ပြန်ဝင်စားမယ့်သူအဖြစ် သူ့ကို အသိအမှတ်ပြုခဲ့ကြပါတယ်။

"ဒလိုင်းလားမားရဲ့ ဝိဉာဉ်တော် ထပ်ခါ ထပ်ခါ ပြန်လည် ဝင်စားလေ့ရှိတယ်လို့ တိဘက်လူမျိုးတွေက ယုံကြည်ထားကြပါတယ်။ လက်ရှိ ဒလိုင်းလားမား ဘုန်းတော်ကြီးဟာ ၁၃ ပါးမြောက် ဒလိုင်းလားမား ဝင်စားတာလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" လို့ ဒေါက်တာ သွပ်တန် ဂျင်ပါ က ပြောပါတယ်။

ဒေါက်တာ ဂျင်ပါ ဟာ တိဘက်ဗုဒ္ဓဝါဒရဲ့ အမြင့်ဆုံး ဓမ္မပညာဘွဲ့ ရထားသူ ဘုန်းကြီးလူထွက်တစ်ဦး ဖြစ်ပါတယ်။ သူဟာ ၁၉၈၅ ခုနှစ်ကတည်းက ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ တရားဝင် စကားပြန်အဖြစ် ဆောင်ရွက်ပေးနေပါတယ်။

ဒလိုင်းလားမားတွေ အားလုံးဟာ ပုဂ္ဂိုလ်တစ်ဦးတည်းက အစဉ်အဆက် ပြန်လည်ဝင်စားတာ ဖြစ်တယ်လို့ အစဉ်အလာအရ ယုံကြည်ထားကြပေမဲ့ လက်ရှိ ဒလိုင်းလားမားကတော့ ဒါကို ယုံကြည်ပုံမျိုး မတွေ့ရဘူးလို့ သူက ပြောပါတယ်။

"ဘုန်းတော်ကြီး ဒလိုင်းလားမားက ဒလိုင်းလားမား ၁၄ ပါးစလုံးဟာ ပုဂ္ဂိုလ်တစ်ဦးတည်းကနေ ပြန်ဝင်စားတယ်လို့ သူမယူဆတဲ့အကြောင်း မကြာခဏ ပြောခဲ့တာကို ကျွန်တော် ကြားခဲ့ဖူးပါတယ်" လို့ ဒေါက်တာ ဂျင်ပါ က ဘီဘီစီကို ပြောပါတယ်။ "ဒါပေမဲ့ ဒလိုင်းလားမား အဆက်အတွင်းက ပုဂ္ဂိုလ်အယောက်တိုင်းကတော့ ဒလိုင်းလားမား စဉ်ဆက်နဲ့ သီးသန့် ဆက်နွှယ်မှုတစ်ခု ရှိမှာ ဖြစ်ပါတယ်။"

ဗုဒ္ဓဘာသာက ခရစ်ယာန်ဘာသာထက် ပိုစောတာဖြစ်ပေမဲ့ ဒလိုင်းလားမား တည်ထောင်မှုကတော့ လတ်တလော ပိုကျပါတယ်။

"ပထမမြောက် ဒလိုင်းလားမား ဘုန်းတော်ကြီးကို ၁၃၉၁ ခုနှစ်မှာ မွေးဖွားတဲ့ ဂက်ဒွန်ဒရပ် ဆိုတဲ့ ပုဂ္ဂိုလ်ထံမှာ ပြန်ဝင်စားတာလို့ အသိအမှတ်ပြုခဲ့ကြပြီး ဒလိုင်းလားမား ပြန်ဝင်စားမှုဟာ အနည်းဆုံး လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာကျော်မတိုင်ခင် ကတည်းက ရှိခဲ့တာ ဖြစ်တယ်" လို့ အဘာဒီးန် တက္ကသိုလ်က ဟိမဝန္တာ စကော့တစ်ရှ် သုတေသနဌာနရဲ့ ညွှန်ကြားရေးမှူး ပါမောက္ခ မာတင် အေ မေးလ်စ်က ပြောပါတယ်။

"အခုဆိုရင် လားမား ဘုန်းတော်ကြီး ပြန်ဝင်စားမှု အစဉ်အဆက်ဟာ ရာပေါင်းများစွာ ရှိနေပြီ ဖြစ်ပြီး အဲဒီထဲမှာ ဒလိုင်းလားမားကတော့ အကျော်ကြားဆုံး ဖြစ်ပါတယ်" လို့ ပါမောက္ခ မေးလ်စ် ကပြောပါတယ်။

