ကြံ့ခိုင်ရေးပါတီ မှတ်ပုံတင်ကျ၊ တခြားပါတီတွေ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီရဲ့ နိုင်ငံရေး ပါတီ မှတ်ပုံတင် ဥပဒေသစ်အရ ပါတီပေါင်း ၆၃ ပါတီ မှတ်ပုံတင်ကြရာမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကို နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုပြီး မှတ်ပုံတင် ချမှတ် ပေးလိုက်ပါတယ်။
အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးတွေ ဦးဆောင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဟာ ၂၀၂၃ ခုနှစ် ဧပြီ ၂၀ ရက် မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ရဲ့ ပါတီမှတ်ပုံတင်ခွင့်ပြုချက်ကို ပထမဆုံးရတဲ့ ပါတီဖြစ်လာပါတယ်။
UEC ဥက္ကဋ္ဌ ဦးသိန်းစိုး ကိုယ်တိုင် နေပြည်တော်က ကြံ့ခိုင်ရေး ပါတီ ဌာနချုပ် ရုံးကို မနေ့က သွားရောက် စစ်ဆေးခဲ့ပြီးနောက် ပါတီ မှတ်ပုံတင်ကျပြီ ဆိုတဲ့ သတင်း ဒီနေ့ သောကြာနေ့မှာ ထွက်လာပါတယ်။
ဇန်နဝါရီလတွင်းမှာ ထုတ်ပြန်တဲ့ နိုင်ငံရေး ပါတီ မှတ်ပုံတင် ဥပဒေသစ်အရ တည်ဆဲ နိုင်ငံရေးပါတီတွေကို ရက်ပေါင်း ၆၀ အတွင်း (မတ်လ ၂၇ ရက်နေ့ နောက်ဆုံး) မှတ်ပုံတင် ပြန်တင်ကြဖို့ ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြား ခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နဲ့ တခြားပါတီ တွေ စုစုပေါင်း နိုင်ငံရေး ပါတီ ၄၀ ကိုတော့ မှတ်ပုံပြန်မတင်လို့ ဆိုကာ UEC က မတ်လ ၂၈ ရက်နေ့က ဖျက်သိမ်းခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ခေါ်မှုကို ရွှေ့ဆိုင်းထားရတဲ့ ပါတီတွေ
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP)၊ ရခိုင် အမျိုးသား ပါတီ(ANP)၊ ရခိုင့် ဦးဆောင်ပါတီ နဲ့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ ကို တရုတ်ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒီပါတီတွေထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က တော့ သူတို့ ပါတီ မှတ်ပုံပြန်မတင်ဘူးလို့ သဘောထား ထုတ်ပြန်ထားပါတယ်။
ဖိတ်ကြားခံရတဲ့ ပါတီတွေထဲက တခုဖြစ်တဲ့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က “တပါတီကို ၃ ယောက်ကျစီ၊ အသက် ၄၀ အောက် ၂ ဦး၊ ၄၀ အထက် ၁ ဦးပေါ့ဗျာ၊ စသဖြင့် အဲဒီလို တရုတ်ပြည်ဘက်ကို ၁၀ ရက် ခရီးထွက်ဖို့ ရှိတယ်။ အဲဒါက နောက်ပြန်ဆုတ်လိုက်ပါတယ်။ အဲဒါကလည်း ရွေးကောက်ပွဲ ကော်မရှင်ဘက်က ဒီပါတီတွေဟာ တရားဝင် ဖြစ်အောင် လျှောက်ထားဆဲ ဖြစ်တယ်၊ ခွင့်မပြုရ သေးဘူး၊ အဲဒါနဲ့ တရုတ်ပြည် ခရီးစဉ်ကို နောက်ဆုတ်ပေးပါ ဆိုတာ သံရုံးက တဆင့် ကျွန်တော်တို့ ကြားရပါတယ်” လို့ ဘီဘီစီကို ပြောပါတယ်။
“NUG နဲ့ မပတ်သက်ရ”

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဥပဒေသစ်အရသာ ပါတီမှတ်ပုံတင်ပြန်လျှောက်ကြရပေမယ့် ပြန်လျှောက်တဲ့ ပါတီတွေက တည်ဆဲပါတီတွေဖြစ်တာမို့ စိစစ်မှုက သီတင်းပတ် အတော် ကြာမြင့် လာတဲ့အပေါ် ဝေဖန်တာတွေလည်း ရှိပါတယ်။
မှတ်ပုံတင်မကျလို့ တရားဝင်မဖြစ်သေးတာမို့ ပါတီခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတကာအဖွဲ့တွေနဲ့ တွေ့ခွင့်မရသေးတဲ့ အခြေအနေ ဖြစ်နေတယ်လို့လည်း ပါတီခေါင်းဆောင်တယောက်က ဘီဘီစီ ကို ပြောပါတယ်။
နိုင်ငံရေးပါတီတွေကို စိစစ်တဲ့အထဲမှာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နဲ့ မပတ်သက်ရဘူးဆိုတဲ့ ခံဝန်ကို ပြည်ထဲရေး ဌာနက အရာရှိတွေရှေ့မှာ ရေးထိုးရတာလည်း ပါဝင်တယ်လို့ နိုင်ငံရေး ပါတီ တွေက ပြောပါတယ်။
“ခံဝန်ချက်လက်မှတ် ပုံစံမျိုးပေါ့၊ ပါတီထူထောင်တဲ့ စီအီးစီ အကြီးပိုင်းတွေက ထိုးရတာလေ။ CRPH၊ NUG၊ PDF စတာတွေကို သူတို့က အကြမ်းဖက် အဖွဲ့အစည်း တွေလို့ သတ်မှတ်ထားတာ၊ ဥပဒေထဲမှာလည်း ပါတယ်လေ၊ အကြမ်းဖက်အဖွဲ့ အစည်းတွေနဲ့ ပါတီနဲ့ မပတ်သက်ရဘူးဆိုတာ ပါတယ်။ ခံဝန်ချက် ထိုးခိုင်းတယ်” လို့ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ဥက္ကဋ္ဌ ဦးမင်းမင်းထွန်း က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုက်နာတဲ့ နိုင်ငံရေးပါတီတွေကို စတင် မှတ်ပုံတင် ခွင့်ပြုနေပေမယ့် လက်ရှိ အခြေအနေအရ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့က ခက်ခဲနေဦးမယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်နေကြပါတယ်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း မြန်မာနိုင်ငံရဲ့ လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို အတိအကျ မကြေညာနိုင် သေးဘူးလို့ ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးပတ်က ပြောထားပါတယ်။
UEC ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ နိုင်ငံရေးပါတီ ဆက်လက် တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားပြီးတဲ့ ပါတီတွေထဲမှာ ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမယ့် ပါတီ ၁၃ ပါတီနဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တခုတွင်းသာ စည်းရုံးမယ့် ပါတီ ၅၀ ပါတီ ရှိကြောင်း သိရပါတယ်။
အဲဒီ ပါတီတွေကို သူတို့ အနေနဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ စစ်ဆေး နေကြောင်း သိရခဲ့ပြီး အခုတော့ ပါတီ တပါတီ မှတ်ပုံတင်ကျခဲ့ပါပြီ။








