အောက်တိုဘာ ၁၁ ရက်နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ဘုံတိုရွာ ဗုံးကြဲခံရမှုအတွင်းသေဆုံးခဲ့တဲ့ BLDF တာဝန်ခံရဲ့ ဈာပနပြုလုပ်

ချောင်းဦးမှာ စစ်တပ်ရဲ့လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးသေဆုံး

BLDF တာဝန်ခံရဲ့ ဈာပနမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, BLDF

ဓာတ်ပုံ ပုံစာ, BLDF တာဝန်ခံရဲ့ ဈာပနမြင်ကွင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာကို သီတင်းကျွတ်လပြည့်ညက စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရရှိခဲ့တဲ့ဒဏ်ရာကြောင့်သေဆုံးခဲ့တဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ရဲ့ စစ်ဒေသ ၃ တာဝန်ခံ ရဲဘော်ဘုန်းမြင့်ဇော် (ခ) တည်ကြည်ရဲ့ ဈာပနကို မနေ့က ပြုလုပ်ခဲ့ပါတယ်။

ရဲဘော်ဘုန်းမြင့်ဇော်ဟာ အောက်တိုဘာ ၆ ရက် ညတိုက်ခိုက်ခံရမှုအတွင်းရရှိခဲ့တဲ့ပြင်းထန်ဒဏ်ရာ ကြောင့် သုံးရက်အကြာ အောက်တိုဘာ ၉ ရက် မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ဈာပနအခမ်းအနားကို အောက်တိုဘာ ၁၀ ရက်မှာပြုလုပ်ခဲ့တဲ့အကြောင်း ဒီနေ့မနက်ပိုင်းမှာ BLDF က ထုတ်ပြန်လာတာပါ။

ဘုံတိုရွာ ဗုံးကြဲခံရမှုကြောင့် ၂၄ ဦးသေဆုံးခဲ့ရာမှာ တော်လှန်ရေးအင်အားစုတွေအပြင် အသက် ၂ နှစ်နဲ့ ၉ နှစ်အရွယ်ကလေးငယ် ၂ ဦးလည်းပါဝင်ခဲ့ပါတယ်။

မနေ့ညပိုင်းမှာလည်း ချောင်းဦးမြို့ပေါ်ကနေ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ငလုံးတင်ရွာ က ဒေသခံ ၂ ဦးသေဆုံးခဲ့ပြီး ကလေးငယ်ယောကျ်ားလေးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ရေးအခြေအနေကတော့ BLDF နဲ့ ချောင်းဦးပကဖရဲ့ တိုက်ခိုက်ရေးတပ် CHU PDF တို့ပူးပေါင်းပြီး မနေ့ မနက်ပိုင်းမှာ ချောင်းဦးမြို့ပေါ်ကထွက်လာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၄ ဦးကို မုံရွာ - မန္တလေးအမြန်လမ်းပေါ်မှာတိုက်ခိုက်ခဲ့သလို မြို့ပေါ်ရဲစခန်းကိုလည်း လက်နက်ကြီး၊ ဒရုန်းတို့နဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

"နဂိုထဲက ပြင်ဆင်ထားတဲ့ မစ်ရှင်တွေပါ။ မနေ့မနက်ပိုင်းမှာပဲ နှစ်နေရာတိုက်ခိုက်ခဲ့တာပေါ့။ ရဲစခန်းကို ၆၀ မမ ၊ ဒရုန်းတို့နဲ့တိုက်ခိုက်တာမှာတော့ သူတို့ဘက်က ၅ ဦးသေဆုံးပြီး တစ်ဦးကို နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ထဲ ခေါ်သွားတယ်" လို့ ချောင်းဦးပကဖ သတင်းတာဝန်ခံ ကိုသန့် က ပြောပါတယ်။

စစ်တပ်ကတော့ ဘုံတိုရွာဖြစ်စဉ်ကို အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးအနေနဲ့ လူထုထိခိုက်မှု အနည်းဆုံးဖြစ်အောင် ရွေးချယ်တိုက်ခိုက်ခဲ့တယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

အာဆီယံဘုံသဘောတူညီချက်တွေအောက်မှာ စစ်တပ်ကရွေးကောက်ပွဲ ကျင်းပခွင့်မရှိကြောင်း တော်လှန်ရေးအင်အားစုတွေပြော

နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် နဲ့ စစ်ခေါင်းဆောင်တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, မလေးရှားနိုင်ငံရေးခြားရေးဝန်ကြီး

ဓာတ်ပုံ ပုံစာ, နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် နဲ့ စစ်ခေါင်းဆောင်တွေ့ဆုံ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အာဆီယံဘုံသဘောတူညီချက်တွေအောက်မှာ စစ်တပ်ကရွေးကောက်ပွဲ ကျင်းပခွင့်မရှိနေ ကြောင်းအပါအဝင် အရေးယူဆောင်ရွက်သင့်တဲ့အချက် ၅ ချက်ကို တော်လှန်ရေးအဖွဲ့ ၂၀ က ပူးပေါင်းတောင်းဆိုလိုက်ပါတယ်။

အကြမ်းဖက်မှုကျူးလွန်နေတဲ့အပေါ် တိတ်ဆိတ်နေတာတွေရပ်တန့်ဖို့၊ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ဆိုတဲ့ အချက်တွေကို ဒီနေ့အောက်တိုဘာ ၁၁ ရက်ထုတ် ထုတ်ပြန်စာမှာ ဖော်ပြပါတယ်။

၂၀၂၅ ခုနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံဟာ တော်လှန်ရေးအင်အားစုတွေနဲ့ လည်း ထိတွေ့ဆွေးနွေးနေပြီး စစ်အာဏာရှင်စနစ်ကိုတရားဝင်ဖြစ်အောင်လုပ်နိုင်မယ့် နည်းလမ်း မရှိဘူးလို့လည်း တော်လှန်ရေးအဖွဲ့တွေက ထောက်ပြပါတယ်။

မလေးရှားနဲ့တွေ့ဆုံဆွေးနွေးရာမှာ စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲကိုလက်မခံဖို့အပါအဝင် အချက် ၆ ချက်ကို အဓိကထားပြောခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာမှာ ငြိမ်းချမ်းရေးပြန်ရဖို့အတွက် အာဆီယံဘုံသဘောတူညီချက် ၅ ချက်မှာ အချိန်သတ်မှတ် ပြီး အရေးယူမှုတွေထည့်သွင်းဖို့ ဒေသအခြေစိုက်အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေပေးဖို့၊ တော်လှန်ရေးအင်အားစုတွေပါဝင်တဲ့နိုင်ငံရေးဆွေးနွေးဖို့ အပြင် ဒေသတွင်းလုံခြုံဖို့ဆိုတဲ့အချက်တွေကို ဆွေးနွေးခဲ့ကြတာပါ။

ဒီထုတ်ပြန်ချက်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အပါအဝင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)၊ ချင်းအမျိုးသားတပ်ဦး (CNF) စတဲ့ အဖွဲ့တွေအပါအဝင် အဖွဲ့ ၂၀ က ပူး‌ပေါင်းထုတ်ပြန်လာပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံအနေနဲ့ ဒေသတွင်းငြိမ်းချမ်းရေးနဲ့တရားမျှတရေး အတွက် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ အရပ်သားတွေအပေါ်အကြမ်းဖက်တာတွေ ရပ်တန့်ဖို့၊ ဖက်ဒရယ်ဒီမိုကရက်တစ်အနာဂတ်ဖန်တီးဖို့အတွက် နိုင်ငံတကာက ကူညီဖို့ကိုလည်း ထည့်ပြောသွားပါတယ်။

မလေးရှားနိုင်ငံက မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ဆိုပြီး သူ့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်ကို အောက်တိုဘာလ ၁၀ ရက်မှာ နေပြည်တော်ကို စေလွှတ်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဟာ မြန်မာပြည်တွင်းအကြမ်းဖက်မှုလျှော့ချဖို့ အထူးအလေးထားပြောခဲ့တယ်လို့ မလေးရှားဘက်ကထုတ်ပြီး စစ်တပ်ကတော့ ရွေးကောက်ပွဲ အကြောင်းပြောခဲ့တာပါ။ စစ်တပ်လုပ်မယ့် အပိုင်းလိုက်ရွေးကောက်ပွဲမှာ မလေးရှားကစောင့်ကြည့်ရေးစေလွှတ်ဖို့ ရှိနေတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်အပြီး ထုတ်ပြောခဲ့ပါတယ်။