ဒလိုင်းလားမားကို ဘယ်လိုရွေးသလဲ

"ဒလိုင်းလားမား ရွေးချယ်မှု လုပ်ငန်းစဉ်ဟာ အရမ်းကို တင်းကြပ်၊ ရှုပ်ထွေးပြီး အနုစိတ်လွန်းလှတယ်" လို့ ဒေါက်တာ ဂျင်ပါက အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဒါရမ်ရှာလာမြို့မှာ ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ တွေ့ဆုံအပြီး နာရီပိုင်းအကြာမှာ ရှင်းလင်းပြောပြခဲ့ပါတယ်။

"ဒလိုင်းလားမားအရိုက်အရာ ဆက်ခံမယ့်သူတွေဟာ မတူကွဲပြားတဲ့ မိသားစုတွေကနေ လာကြတာ ဖြစ်ပြီး တစ်ယောက်မှ ဆွေမျိုးနီးစပ်တော်သူတွေ မဟုတ်ကြဘူး" လို့ ဒေါက်တာ ဂျင်ပါ က ဖြည့်စွက်ပြောပါတယ်။

လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ဒလိုင်းလားမားအဖြစ် ရွေးချယ် အသိအမှတ်ပြုနိုင်ဖို့ ဆိုတာ နှစ်ပေါင်းများစွာ အချိန်ယူရနိုင်ပါတယ်။ ၁၄ ပါးမြောက် ဒလိုင်းလားမား ရွေးချယ်မှုမှာတော့ ပုဂ္ဂိုလ် ၄ ဦးထဲက ရွေးချယ်ခဲ့ရပါတယ်။

အရင် ဒလိုင်းလားမား ကွယ်လွန်ချိန်နဲ့ တစ်ထပ်တည်း ကျတဲ့အချိန်မှာ မွေးဖွားတဲ့ ယောက်ျားလေး တစ်ဦးကို အဆင့်မြင့် ဘုန်းကြီးတွေက စတင် ရှာဖွေရပါတယ်။ ဒီလိုရှာဖွေရာမှာ ဖြစ်နိုင်ဖွယ် နမိတ်လက္ခဏာ အများအပြားရဲ့ လမ်းညွန်မှုအောက်မှာ ရှာဖွေရပါတယ်။

ဘုန်းကြီးတွေထဲက တစ်ပါးပါး မက်တဲ့ အိပ်မက်ထဲက ယောက်ျားလေးရဲ့ ပုံပန်းသဏ္ဍာန်ကို သဲလွန်စအဖြစ် နမိတ်လက္ခဏာ ယူတာမျိုး၊ အရင် ဒလိုင်းလားမားရဲ့ ရုပ်ကလာပ် မီးသင်္ဂြိုဟ်ရာကနေ ထွက်လာတဲ့ မီးခိုးငွေ့တွေ သွားရာလမ်းကြောင်းကို ဒလိုင်းလားမား ပြန်ဝင်စားမယ့်နေရာကို ညွှန်ပြတဲ့သဲလွန်စအဖြစ် နမိတ်လက္ခဏာယူတာမျိုးတွေ လုပ်လေ့ရှိပါတယ်။ ဒါ့အပြင် ဒလိုင်လားမား ပြန်ဝင်စားမယ့်သူကို ရှာဖွေရာမှာ တိဘက်နိုင်ငံအလယ်ပိုင်းက ဘာသာရေးအရ အထွတ်အမြတ်ထားရာ ရေအိုင်တစ်ခုကနေလည်း နမိတ်လက္ခဏာတွေ ပြနိုင်ဖွယ် ရှိပါတယ်။

တန်ဇင် ဂျက်ဆို ရဲ့ အိမ်နဲ့ ရွာကို ဒီရေအိုင်ကြီးဆီက အမြင်အာရုံတစ်ခုကနေ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

အဲဒီယောက်ျားလေးရဲ့ တည်နေရာကို အသေအချာ အသိအမှတ်ပြုပြီးပြီ ဆိုတာနဲ့ သူ့ကို ပစ္စည်းအများအပြား ပြပါတယ်။ တကယ်လို့ အဲဒီထဲက ဘယ်ပစ္စည်းတွေက အရင် ဒလိုင်းလားမားပိုင်ဆိုင်ခဲ့တဲ့ ပစ္စည်းတွေလဲ ဆိုတာကို အဲဒီယောက်ျားလေးက ခွဲခြား ထုတ်ပြနိုင်တယ်ဆိုရင်တော့ ဒါဟာ ဒလိုင်းလားမား ပြန်ဝင်စားမှုရဲ့ အရိပ်လက္ခဏာကောင်း တစ်ခုလို့ ယူဆကြပါတယ်။

