ရနောင်း လဝက ထိန်းသိမ်းရေးစခန်းထဲက မြန်မာရာချီဆန္ဒပြမှု ဘာဆက်ဖြစ်နေလဲ

ဆန္ဒဖော်ထုတ်မှုဖြစ်ချိန် မြင်တွေ့ရတဲ့ ယာယီထိန်းသိမ်းရေးစခန်းအတွင်းက မြန်မာအမျိုးသားတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, screengrab

ဓာတ်ပုံ ပုံစာ, ဆန္ဒဖော်ထုတ်မှုဖြစ်ချိန် မြင်တွေ့ရတဲ့ ယာယီထိန်းသိမ်းရေးစခန်းအတွင်းက မြန်မာအမျိုးသားတစ်ဦး

ထိုင်းနိုင်ငံ၊ ရနောင်းမြို့က လူဝင်မှုကြီးကြပ်ရေးစခန်းထဲမှာ ထိန်းသိမ်းခံထားရတဲ့ ရာနဲ့ချီတဲ့မြန်မာတွေဟာ မြန်မာပြည်ကို မြန်မြန်ပြန်ပို့ခံရရေး ဇန်နဝါရီလ ၂ ရက်တုန်းက တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီထိန်းသိမ်းရေးစခန်းမှာ ထိုင်းကို တရားမဝင် ဝင်ရောက်လာပြီးနောက် လဝက ဥဒေနဲ့ဖမ်းဆီး အရေးယူခံရပြီးသားသူတွေ ၊ တခြား ပြစ်မှုပြစ်ဒဏ်ကျခံရပြီးတဲ့နောက်မှာ မြန်မာကို ပြန်လွှဲပြောင်းခံဖို့ စောင့်ဆိုင်းနေရသူတွေကို ထိန်းသိမ်းထားတဲ့နေရာဖြစ်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းကမြို့တွေမှာ ပြစ်ဒဏ်အမျိုးမျိုးနဲ့ အဖမ်းအဆီးခံရတဲ့မြန်မာတွေ လွတ်ရက်စေ့တဲ့အခါ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ဖို့ ရနောင်းလူဝင်မှု ကြီးကြပ်ရေးရဲ့ ယာယီထိန်းသိမ်းရေးစခန်းမှာထားတာဖြစ်ပါတယ်။

‘‘သူတို့တွေက မြန်မာပြည်က ပြန်ခေါ်ဖို့ စောင့်နေကြသူတွေ။ တချို့က ပြစ်ဒဏ်လည်း ကျခံပြီးပြီ။ မြန်မာပြည်ပြန်ရဖို့ အဲဒီမှာ အချုပ်သားလို စောင့်ဆိုင်းနေရတာ တချို့ဆို ၃ လ၊ ၄ လလောက်ရှိနေပြီဆိုတော့ အခုလိုတောင်းဆိုကြတာ ''

‘‘တဖက်မှာကြည့်ရင်လည်း ထိုင်းဥပဒေအရ ပြစ်ဒဏ်ကျခံပြီးရင် ၂၄ နာရီအထိ လူတစ်ယောက်ကို ထိန်းသိမ်းထားလို့မရတဲ့သတ်မှတ်ချက်ရှိနေတော့ ဒီအခြေအနေက သူတို့တွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာဖြစ်တယ်။’’ လို့ ရနောင်းက အလုပ်သမားတွေအရေးအကူအညီပေးနေသူတစ်ဦးကပြောပါတယ်။

ပြစ်ဒဏ်ကာလစေ့တဲ့တိုင်အောင် အဲဒီစခန်းတွေထဲမှာ လနဲ့ချီနေနေရတာကြောင့် “နှစ်သစ်ကူးမှာ မြန်မာနိုင်ငံကိုပြန်ပို့ပေးပါ” ဆိုတဲ့စာတန်းကိုကိုင်ပြီး မြန်မာနိုင်ငံသား ၂၀၀ ကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ထိန်းသိမ်းရေးစခန်းတွင်းမှာ အခုလိုဆန္ဒပြပြီး ရုန်းရင်းဆန်ခတ် ဖြစ်သွားတဲ့အတွက် အခင်းဖြစ်ပွားရာ ရနောင်းလ၀က အချုပ်စခန်းကို ထိုင်းစစ်တပ်နဲ့ရဲ အင်အား ဆယ်ချီက ဝိုင်းဝန်းတားဆီးခဲ့ပါတယ်။

