ထိုင်းက ဖမ်းဝရမ်းထုတ်တဲ့ သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်

ထိုင်းစုံစမ်းရေးအဖွဲ့ ဖမ်းဝရမ်းထုတ်ခံရတဲ့ သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်

ဓာတ်ပုံ ရင်းမြစ်, Sanga Kangval

ဓာတ်ပုံ ပုံစာ, ထိုင်းစုံစမ်းရေးအဖွဲ့ ဖမ်းဝရမ်းထုတ်ခံရတဲ့ သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်

ထပ်မံဖြည့်စွက်ချက် - ထိုင်းဖမ်းဝရမ်းထုတ်ထားတဲ့ ဦးကျော်လွင်ကို စစ်ကောင်စီရဲ့ ကော့သောင်းခရိုင်တရားရုံးကနေ ဖေဖော်ဝါရီ ၇ ရက်နေ့က ထပ်ပြီးဖမ်းဝရမ်းထုတ်လိုက်တယ်လို့ သိရပါတယ်။

ဦးကျော်လွင်ဟာ တရားမဝင်အွန်လိုင်းလောင်းကစားလုပ်တာ၊ ဒီလောင်းကစားလုပ်ငန်းတွေကရတဲ့ငွေကြေးတွေနဲ့ ပစ္စည်းတွေကို အသွင်ပြောင်းလဲ ဖုံးကွယ်ခဲ့တာကြောင့် အခုလို ထပ်ဆင့်ထုတ်တာလို့ ပြောပါတယ်။

“မစ္စတာ ဆန်ဂါ ... အပြစ်မရှိဘူးလို့ယုံကြည်ရင် ပြန်လာပြီး အမှုကိုရင်ဆိုင်ပါ”

ထိုင်းအထူးစုံစမ်းရေးဌာန DSI ကနေ စစ်ဆေးဖော်ထုတ်နေတဲ့ Ko Fuk ဆိုတဲ့ နာမည်နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ အဓိကလုပ်ငန်းဦးဆောင်သူကို လာရောက်တရားရင်ဆိုင်ဖို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ရဲမှူး မစ္စတာ ယွက်ထန (Yutthana Praedam) က ပြောတဲ့စကားဖြစ်ပါတယ်။

လောင်စာဆီတင်သွင်းမှုမှာအခွန်တိမ်းရှောင်တဲ့ ငွေကြေးခဝါချမှုအပါအဝင် အွန်လိုင်းလောင်းကစား၊ ကွန်ပျူတာအသုံးပြုလုပ်ကိုင်တဲ့ ရာဇဝတ်မှုစတဲ့ ထိုင်းဥပဒေပုဒ်မ ၄ ခုထက်မနည်းနဲ့ ဖမ်းဝရမ်းထုတ်ခံရတဲ့ မစ္စတာ ဆန်ဂါ (Sanga Kangval) ဟာ ထွက်ပြေးလွတ်မြောက်နေတယ်လို့ DSI ခေတ္တညွှန်ကြားရေးမှူးချုပ် မစ္စတာယွက်ထန က ဖေဖော်ဝါရီ ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောလိုက်တာပါ။

ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးဖို့ကြိုးစားနေတဲ့ မစ္စတာ ဆန်ဂါ ဆိုသူဟာ ထိုင်းနိုင်ငံသားအဖြစ်လည်းခံယူထားသလို မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ မသိသူရှားပါးတဲ့ ဦးကျော်လွင် အမည်ရ စီးပွားရေးလုပ်ငန်းရှင်ပဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကစတဲ့ ထိုင်းအထူးစုံစမ်းရေးဌာနရဲ့ စုံစမ်းဖော်ထုတ်ချက်အရ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်သူ ၁၈ ဦးကို ဖမ်းဝရမ်းထုတ်ထားပြီး ၇ ဦးဖမ်းဆီးရမိထားကာ ၁၁ ဦး ထွက်ပြေးလွတ်မြောက်နေပါတယ်။

လွတ်မြောက်နေသူတွေထဲ ဦးကျော်လွင် ဟာ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး အမှုလာရင်မဆိုင်ရင် ပိုင်ဆိုင်မှုတွေသိမ်းမယ်လို့ ထိုင်းအာဏာပိုင်တွေက အတိအလင်းကြေညာထားပါပြီ။