ထိပ်ပိုင်းအဆင့် လားမား ဘုန်းကြီးတွေ ကျေနပ်လက်ခံပြီ ဆိုတာနဲ့ အဲဒီယောက်ျားလေးကို ရွေးချယ်မှာ ဖြစ်ပြီး ဘာသာရေး သင်တန်းတွေ၊ ဓမ္မပညာ လေ့လာမှုတွေ နှစ်ပေါင်းများစွာ သင်ယူရမှာ ဖြစ်ပါတယ်။

အရင်အတိတ်ကာလ ရွေးချယ်မှု တချို့က အချေအတင် အငြင်းပွားစရာတွေ ဖြစ်ခဲ့ပြီး တိဘက်နိုင်ငံတွင်းမှာရော ပြည်ပမှာပါ မယုံမကြည်စိတ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။

"ပထမဆုံး ဒလိုင်းလားမား ပြန်ဝင်စားမှုကို လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးရာကျော်ကာလက တက်ရှိလွန်ပိုမြို့ မှာရှိတဲ့ သူ့ရဲ့ ဘုန်းကြီးကျောင်းတွင်းက ဘုန်းကြီးကျောင်း အာဏာပိုင်တွေက ကနဦးပိုင်းမှာ အသိအမှတ်ပြု လက်ခံတာမျိုး မရှိခဲ့ပါဘူး။ ပဉ္စမမြောက် ဒလိုင်လားမား ဆိုရင် အသိအမှတ်ပြုတဲ့ လုပ်ငန်းစဉ်မှာ ပါတဲ့ စစ်ဆေးမှုတွေ မအောင်ခဲ့ဘူးဆိုတာကို သူ့ရဲ့ ကိုယ်ရေးဒိုင်ယာရီထဲမှာ သူကိုယ်တိုင် ထုတ်ဖော်ဝန်ခံထားပါတယ်" လို့ ပါမောက္ခ မေးလ်စ်က ပြန်ပြောင်း ပြောပြပါတယ်။

ဒလိုင်းလားမား နှစ်ပါးသာ တိဘက်နိုင်ငံ ပြင်ပမှာ မွေးဖွားခဲ့သူတွေဖြစ်ပါတယ်။ တစ်ပါးက မွန်ဂိုလီးယားနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး နောက်တစ်ပါးကတော့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက တာဝမ်းမြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဘုန်းတော်ကြီး ဒလိုင်လားမားက သူသက်တော် ၉၀ ပြည့်တဲ့ ဇူလိုင်လကျရင် သူနေရာမှာ ပြန်ဝင်စားမယ့် ပုဂ္ဂိုလ်အကြောင်း ပိုရှင်းရှင်းလင်းလင်း ပြောပြမယ်လို့ ကတိပြုထားပါတယ်။

တရုတ်ရဲ့ ထိန်းချုပ်မှု

တရုတ်အစိုးရက ဒလိုင်လားမားဟာ ဘာသာရေး အရေခြုံပြီး တရုတ်ပြည်မကြီးကနေ ခွဲထွက်ဖို့ တရုတ်ဆန့်ကျင်တဲ့ လုပ်ရပ်တွေ လုပ်နေတဲ့ ပြည်ပရောက် နိုင်ငံရေးသမားတစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်။ ဘုရားလောင်းအဖြစ် ဝင်စားမယ့်ပုဂ္ဂိုလ်လို့ တရုတ်အစိုးရက သတ်မှတ်ထားတဲ့ ဒလိုင်းလားမားသစ် ဖြစ်လာဖို့အတွက် လျှောက်လွှာနဲ့ အတည်ပြုချက် လုပ်ငန်းစဉ်တွေ လုပ်ဖို့လိုတယ်လို့ ၂၀၀၇ ခုနှစ်မှာ တရုတ်အစိုးရက ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။

၁၉၅၀ ခုနှစ်မှာ တရုတ်အစိုးရက တိဘက်နိုင်ငံကို သိမ်းယူနိုင်ဖို့ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ စေလွှတ်ခဲ့ပါတယ်။ တရုတ် ဆန့်ကျင်တဲ့ ဆူပူထကြွမှုတွေ မအောင်မမြင်ဖြစ်ခဲ့အပြီးမှာ ဒလိုင်လားမားက ပြည်ပမှာ စင်ပြိုင်အစိုးရ ဖွဲ့ဖို့ အိန္ဒိယနိုင်ငံကို ၁၉၅၉ ခုနှစ်မှာ ထွက်ပြေးသွားခဲ့ပါတယ်။