ထိန်းသိမ်းရေးစခန်း အထပ်မြင့် အဆောက်အအုံ

ဓာတ်ပုံ ရင်းမြစ်, screengrab

ဓာတ်ပုံ ပုံစာ, ထိန်းသိမ်းရေးစခန်း အထပ်မြင့် အဆောက်အအုံ

“ဆန္ဒပြနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အာဏာပိုင်တွေနဲ့ ဆွေး‌နွေးဖို့ပြောချင်ပါတယ်။ ကျွန်တော်တို့က အင်အားသုံးပြီးဖြိုခွင်းမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ သော့ပါတယ်။ တံခါးကိုလည်း ရိုက်ဖွင့်လို့ရပါတယ်။ ဒါပေမဲ့ တောင်းဆိုတာတွေကို အတတ်နိုင်ဆုံးလိုက်လျောမှာမို့လို့ တံခါးဖွင့်ပေးပါ။ မဖွင့်ပေးဘူးဆိုရင်တော့ အင်အားသုံးရပါမယ်’’ လို့ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ထိုင်းဘာသာနဲ့ ပြောဆိုနေတာကိုလည်း လူမှုကွန်ရက်ပေါ် တက်လာတဲ့ရုပ်သံတွေမှာတွေ့ရပါတယ်။

ဆန္ဒထုတ်ဖော်တဲ့ အစောပိုင်းအချိန်တုန်းကတော့ ထိုင်းအာဏာပိုင်တွေဘက်က မြန်မာတွေဆန္ဒပြနေတဲ့အထပ်ကတံခါးနဲ့ သံတိုင်တွေကို ဖျက်၀င်ဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဆန္ဒပြ ခေါင်းဆောင်တဲ့ မြန်မာ ၆ ဦး ကို ရွေးထုတ်ပြီး ညှိနှိုင်းရာမှာ ပြေလည်သွားခဲ့တယ်လို့ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဆန္ဒပြတောင်းဆိုမှုကို အကြမ်းဖက်ကိုင်တွယ်တာမရှိခဲ့ပေမဲ့ ရဲနဲ့စစ်သားလုံခြုံရေးဆယ်ချီ စောင့်ကြပ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, screengrab

ဓာတ်ပုံ ပုံစာ, ဆန္ဒပြတောင်းဆိုမှုကို အကြမ်းဖက်ကိုင်တွယ်တာမရှိခဲ့ပေမဲ့ ရဲနဲ့စစ်သားလုံခြုံရေးဆယ်ချီ စောင့်ကြပ်ခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဆန္ဒပြသူတွေဟာ အမျိုးသား ၂၁၀ ယောက်နဲ့ အမျိုးသမီး ၄၈ ယောက်ဖြစ်ပြီး သူတို့က မြန်မာပြည်ကို နှစ်သစ်ကူးမှာ ပြန်ပို့ပေးဖို့ အစာငတ်ခံ တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အဲဒီစခန်းမှာ ယာယီထိန်းသိမ်းခံရသူ ၆ ဦးက ဦးဆောင်ပြီး နှစ်သစ်ကူးအခါသမယအနေနဲ့ သူတို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီတောင်းဆိုချက်အတွက် ထိုင်းအာဏာပိုင်တွေအပါအဝင် ရနောင်းမြို့က မြန်မာအလုပ်သမားသံအရာရှိလည်း တောင်းဆိုသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာကြောင့် ဇန်နဝါရီ ၂ ရက်မှာ ဆန္ဒပြမှု အဆုံးသတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစခန်းက ထိန်းသိမ်းခံ မြန်မာတွေအရေးသိရှိသူတွေကတော့ ထိုင်းအာဏာပိုင်တွေဟာ မြန်မာတွေကို နေရပ်ပြန်ပို့ဖို့ စစ်ကောင်စီဘက်ကို စာရင်းနဲ့တကွ ပုံမှန်ပေးပို့နေပေမဲ့ မြန်မာဘက်က ပြန်ခေါ်ယူမှုအပိုင်းမှာ ကြန့်ကြာနေတာလို့ ဘီဘီစီကိုပြောပါတယ်။