ဦးကျော်လွင် တဖြစ်လည်း ခွန်ဆန်ဂါ

ဦးကျော်လွင် တဖြစ်လည်း ခွန်ဆန်ဂါ

ဓာတ်ပုံ ရင်းမြစ်, Grand Andaman Hotel

ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ်က အလှူတစ်ခုမှာတွေ့မြင်ရတဲ့ ဦးကျော်လွင် (အကျီနက်ပြာရောင်ဝတ်ဆင်ထားသူ)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လောင်စာဆီတင်သွင်းဖြန့်ဖြူးရေးလုပ်ငန်း၊ ရေခဲစက်လုပ်ငန်းတွေသာမက ဟိုတယ်ခရီးသွားလုပ်ငန်းတွေနဲ့ပါ ထင်ပေါ်ကျော်ကြားတဲ့ ဦးကျော်လွင် ဟာ အသက် ၆၀ ကျော်အရွယ် လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အလှူအတန်းလည်းရက်ရောတဲ့သူလို့ ရနောင်းရောက်မြန်မာတွေဆီက သိရပါတယ်။

“ရနောင်းက မြန်မာအများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမှာ ဓမ္မာရုံဆောက်ဖို့ သူပဲဦးဆောင်ပြီး ဘတ် ၆ သိန်းခွဲလှူထားတာ၊ ရနောင်းရပ်ကွက်တွေမှာ သူပိုင်တဲ့အိမ် မရှိတဲ့ရပ်ကွက်မရှိဘူး” လို့ ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးက ပြောပြပါတယ်။

ဦးကျော်လွင်ဟာ ရနောင်းမြို့မှာ အချိန်အများစုနေထိုင်လေ့ရှိတတ်သူလို့သိရပြီး သူ့အကြောင်းအသေးစိတ်သိရှိနိုင်ဖို့ ဘီဘီစီက ကြိုးစားပေမဲ့ ဒေသခံအချို့က ဖြေကြားဖို့ငြင်းဆိုခဲ့ကြပါတယ်။

“၁၉၉၀ ပြည့်နှစ်တွေကတည်းက ကော့သောင်းရဲ့ လောင်စာဆီဈေးကွက်ကို ဦးကျော်လွင်နဲ့ သူ့မိသားစုဝင် တွေပဲ ချုပ်ကိုင်ထားတာပဲ။ ဒီတော့ တစ်မြို့လုံးမှာ မသိသူမရှိသလို လက်တံခြေတံရှည်ကြသူတွေဖြစ်လို့ အကုန်လုံးက လန့်ကြတယ်” လို့ ဦးကျော်လွင်အကြောင်းထုတ်ဖော်ရေးသားခဲ့တဲ့ ဒေသအခြေစိုက်မီဒီယာ Dawei Watch အယ်ဒီတာတစ်ဦးက ပြောပြပါတယ်။

မြန်မာပြည်ဖွား ထိုင်းမျိုးနွယ်တစ်ဦးဖြစ်တဲ့ ဦးကျော်လွင်ဟာ ၂၀၁၄ ခုနှစ်တုန်းက ကော့သောင်းမြို့ ရွှေပြည်သာနဲ့ အေးရိပ်ငြိမ်ရပ်ကွက်ကြားမှာ သန်းဖြိုးသူ ကုမ္ပဏီလီမိတက်အမည်နဲ့ လျှပ်စစ်မီးထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းလုပ်ခွင့်ရခဲ့ပေမဲ့ ဒေသခံအချို့ကန့်ကွက်ဆန္ဒပြတာနဲ့ကြုံခဲ့ရတယ်လို့ Dawei Watch ရဲ့ သတင်းအရ သိရပါတယ်။

သူဌေးကျွန်းပေါ်က ဦးကျော်လွင်ပိုင်ဆိုင်တဲ့ ဟိုတယ်

ဓာတ်ပုံ ရင်းမြစ်, Grand Andaman Hotel

ဓာတ်ပုံ ပုံစာ, သူဌေးကျွန်းပေါ်က ဦးကျော်လွင်ပိုင်ဆိုင်တဲ့ ဟိုတယ်

ဘီဘီစီရဲ့ စုံစမ်းမေးမြန်းကြည့်ချက်အရလည်း မြန်မာ - ထိုင်းနယ်စပ်မြို့တွေဖြစ်တဲ့ ကော့သောင်း နဲ့ ရနောင်း မြို့တွေက ဒေသခံတွေအပေါ် သြဇာလွှမ်းမိုးမှုရှိတဲ့ ဦးကျော်လွင်ဟာ အက်ဒမန်ပင်လယ် (ကပ္ပလီပင်လယ်ပြင်)ထဲက မြန်မာပိုင် သူဌေးကျွန်းပေါ်မှာ တစ်ခုတည်းသော ကြယ်ငါးပွင့်အဆင့်မြင့်ဟိုတယ်ဖွင့်လှစ်ထားသူဖြစ်ပါတယ်။