တိဘက်နိုင်ငံကို တရုတ်အစိုးရက အချုပ်အခြာ အာဏာပိုင်တယ်ဆိုတာနဲ့ ပတ်သက်လို့ ဘယ်နိုင်ငံကမှ အငြင်းမပွားကြပါဘူး။ ဒါပေမဲ့ ဆယ်စုနှစ်ပေါင်းများစွာ ဒလိုင်းလားမားဟာ တရုတ်အစိုးရရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်အာခံတဲ့ အမှတ်သင်္ကေတ တစ်ခု ဖြစ်လာခဲ့ပြီး ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ကာလအတွင်း တိဘက်လူမျိုးတွေ လက်ခံတဲ့ ခေါင်းဆောင်အဖြစ် သိသာထင်ရှားလာခဲ့တယ်လို့ ပါမောက္ခ မေးလ်စ်က ဆိုပါတယ်။

၂၀၁၁ ခုနှစ်ကတည်းကစလို့ သူ့ရဲ့ ပြည်ပရောက် စင်ပြိုင်အစိုးရခေါင်းဆောင်ပိုင်းကို စွန့်လွှတ်လိုက်တာကြောင့် ဒလိုင်းလားမားဟာ တိဘက် ဗုဒ္ဓဘာသာ ခေါင်းဆောင်အဖြစ် တရားဝင် တာဝန်ယူထားတာမျိုး မရှိတော့ပေမဲ့လည်း တိဘက်နိုင်ငံအတွက် စည်းရုံးပြောဆိုမှုတွေ ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။

တိဘက်နိုင်ငံ အပြင်ဘက်မှာ ဒလိုင်လားမား ပြန်ဝင်စားမှုနဲ့ ပတ်သက်လို့ ဘုန်းတော်ကြီး ဒလိုင်လားမားရဲ့ အခုနောက်ဆုံး ဆုံးဖြတ်ချက်ဟာ တရုတ်ထိန်းချုပ်တဲ့ ပိုင်နက်အတွင်းက အခြေအနေအပေါ် လက်တွေ့ကျတဲ့ တုံ့ပြန်မှုတစ်ရပ်အဖြစ် ရှုမြင်ရပါတယ်။

တိဘက် ဗုဒ္ဓအယူဝါဒရဲ့ ဒုတိယအမြင့်ဆုံးပုဂ္ဂိုလ်ဟာ ပန်ချန် လားမား ဖြစ်ပြီး ပုံမှန်အားဖြင့် လာမယ့် ဒလိုင်လားမား ရွေးချယ်မှုမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်မယ့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါတယ်။

ယောက်ျားငယ်လေးတစ်ဦးကို ပန်ချန် လားမားအဖြစ် ဒလိုင်းလားမားက ၁၉၉၅ ခုနှစ်က ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်က ဒါကို လက်မခံဘဲ ပယ်ချခဲ့ပြီး သူတို့စိတ်ကြိုက် ဒလိုင်လားမားလောင်းကို ရွေးချယ်ခဲ့ပါတယ်။ ဘုန်းတော်ကြီး ဒလိုင်းလားမား ရွေးထားတဲ့ ယောက်ျားလေးကတော့ ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ပြီး သူဘယ်ရောက်နေသလဲ ဆိုတာ ခုချိန်ထိ မသိကြပါဘူး။

တရုတ်အစိုးရအနေနဲ့ နောင်မှာ သူတို့ စိတ်ကြိုက် ရွေးချယ်တဲ့ ဒလိုင်းလားမားကို ထုတ်ဖော်ကြေညာမယ့် ပုံမျိုး ရှိနေပါတယ်။ ဒါပေမဲ့ တိဘက်ပြည်သူတွေက အဲဒီဒလိုင်လားမားကို လိုက်နာ ကိုးကွယ်ကြမှာပါလား။

"လူတွေက သူတို့အသက်တွေကို ရန်ရှာမှာ စိုးတဲ့အတွက် အထိုက်အလျောက်တော့ နေပြကြမှာပါ။ ဒါပေမဲ့ တရုတ်အစိုးရ ရွေးချယ်ခန့်အပ်တဲ့ ဒလိုင်းလားမား ကိုတော့ အသိအမှတ်ပြုကြမှာ မဟုတ်ပါဘူး" လို့ ဒေါက်တာ ဂျင်ပါ က ပြောပါတယ်။

"တရုတ်အစိုးရက လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာကိုပဲ ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ တိဘက်ပြည်သူတွေရဲ့ စိတ်ဓာတ်နဲ့ နှလုံးသားကိုတော့ အနိုင်ယူလို့ မရနိုင်ပါဘူး။"