‘‘လူစာရင်းကို ထိုင်းဘက်က မြန်မာသံအရာရှိရုံးကို ပို့တယ်။ သံအရာရှိရုံးက နေပြည်တော် ကာကွယ်ရေး ဘက်ကို ပို့တယ်။ ကာကွယ်ရေးဘက်ကနေတဆင့် စိစစ်ပြီး ကော့သောင်းခရိုင်ဘက်ကို ပြန်ပို့တာ။ မြန်မာ ဘက်က အဲဒီလို အဆင့်ဆင့်လုပ်တဲ့နေရာမှာ တချို့ဆိုရင် ပေးပို့တဲ့နံပါတ်စဥ်အရ ပြန်ခေါ်တဲ့အထဲမှာ ပါရမှာဖြစ်ပေမဲ့ စခန်းထဲ လနဲ့ချီနေနေရသူက မပါဘဲ နောက်မှရောက်လာသူက အရင်ပြန်ခေါ်ခံရတဲ့ ဖြစ်စဥ်တွေလည်း ရှိတယ်။ အခုဆန္ဒပြတာက အဲဒီလိုဖြစ်ရပ်တွေလည်းပါလို့လေ’’ လို့ ရနောင်းက မြန်မာလုပ်သားတွေအရေး အကူအညီပေးနေသူတစ်ဦးက ဘီဘီစီကို ‌ပြောပြပါတယ်။

လဝကစခန်းတွေထဲမှာ လူအရေအတွက်အဆမတန်များနေလို့ နေထိုင်ရေးမှာ ကျပ်တည်းပြီး အဆင်မပြေသလို အစားအသောက်နဲ့ ရေပြဿနာတွေလည်း ရင်ဆိုင်နေကြရတယ်လို့ဆိုပါတယ်။

အရင်က ဒီလိုလွတ်ရက်စေ့တဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာဘက်က အလုံးအရင်းနဲ့ လက်ခံပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တစ်လကို လူအများဆုံး တစ်ရာကျော်သာ လက်ခံတာကြောင့် အခုလို လူရာချီ ထောင်တွေထဲ ရှိနေကြတာလို့ သိရပါတယ်။

ရနောင်းက ဒီစခန်းမှာ ယာယီထိန်းသိမ်းခံခဲ့ရသူတွေဟာ ပြီးခဲ့တဲ့နှစ်၊ ဇန်နဝါရီလတုန်းကလည်း နေရပ်အမြန် ပြန်ပို့ပေးရေးကို ဆန္ဒပြကြွေးကြော်တောင်းဆိုတဲ့ဖြစ်စဥ်လည်း ရှိခဲ့ဖူးပါတယ်။

လက်ရှိမှာ ထိုင်းနဲ့မြန်မာ နှစ်ဖက်အာဏာပိုင်တွေပူးပေါင်းပြီး ရနောင်းတစ်ဖက်ကမ်း ကော့သောင်းမြို့ဆီကို အဲဒီထိန်းသိမ်းရေးစခန်းထဲက မြန်မာအယောက် ၁၀၀ နဲ့ ၂၀၀ ကြားကို တစ်လကို နှစ်ကြိမ် နေရပ်ပြန်ပို့နေတာဖြစ်ပါတယ်။

မြန်မာတွေ အခုလိုဆန္ဒပြတောင်းဆိုတာနဲ့ပတ်သက်ပြီး ဘီဘီစီက ရနောင်းမှာရှိတဲ့မြန်မာအလုပ်သမားသံအရာရှိဆီ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖြေဆိုဖို့ ငြင်းဆိုပါတယ်။

ထိုင်းအရာရှိတွေကတော့ ဒီလူတွေကို ပြန်ပို့ရေးလုပ်ငန်းစဥ်ပိုမိုမြန်ဆန်အောင် ရနောင်းမှာရှိတဲ့ မြန်မာအလုပ်သမားသံရုံးနဲ့ ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ ထိုင်းသတင်းဌာနတွေကို ပြောဆိုထားပါတယ်။ ဒါကြောင့် အခုတောင်းဆိုကြသူတွေနေရပ်ပြန်ရေးဟာ လာမယ့် သီတင်းပတ်တွေအတွင်း တဖြည်းဖြည်းပြန်ရမယ်လို့ မျှော်လင့်ရပါတယ်။