သူဌေးကျွန်းကို မြန်မာနိုင်ငံအစိုးရက ထိုင်းနိုင်ငံအခြေစိုက် VSE Group ကို ခရီးသွားလုပ်ငန်းအတွက် နှစ်ရှည်ငှားရမ်းထားပြီး ကျွန်းပေါ်မှာ ဂရင်းအန်ဒမန်ဟိုတယ်ကို ဖွင့်လှစ်ထားသလို ကာစီနိုရုံလည်း တရားဝင်ဖွင့်လှစ်ထားပါတယ်။

ဂရင်းအန်ဒမန်ဟိုတယ်ကို ထိုင်းကရော မြန်မာကနေပါ ဝင်ရောက်နိုင်ပြီး ဟိုတယ်က ရေယာဉ်တွေစီစဉ်ပေးသလို လူဝင်မှုကြီးကြပ်ရေးအတွက် နိုင်ငံခြားသားတွေလိုအပ်မယ့် စာရွက်စာတမ်း ဆောင်ရွက်တာကိုပါ ဟိုတယ်ကနေ ဝန်ဆောင်မှုပေးတာပါ။

“မြန်မာအာဏာပိုင်တွေတင်မဟုတ်ဘူး၊ သူက ထိုင်း လဝက (လူဝင်မှုကြီးကြပ်ရေး) တွေနဲ့လည်း ရင်းနှီးတယ်။ ရနောင်းဂိတ်မှာ စာရွက်စာတမ်းလုပ်ပြီးတော့ကို ကျွန်းပေါ်သွားနိုင်ဖို့အကုန်လုပ်ထားတာ” လို့ ရနောင်းရောက် မြန်မာနိုင်ငံသားက ဆက်ပြောပြပါတယ်။

နှစ်ဖက်နိုင်ငံအာဏာပိုင်တွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ ဦးကျော်လွင်ဟာ အခုတော့ Ko Fuk အမည်ရ အွန်လိုင်းလောင်းကစားလုပ်ငန်းမှာ ဦးဆောင်သူအဖြစ် ထိုင်းအထူးစုံစမ်းရေးဌာန DSI ရဲ့ အလိုရှိသူတစ်ဦး ဖြစ်လာခဲ့ပါပြီ။

ဂရင်းအန်ဒမန်ဟိုတယ်ကို ထိုင်းရော မြန်မာကနေပါဝင်ရောက်နိုင်ပြီး ဟိုတယ်က ရေယာဉ်တွေနဲ့ စီစဉ်ပေး

ဓာတ်ပုံ ရင်းမြစ်, Grand Andaman Hotel

ဓာတ်ပုံ ပုံစာ, ဂရင်းအန်ဒမန်ဟိုတယ်ကို ထိုင်းရော မြန်မာကနေပါဝင်ရောက်နိုင်ပြီး ဟိုတယ်က ရေယာဉ်တွေနဲ့ စီစဉ်ပေး

Ko Fuk လုပ်ငန်းနဲ့ ပတ်သက်လို့ ထိုင်း ဘာတွေဖော်ထုတ်ထားလဲ

Ko Fuk လို့ခေါ်တဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းဟာ ထိုင်းအစိုးရတရားဝင်ဖွင့်လှစ်တဲ့ ထီ ပေါက်မဲနံပါတ်တွေရဲ့ နောက်ဆုံးကိန်းဂဏန်းနှစ်လုံးကို ခန့်မှန်းကစားရတာဖြစ်ပြီး Ruamruay Hundred Million၊ Noppakao၊ Nagarat၊ Chob Lottery၊ Lotto MM၊ DNA၊ Ye Ye စတဲ့ နာမည်တွေနဲ့ ဝက်ဘ်ဆိုက် စာမျက်နှာတွေဖွင့်လှစ်ထားတပါတယ်။