မယ်လမှာ မြန်မာဒုက္ခသည်တွေနဲ့တွေ့တဲ့ ထိုင်းမင်းသား ဝင်း

High Profile Supporter တဦးဖြစ်တဲ့ ထိုင်းနာမည်ကျော်မင်းသား ၀င်း မယ်ထ၀င်း မယ်လဒုက္ခသည်စခန်းကိုလာလည်ပတ်တဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, UNHCR

ဓာတ်ပုံ ပုံစာ, High Profile Supporter တဦးဖြစ်တဲ့ ထိုင်းနာမည်ကျော်မင်းသား ၀င်း မယ်ထ၀င်း မယ်လဒုက္ခသည်စခန်းကိုလာလည်ပတ်တဲ့မြင်ကွင်း

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ High Profile Supporter တဦးဖြစ်တဲ့ ထိုင်းနာမည်ကျော်မင်းသား ၀င်း မယ်ထ၀င်းဟာ တာ့ခ်ခရိုင်က မယ်လဒုက္ခသည်စခန်းကိုသွားရောက်ပြီး မြန်မာဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ထိုင်းအစိုးရက ကာလရှည်နေထိုင်နေတဲ့မြန်မာဒုက္ခသည်တွေကိုတရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုခဲ့ ပြီးနောက်မှ အခုလို ထိုင်းနာမည်ကျော်မင်းသားက စခန်းကိုလာရောက်တာဟာ အားလုံးပါဝင်နိုင်တဲ့ လူ့အသိုင်းအဝိုင်းတခုပေါ်ပေါက်လာရေးအတွက် အရေးကြီးတဲ့ခြေလှမ်းတရပ်လို့ UNHCR က မနေ့က သတင်းထုတ်ပြန်လာပါတယ်။

ဒုက္ခသည်စခန်းထဲမှာနေထိုင်သူတွေအနေနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရေးအတွက် ကြိုးစားရုန်းကန်နေရတာကို မင်းသား ဝင်း အနေနဲ့ မျက်မြင်တွေ့ခဲ့ရပြီး လူငယ်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေနဲ့အတူ ဘောလုံးဆော့ကစားတာ၊ လက်မှုလုပ်ငန်းလုပ်ကိုင်တာကိုလည်း အတူ လုပ်ခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုတည်ရှိပြီး အဲဒီထဲ မယ်လဒုက္ခသည်စခန်းက အကြီးဆုံးဖြစ်ကာ ကရင်ဒုက္ခသည်တွေ နှစ်ပေါင်းဆယ်နဲ့ချီ ခိုလှုံနေတာလည်းဖြစ်ပါတယ်။ အခုအောက်တိုဘာလအစမှာတော့ ၄၁ နှစ်အတွင်း မြန်မာကလာတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို ထိုင်းဘက်က စခန်းအပြင်ဘက်မှာ ပထဆုံးအကြိမ်အဖြစ် တရားဝင်အလုပ်လုပ်ခွင့်ပေးခဲ့ပါတယ်။ မယ်လအပါအဝင် ဒုက္ခသည်စခန်းတွေဟာ အမေရိကန်ရဲ့ ကူညီပံ့ပိုးမှုနဲ့ရပ်တည်ခဲ့ရပြီး သမ္မတထရမ့်လက်ထက်မှာတော့ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကို ဖျက်သိမ်းခဲ့တာကြောင့် ရန်ပုံငွေ အခက်အခဲနဲ့ရင်ဆိုင်ရကာ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လျော့ကျနေပါတယ်။

မဲစာရင်းအမှားအယွင်းကိစ္စ လဝကဝန်ကြီး ဘာပြောလဲ

လဝက ဝန်ကြီး ဦးမြင့်ကြိုင်

ဓာတ်ပုံ ရင်းမြစ်, DOP

ဓာတ်ပုံ ပုံစာ, လဝက ဝန်ကြီး ဦးမြင့်ကြိုင်

လက်ရှိထုတ်ပြန်တဲ့မဲစာရင်းမှာ ဌာနဆိုင်ရာဝန်ထမ်းတချို့နဲ့ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေဟာ ပြောင်းရွှေ့နေထိုင်ရာဒေသက အိမ်ထောင်စုလူဦးရေစာရင်းထဲ ပြောင်း လာတာမျိုးမရှိတဲ့အတွက် မဲစာရင်းပြုစုရာမှာ ကျန်ရှိ၊ ကွဲလွဲတာတွေဖြစ်နေတာလို့ လဝက ဝန်ကြီး ဦးမြင့်ကြိုင်က ပြောပါတယ်။

စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲအတွက်မဲစာရင်းထုတ်ပြန်ရာမှာအမှားများနေကြောင်းသတင်းတွေ ထွက်လာပြီးတဲ့နောက် အောက်တိုဘာ ၁၀ ရက်မှာပြုလုပ်တဲ့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ ရေးကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။

ဒေသတချို့မှာ မဲစာရင်းမပြည့်စုံမှု၊ အချက်အလက်ကွဲလွဲမှုနဲ့ လိုအပ်ချက်တွေအနည်းငယ်ရှိနေတယ် လို့ပါ အစည်းအဝေးမှာထည့်ပြောသွားခဲ့ပါတယ်။ ရွေးကောက်ပွဲနည်းဥပဒေပါသတ်မှတ်ပုံစံတွေကိုဖြည့်စွက်ပြီး မဲစာရင်းမှာပါရှိရေး၊ အချက်အလက် ကွဲလွဲမှုမရှိရေးအတွက် ဆောင်ရွက်ပေးရမယ်လို့ ဦးမြင့်ကြိုင်က ပြောကြောင်း ဒီနေ့ထုတ် သတင်းစာမှာဖော်ပြပါတယ်။

"ရန်ကုန်မှာကို အမှားများနေတာပါ။ တာဝန်ယူပြီးလုပ်တဲ့သူတွေကျန်နေတာမျိုးတွေ့ရတယ်" လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အတွင်းရေးမှူး ဦးထွန်းရီက ဘီဘီစီကို ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ကလည်း "မဲစာရင်းမှန်ကန်ရေးလုပ်ခဲ့ပေမဲ့ Update မဖြစ်တာကိုတွေ့ရတယ်။ ပထမအကြိမ် ကြေညာချက်ဖြစ်တော့လည်း ပြန်လည်ပြင်ဆင်နိုင်မှာပါ" လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ မိမိနာမည်မဲစာရင်းမှာပါ/မပါ၊ အချက်အလက်ပြည့်စုံမှန်ကန်မှု ရှိ/မရှိ မဲစာရင်း ထုတ်ပြန်ကြေညာထားတဲ့နေရာတွေကို လာကြည့်နိုင်အောင်၊ ပြင်ဆင်ဖြည့်စွက်ဖို့လည်း လိုအပ်ချက်တွေကို ကာယကံရှင်တွေကိုယ်တိုင် ဖြည့်စွက်ဆောင်ရွက်နိုင်အောင်ပါ ထိထိရောက်ရောက်နှိုးဆော်ဖို့လိုတယ်ဆိုပြီးပါ လဝက ဝန်ကြီးက ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲဝင်မယ့်နိုင်ငံရေးပါတီတွေအနေနဲ့လည်း ပြည်သူတွေ မဲစာရင်းစစ်အောင် လှုံ့ဆော်ပေးဖို့ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က မနေ့ရက်စွဲနဲ့ စာပို့ထားပါတယ်။

အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး သုံးဦး ဇာတိကနေ ရွေးကောက်ပွဲဝင်မယ်

အငြိမ်းစားယူသွားကြတဲ့ ဦးသက်ပုံ၊ဦးကံမြင့်သန်းနဲ့ ဦးမျိုးဇော်သိန်း

ဓာတ်ပုံ ရင်းမြစ်, CINCDS/ BBC

ဓာတ်ပုံ ပုံစာ, အငြိမ်းစားယူသွားကြတဲ့ ဦးသက်ပုံ၊ဦးကံမြင့်သန်းနဲ့ ဦးမျိုးဇော်သိန်း

ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ အငြိမ်းစားယူသွားကြတဲ့ ဦးသက်ပုံ၊ဦးကံမြင့်သန်းနဲ့ ဦးမျိုးဇော်သိန်းတို့ မွေးရပ်ဇာတိမြေတွေကနေ ရွေးကောက်ပွဲဝင်မယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ဦးသက်ပုံက စစ်ကိုင်း၊ ဦးကံမြင့်သန်းက မအူပင်နဲ့ ဦးမျိုးဇော်သိန်းက ပေါက်ခေါင်းကနေ ဝင်ပြိုင်ကြမှာဖြစ်ပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေကနေ ပြိုင်ကြမှာပါ။