ထိုင်းအထူးစုံစမ်းရေးဌာန DSI က ဒီအွန်လိုင်းလောင်းကစားဂိမ်းကွန်ရက်ကို စုံစမ်းဖော်ထုတ်ပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ ရနောင်းနဲ့ ဘန်ကောက်မြို့တွေပေါ်က ၂၇ နေရာကို ဝင်ရောက်ရှာဖွေပြီး လူပုဂ္ဂိုလ် ၁၈ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနေရာတွေကနေ ထိုင်းငွေ ဘတ်သန်းချီတန်ကြေးရှိတဲ့‌ တန်ဖိုးကြီးပစ္စည်းတွေလည်း သိမ်းဆည်းရမိပြီး အထူးသဖြင့် ဦးကျော်လွင်ရဲ့ နေအိမ်တစ်ခုတည်းကနေ ထိုင်းဘတ်ငွေ ၅၅ သန်း ကို ငွေသားသီးသန့်ချည်း သိမ်းဆည်းရမိခဲ့တဲ့အကြောင်း ဖေဖော်ဝါရီ ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ရဲမှူး မစ္စတာ ယွက်ထန (Yutthana Praedam) က ထုတ်ပြောခဲ့ပါတယ်။

Ko Fuk လုပ်ငန်းနဲ့ ပတ်သက်လို့ ထိုင်း ဘာတွေဖော်ထုတ်ထားလဲ

ဓာတ်ပုံ ရင်းမြစ်, DSI

ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီ ၅ ရက် ထိုင်းအထူးစုံစမ်းရေးဌာန DSI သတင်းစာရှင်းလင်းပွဲမြင်ကွင်း

အခုလို ထိုင်းရဲတပ်ဖွဲ့ရဲ့ ရှာဖွေမှုတွေအပြီး ဦးကျော်လွင်ရဲ့ သူဌေးကျွန်းပေါ်က ဂရင်းအန်ဒမန်ဟိုတယ် ဝန်ထမ်းတွေကို မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စစ်ဆေးတယ်လို့ သတင်းတွေထွက်ပေါ်နေ တာကြောင့် ဘီဘီစီက ဟိုတယ်ကိုဆက်သွယ်မေးမြန်းပေမဲ့ “သက်ဆိုင်ရာလူကြီးတွေမရှိလို့ ဖြေကြားခွင့် မရှိပါဘူး” လို့သာ တုံ့ပြန်ဖြေပါတယ်။

“ထိုင်းကလိုချင်နေတဲ့ ဦးကျော်လွင်ဆိုရင် မြန်မာဘက်ဝင်ရင် မြန်မာနိုင်ငံသားဖြစ်သွားတာလေ။ အခုတော့ မြန်မာထဲပြန်ဝင်တယ်လည်းပြောတယ်၊ ပြင်သစ်ပြေးပြီးလည်းပြောကြနဲ့ သတင်းအစုံထွက်နေတာပဲ” လို့ ရနောင်းရောက်မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံတည်ဆဲဥပဒေအရ “နှစ်နိုင်ငံသား” ခံယူခွင့်မပြုထားတဲ့အခြေအနေအပါအဝင် ထိုင်းအထူး စုံစမ်းရေးဌာန DSI က အလိုရှိနေသူနဲ့ပတ်သက်လို့ မြန်မာစစ်တပ်က ပူးပေါင်းရှာဖွေနေမှုရှိ၊ မရှိကိုတော့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်က ဖေဖော်ဝါရီ ၅ ရက် ညပိုင်းအထိ အတိအလင်းထုတ်ပြောလာတာမျိုးမရှိသေးပါဘူး။

ဒါပေမဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ထိုင်းစစ်တပ် ထိပ်ပိုင်းအရာရှိတွေနဲ့ အခုနှစ် အစောပိုင်းကစလို့ ခပ်စိပ်စိပ်တွေ့ဆုံပြီး ထိုင်း - မြန်မာနယ်စပ်တကြောမှာရှိတဲ့ အွန်လိုင်းငွေလိမ် လုပ်ငန်း (ကျားဖြန့်) တွေကို ပူးပေါင်းနှိမ်နင်းမယ်လို့ ထုတ်ပြောထားပါတယ်။