ဦးမျိုးဇော်သိန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဖြစ်ပြီး စစ်ရေးချုပ်ရာထူးကနေ ၂၀၂၂ ခုနှစ်မှာ အငြိမ်းစားယူခဲ့တာပါ။

ဦးသက်ပုံနဲ့ ဦးကံမြင့်သန်းတို့ကတော့ ပြီးခဲ့တဲ့လကမှ ရွေးကောက်ပွဲအတွက် အငြိမ်းစားယူခဲ့သူတွေ ဖြစ်ပါတယ်။

ဦးသက်ပုံဟာ ရန်ကုန်တိုင်းကိုတာဝန်ယူရတဲ့ အမှတ် ၅ စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်စတဲ့ တာဝန်တွေယူခဲ့သူဖြစ်ပါတယ်။

ဦးကံမြင့်သန်းကတော့ တပ်ရဲ့အရေးပါတဲ့ရာထူးတစ်ခုဖြစ်တဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

စစ်မှုထမ်းကာလက အနေအထိုင် သိုသိပ်တဲ့ စစ်ဗိုလ်ချုပ်တွေဟာ ရွေးကောက်ပွဲဝင်ဖို့ဖြစ်လာတဲ့အခါမှာတော့ လူမှုကွန်ရက်ကို တွင်တွင်ကျယ်ကျယ် သုံးလာတာတွေ့ရပါတယ်။

နှစ်ဖက်စစ်ရေးအချက်အချာကျတဲ့နေရာ ၅ ခုမှာ အပြန်အလှန်ထိုးစစ်ဆင်နေတယ်လို့ AA ပြော

စက်တင်ဘာ ၇ ရက်နေ့က မကွေး၊ ငဖဲမြို့နယ်၊ စွန်တက်ရွာရဲ့ အရှေ့မြောက်ဘက်မီတာ ၂၀၀ ခန့်အကွာက နတ်ရေကန်ကုန်းရဲ့ တောင်ဘက် ဝေဋ္ဌုဝန်ကျောင်းအနီးဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ်လက်နက်တွေသိမ်းဆည်းရမိတဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, AA

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၇ ရက်နေ့က မကွေး၊ ငဖဲမြို့နယ်၊ စွန်တက်ရွာရဲ့ အရှေ့မြောက်ဘက်မီတာ ၂၀၀ ခန့်အကွာက နတ်ရေကန်ကုန်းရဲ့ တောင်ဘက် ဝေဋ္ဌုဝန်ကျောင်းအနီးဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ်လက်နက်တွေသိမ်းဆည်းရမိတဲ့ မြင်ကွင်း

စစ်တပ်နဲ့ အာရက္ခတပ်တော် (အေအေ) နှစ်ဖက်စလုံးအတွက်စစ်ရေးအချက်အချာကျတဲ့ နေရာ ၅ ခု မှာ အပြန်အလှန်ထိုးစစ်တွေနဲ့အတူ နေ့စဉ်ရက်ဆက်တိုက်ခိုက်နေကြတာ ရက်သတ္တပတ်ပေါင်း များစွာကြာမြင့်နေပြီလို့ အေအေ က အောက်တိုဘာ ၁၀ ရက်က ထုတ်ပြန်ပါတယ်။

ရခိုင်မှာ အေအေသိမ်းပိုက်ဖို့ကျန်နေတဲ့ဒေသတွေအပြင် ရခိုင်နဲ့နယ်နိမိတ်ထိစပ်နေတဲ့ မကွေးတိုင်း (နတ်ရေကန်)၊ ပဲခူးတိုင်း (ညောင်ကျိုးဗျူဟာကုန်း) နဲ့ ဧရာဝတီတိုင်းအစပ် (လေးမျက်နှာမြို့နယ်) အတွင်းမှာ စစ်တပ်ရဲ့ထိုးစစ်ကို တန်ပြန်ထိုးစစ်ဆင်နေကြောင်းပါ ထည့်ပြောထားပါတယ်။

ပဲခူးတိုင်း၊ ညောင်ကျိုးဗျူဟာအကျော်က စစ်တပ်ရဲ့ အမှတ် ၆ ကာကွယ်ရေးပစ္စည်းစက်ရုံကိုပါ အေအေနဲ့ပူးပေါင်းတပ်တွေကထိုးစစ်ဆင်နေပြီး စစ်တပ်ကလည်း အင်အားထောင်ဂဏန်းနဲ့ခုခံနေ တယ်လို့ စစ်ရေးအရင်းအမြစ် တချို့ဆီကသိရပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်အပိုင်မှာတည်ရှိတဲ့ နတ်ရေကန် လေကြောင်းကာကွယ်‌‌ရေးစခန်းကိုလည်း အေအေနဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်နိုင်ပြီလို့ မနေ့ညပိုင်းမှာသတင်းတွေထွက်ပေါ်လာပေမဲ့ ဘီဘီစီကတော့ အတည်ပြုဖို့ကြိုးစားနေဆဲပါ။

တဖက်စစ်တပ်ဘက်ကလည်း အေအေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ဒေသတွေထဲက နေရာတချို့ကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက် ပြင်ဆင်မှုတွေလုပ်နေတယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

‌ရေကြောင်းအနေနဲ့လည်း စစ်တပ်ရဲ့ စစ်သင်္ဘောတွေဟာ ပင်လယ်ပြင်ကနေပြီး အရပ်သား နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေထဲကို လက်နက်ကြီးတွေပစ်ခတ်သလို ငါးဖမ်းထွက်တဲ့ ရေလုပ်သားတွေကိုဆက်တိုက်ဖမ်းဆီးနေတယ်လို့ အေအေက ပြောလာတာပါ။

အောက်တိုဘာ ၃ ရက်နေ့မှာတော့ ကျောက်ဖြူမြို့၊ ဆားပြင်ကွင်းရပ်ကွက်က ရေလုပ်သား ၂၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး စက်တင်ဘာ ၆ ရက်တုန်းကလည်း သံတွဲမြို့၊ တောင်မကျည်းတိုက်နယ်၊ ဆတ်လည်မျှော်ရွာက ရေလုပ်သား ၄ ဦးအဖမ်းခံခဲ့ရပါတယ်။

သံတွဲ (ငပလီ) ကမ်းခြေမျက်နှာချင်းဆိုင်မှာ အထိုင်ချထားတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောတွေပေါ် ကနေ အောက်တိုဘာ ၉ ရက်နေ့တုန်းက သံတွဲမြို့ပေါ်ကို လက်နက်ကြီးပစ်ခတ်ခဲ့သလို မနေ့မနက်ပိုင်း တုန်းကလည်း သံတွဲမြို့အနီးကို ဂျက်ဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ပင်လယ်ကမ်းနီး မြို့၊ရွာတွေမှာနေထိုင်တဲ့ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားပြီး စစ်ရေးသတိရှိဖို့လည်း အေအေက မနေ့ညပိုင်းမှာ အသိပေးစာထုတ်ပြန်ခဲ့ပါတယ်။

မြန်မာ့ငလျင်အလွန် ၆ လကျော်ခဲ့ပေမဲ့ အရေးပေါ်အကူအညီတွေ လိုနေသေး

ငလျင်လှုပ်ခတ်အပြီး ၆ လအကြာ စက်တင်ဘာလတုန်း မန္တလေးမြို့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စက်တင်ဘာလတုန်းက မန္တလေးမြို့မြင်ကွင်း

မြန်မာနိုင်ငံအလယ်ပိုင်းကိုဗဟိုပြုပြီး အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ခဲ့တာ ၆ လကျော်ကြာမြင့်ပြီ ဆိုပေမဲ့ မိသားစုထောင်ချီဟာ အပျက်အစီးတွေနဲ့ မလုံခြုံတဲ့အနေအထားမှာဆက်နေထိုင်နေရဆဲလို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ နဲ့ လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) က ထုတ်ပြန်လာ ပါတယ်။

အထူးသဖြင့် အမျိုးသမီး၊ အသက်အရွယ်ကြီးရင့်သူနဲ့ အထူးစောင့်ရှောက်မှုလိုအပ်နေသူတွေ ဦးဆောင်တဲ့အိမ်ထောင်စုတွေ၊ သွားလာရခက်တဲ့ဒေသမှာနေထိုင်သူတွေနဲ့ အဆောက်အဦပြန်လည် တည်ဆောက်ဖို့မတတ်နိုင်သူတွေအတွက် အကူအညီတွေဆက်လိုအပ်နေတာပါ။

ဒါကြောင့် ငလျင်ဒဏ်သင့်ပြည်သူတွေကိုပြန်လည်ထူထောင်ရေးအပါအဝင် ထိရောက်တဲ့ အကူအညီတွေပေးနိုင်ဖို့အတွက် မြန်မာကိုလူသားချင်းစာနာမှုအကူအညီတွေကို အာရုံစိုက် ဆက်ကူညီပေးဖို့ IFRC က အောက်တိုဘာ ၁၀ ရက်မှာ တိုက်တွန်းပါတယ်။

မတ် ၂၈ ရက် ငလျင်ကြီးလှုပ်ခတ်ပြီးကတည်းက IFRC ဟာ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) နဲ့ ပူးပေါင်းကာ ငလျင်သင့်မြို့နယ် ၃၀ က ဒေသခံ ၂၀၀,၀၀၀ ကျော်အတွက် အကူအညီပေးခဲ့ပါ တယ်။

စစ်ကိုင်းဒေသမှာဆိုရင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) က ငလျင်ဒဏ်သင့်ပြည်သူတွေ အတွက် နှစ်ပတ်တခါ ရွေ့လျားဆေးခန်း ဖွင့်လှစ်ပေးနေပါတယ်။

မကူးစက်နိုင်တဲ့ရောဂါတွေအတွက် ဆေးခန်းလာပြနေဆဲလူနာတွေရှိနေတာကို ကြည့်ခြင်းအားဖြင့်လည်း လူထုကျန်းမာရေး ဝန်ဆောင်မှုတွေဆက်ပေးဖို့လိုအပ်နေကြောင်း ပြသနေတယ်လို့ IFRC က ဖော်ပြထားပါတယ်။

"ငလျင်ဒဏ်သင့်ပြည်သူတွေမကြာခဏပြောတဲ့ သူတို့အတွက် အရေးကြီးဆုံးလိုအပ်ချက်ကတော့ ပျက်စီးသွားတဲ့သူတို့အိမ်တွေကိုပြန်လည်တည်ဆောက်ဖို့ပဲဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်သူ တွေခံစားနေရတဲ့ရောဂါတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးလိုအပ်ချက်ရှိနေတယ်။ သူတို့မိသားစုတွေနဲ့ ကိုယ်တိုင်အတွက် လုံခြုံစိတ်ချရတဲ့နေထိုင်မှုဘဝနဲ့ ပညာရေးတွေရဖို့အတွက် လိုအပ်နေဆဲ" လို့ IFRC ရဲ့ အကြီးတန်းအရာရှိ မစ္စတာ ဇာဗီးယား ကက်စတယ်လာနိုစ် က ပြောပါတယ်။

ငလျင်ပြန်လည်ထူထောင်ရေးအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေရှိနေပေမဲ့ ပျက်စီးမှုကကြီးမားလွန်းပြီး အရေးပေါ် အကူအညီတွေကဆက်လိုနေဆဲဖြစ်ပြီး မိသားစုတော်တော်များများဟာ အပျက်အစီးတွေကြား ဒါမှမဟုတ် မလုံခြုံတဲ့ယာယီနေရာတွေမှာ နေထိုင်နေရဆဲလို့ IFRC က ထောက်ပြပါတယ်။

မြန်မာ့ငလျင်ကြီးကြောင့် လူဦးရေ ၃,၇၀၀ နီးပါးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ ၅၀၂၀ နဲ့ ပျောက်ဆုံးသူ ၁၄၁ ဦးရှိတယ်လို့ စစ်ကော်မရှင်ရဲ့စာရင်းအရသိရပါတယ်။